ကချင်ပြည်နယ်၊ ဗန်းမော်အခြေစိုက် အမှတ် ၃၆၆ အမြောက်တပ်ရင်းကို မကြာသေးခင်ကပဲ ပူးပေါင်းတပ်တွေနဲ့အတူ သိမ်းပိုက်လိုက်ပြီးနောက်ဆက်တွဲ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ကပြောပါတယ်။ တိုက်ပွဲတွေ ပြင်းထန်လာတာနဲ့အမျှ ဗန်းမော်မြို့မှာ ထိခိုက်ပျက်စီးမှုတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ KIA နဲ့ မဟာမိတ်တပ်တွေက ထပ်မံ သိမ်းယူလိုက်ပြီး ကချင်ပြည်နယ်ဗန်းမော်မြို့ရဲ့ တိုက်ပွဲနောက်ဆုံးရသတင်းကို ရန်ကုန်က ပေးပို့ထားပါတယ်။
KIA နဲ့ မဟာမိတ်တပ်တွေဟာ ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော်ဖြစ်တဲ့ ဗန်းမော်မြို့ကို ထိုးစစ်ဆင် တိုက်ခိုက်နေတာ ၂လလောက်ကြာမြင့်လာနေပြီး ဒီရက်ပိုင်းမှာတော့ အမှတ် ၃၆၆ အမြောက်တပ်ရင်း (အမတ ၃၆၆)ကို သိမ်းယူခဲ့သလို တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတာပါ။ ဒီကနေ့မှာတော့ အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၂၁)ရဲ့ အဓိက လုံခြုံရေးတပ်ဖြစ်တဲ့ ခလရ ၂၃၆ မှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေကြောင်း KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီနော်ဘူက VOA ကို ပြောပါတယ်။
“ မနေ့ကတော့ အမတ ၃၆၆ ကိုတော့ မနေ့က ညနေပိုင်း ၄နာရီဝန်းကျင်လောက်မှ သိမ်းလိုက်တာ ဒါတော့ ရှိပါတယ်။ ဒီနေ့ကတော့ တိုက်ပွဲကတော့ ဆက်ဖြစ်နေပါတယ်။ ဟိုစကခ ၂၁ဘက်မှာ နည်းနည်းစုနေတာ။ အဲဒါကို ဝိုင်းပစ်နေတဲ့အနေအထားရှိပါတယ်။ ၂၃၆တပ်ရင်းပေါ့။ ၂၃၆ကတော့ စကခ ၂၁ ၂၁ရဲ့ အမာခံ လုံခြုံရေးတပ်ဖြစ်ပါတယ်။”
ဒေသတွင်းသတင်းမီဒီယာတွေမှာ အမှတ် ၂ စလျှပ်စစ်နဲ့ စက်မှုအင်ဂျင်နီယာတပ်ကိုပါ သိမ်းယူကြောင်း ဖော်ပြပေမဲ့ ဗိုလ်မှူးကြီးနော်ဘူကတော့ အတည်မပြုပါဘူး။
KIA ရှေ့တန်းတပ်ဖွဲ့ဝင်တွေနဲ့ နီးစပ်သူ တဦးကတော့ တနင်္ဂနွေနေ့ တိုက်ပွဲမှာ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိကြောင်းနဲ့ မကြာခင် ဗန်းမော်ကို သိမ်းယူမယ့်အခြေအနေ ရှိနေကြောင်း ပြောပါတယ်။
“ ဗန်းမော်က မနေ့ညနေတုံးက အမြောက်တပ် ၃၆၆ကို အပြီးသတ် သိမ်းပိုက်လိုက်ပြီပေါ့နော်။ လက်နက်ခဲယမ်းတွေလည်း အမြောက်အများ သိမ်းဆည်းရတာ ရှိတယ်။ ပြီးရင် အခု ကျန်နေတာက စကခ ၂၁ရယ်။ ၄၇ရယ်၊ တက္ကသိုလ်ရယ် နည်းနည်း ကျန်နေတာပေါ့။ အဲဒါကိုလည်း အပြီးသတ် ရှင်းလင်းရေး လုပ်နေပြီတဲ့။ အဲဒါဆိုတော့ ဗန်းမော်တမြို့လုံး မကြာခင်တော့ သိမ်းပိုက်ရရှိမယ့် အလားအလာရှိပါတယ်တဲ့။ ဗန်းမော်မြို့ မကျဖို့အတွက် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု တောက်လျောက်လုပ်နေတယ်ပေါ့နော်။ ပြီးရင် စစ်ကောင်စီတပ်စခန်းနဲ့ နီးတဲ့နေအိမ်တွေကို ဒရုန်းနဲ့ ဗုံးကြဲပြီး မီးရှို့တယ်။ ပြီးရင် လက်နက်ကြီးတွေနဲ့ တောက်လျောက် ပစ်ကူနေတယ်ပေါ့။ မြို့က တော်တော်များများ နေအိမ်တွေ ပျက်ဆီးတာပေါ့နော်။”
ဒီရက်ပိုင်းတွေမှာတော့ မြစ်ကြီးနားမြို့ အထက်ပိုင်း မြစ်ဆုံနဲ့ ပူတာအိုလမ်းမှာလည်း စစ်ကောင်စီဘက်က အင်အားတိုးမြှင့်လာတာတွေရှိသလို မြစ်ကြီးနား၊ ဝိုင်းမော်ဘက်မှာလည်း လက်နက်ကြီး ပစ်ခတ်သံတွေ ကြားနေရကြောင်း ပြောပါတယ်။
လက်ရှိ ဗန်းမော်ဒေသ တိုက်ပွဲသတင်းနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မတွေ့ ရပါဘူး။
ဗန်းမော်မြို့မှာ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) ၂၁ ၊ခလရ ၄၇၊ ၁၂၁၊ ၂၃၆၊ ၂၃၇ အပါ တပ်ရင်း ၄ ရင်း၊ အမြောက်တပ်၊ သံချပ်ကာတပ်၊ တင့်ကားတပ်အပြင် ဆက်သွယ်ရေးတပ်၊ ဆေးတပ်၊ အင်ဂျင်နီယာတပ်၊ စစ်မြေပြင် စစ်လက်နက်ပစ္စည်းတပ်၊ ထောက်ပံ့ရေးတပ်စတဲ့ လက်ရုံးတပ်ဖွဲ့တွေလည်း အခြေစိုက်ထား တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ လကုန်ပိုင်းကတော့ ဗန်းမော်လေဆိပ်အပါအဝင် အမှတ် ၇၀၀၆ သံချပ်ကာတပ် နဲ့စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့စခန်း စတာတွေ သိမ်းပိုက်ခဲ့ကြောင်း KIA က သတင်းထုတ်ပြန်ထားပါတယ်။
KIAနဲ့ မဟာမိတ်တပ်တွေဟာ ဒီဇင်ဘာလ ၄ရက်နေ့က စတင်ပြီး ဗန်းမော်နဲ့ မံစီမြို့တွေကို တပြိုင်တည်း ထိုးစစ်ဆင်ခဲ့တာဖြစ်ပါတယ်။ ဇန်နဝါရီလ ၈ရက်နေ့မှာတော့ ခမရ ၃၁၉၊ ၆၀၁နဲ့ အမှတ် ၅၂၃ အမြောက်တပ်တွေကို သိမ်းပိုက်ပြီး မံစီတမြို့လုံးကို သိမ်းယူခဲ့ပါတယ်။
Forum