သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗန်းမော်မြို့ အချက်အချာနေရာတွေ KIA နဲ့ ပူးပေါင်းတပ်တွေ ထိန်းချုပ်


လူမှုကွန်ယက်မီဒီယာတွေမှာ တွေ့ရတဲ့ ကချင်ပြည်နယ် ဗန်းမော်မြို့ ဗန်းမော်လေဆိပ်နောက်ခံ KIA နဲ့ ပူးပေါင်းတပ်ဖွဲ့ဝင်များ ဓါတ်ပုံ
လူမှုကွန်ယက်မီဒီယာတွေမှာ တွေ့ရတဲ့ ကချင်ပြည်နယ် ဗန်းမော်မြို့ ဗန်းမော်လေဆိပ်နောက်ခံ KIA နဲ့ ပူးပေါင်းတပ်ဖွဲ့ဝင်များ ဓါတ်ပုံ

ကချင်ပြည်နယ် ဗန်းမော်မြို့မှာ စစ်ကောင်စီ တပ်စခန်း အများအပြားကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA နဲ့ပူးပေါင်းတပ်တွေက ထိန်းချုပ်လိုက်ကြောင်း တာဝန်ရှိသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲကာလ ရက်ပေါင်း ၅၀ ကျော်ကြာလာခဲ့တဲ့ နောက် ဗန်းမော်မြို့က သံချပ်ကာတပ်ရင်းအပါအဝင် မြို့ပေါ် ရပ်ကွက် တော်တော်များများကို ထိန်းချုပ်နိုင်ပြီလို့ KIA သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံကလည်း အတည်ပြုခဲ့တာပါ။ ဗန်းမော်မြို့ တိုက်ပွဲနောက်ဆုံးအခြေအနေ ရန်ကုန်က သတင်းပေးပို့ ထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်နေ့ကတည်းက ဗန်းမော်မြို့နဲ့ မံစီမြို့ကို KIA ပူးပေါင်းတပ်တွေက တပြိုင်ထဲ ထိုးစစ်ဆင်ခဲ့ပြီး ဒီလ ၈ရက်နေ့မှာ မံစီမြို့ကို သိမ်းယူခဲ့သလို ဒီကနေ့မှာတော့ လေဆိပ်အပါအဝင် ဗန်းမော်မြို့က တပ်စခန်းအားလုံး နီးပါးကို ထိန်းချုပ်လိုက်ပြီလို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
ဗန်းမော်မြို့က ဒီကနေ့ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ KIA ရှေ့တန်းတပ်ဖွဲ့ဝင်တွေနဲ့ နီးစပ်သူ တဦးက ဗွီအိုအေကို အခုလို ပြောပါတယ်။

“ ဗန်းမော်က သိမ်းလို့ ပြီးသလောက်တော့ ရှိပြီ။ စကခ ၂၁လည်း သိမ်းလို့ ရလောက်တော့တော့ရှိပြီ ပြောတယ်။ တော်တော်များများ သိမ်းထားပြီပြောတယ်။ လေဆိပ်လည်း ရပြီ။ အမြောက်တပ်တို့၊ သံချပ်ကာတပ်တို့၊ ထောက်ပို့တပ် တော်တော်များများလည်း ရထားပြီ။ တမြို့လုံးနီးပါး ထိန်းချုပ်ထားပြီ ဗန်းမော်က။ ဒီရက်ပိုင်း ဗန်းမော်တိုက်ပွဲမှာ သူတို့က လေကြောင်းနဲ့ အပြင်းအထန် ခုခံတာပေါ့။ တနေကုန်နီးပါးပဲ။ တရက်ကို လေယာဉ် အခါ ၂၀နီးပါးလာတယ်။ ၃-၄ - ၅ရက်ရှိပြီ။ လေကြောင်းတိုက်ခိုက်မှု အပြင်းအထန်လုပ်နေတယ်။ နှစ်ဖက် အထိအခိုက်အကျအဆုံးတော့ ရှိတာပေါ့။ မနေ့ညက ၇နာရီလောက်တော့ လိုင်စင်ဘက်ကို ဗုံးလာကြဲသွားတယ်။ ဂျက်ဖိုက်တာ နဲ့ ဗုံးလာကြဲသွားတယ်။ လိုင်ဇာနဲ့ ၂နာရီလောက် ကားမောင်းရတာပေါ့။ တရုတ်နယ်စပ်ပဲ သူလည်း။”

KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ လိုင်စင်ကို လေကြောင်းက တိုက်ခိုက်မှုမှာ ထိခိုက်ဒဏ်ရာရတဲ့ အခြေအနေ မကြားသိရသေးကြောင်း ပြောပါတယ်။ ဗန်းမော် လေယာဉ်ကွင်းနဲ့ ပတ်သက်လို့ လေယာဉ်တွေ ဆင်းတက်လို့မရတော့တဲ့ အနေအထား မှန်ပေမဲ့ အပြည့်အ၀ မထိန်းချုပ်နိုင်သေးဘူးလို့လည်း ပြောပါတယ်။

“ ဗန်းမော်ဘက်က အခြေအနေကတော့ တိုက်ပွဲကတော့ ဆက်ပြီး ပြင်းထန်နေတုံးဖြစ်ပါတယ်။ သံချပ်ကာတပ်ရင်းသိမ်းတာကတော့ ၂၅ ရက်နေ့ ညနေ ၃ နာရီ ၄၅ မိနစ်မှာ သိမ်းတာ ဖြစ်ပါတယ်။ လေယာဉ်ကွင်းကတော့ အခု အပြီးအပိုင် သိမ်းနိုင်တဲ့အနေအထားတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျနော်တို့ ရှေ့တန်းသမားတွေ အားလုံး နေရာတော့ ယူထားပြီးပါပြီ အဲဒီဘက်မှာလည်း။ လေယာဉ်ကတော့ ဆင်း တက်လို့တော့ မရတော့ပါဘူး။ ဟို စကခ ၂၁ အဲဒီဘက်မှာလည်း တိုက်ပွဲတော့ ဆက်ရှိပါတယ်။ သိမ်းနိုင်တဲ့ အနေအထားတော့ မဟုတ်ပါဘူး။ တိုက်ပွဲကတော့ ဆက်ရှိတယ်။”

ဗန်းမော် သံချပ်ကာ တပ်ရင်းကနေ သံချပ်ကာကား ၇ စီး သိမ်းဆည်းရကြောင်းလည်း KIA ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ လောလောဆည်မှာတော့ KIA ပူးပေါင်းတပ်တွေက မြို့ပေါ်ရပ်ကွက် အတော်များများကို ထိန်းချုပ်ထားပြီး စစ်ကောင်စီတပ်တွေက တပ်စခန်းနေရာမှာ ရှိနေကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ဗန်းမော်မြို့မှာ တိုက်ပွဲပြင်းထန်နေချိန်မှာ တနင်္ဂနွေနေ့ ညနေပိုင်း KIA ရဲ့ ဌာနချုပ်ဟောင်း လိုင်စင်ဘက်ကို စစ်ကောင်စီက လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာနဲ့ပတ်သက်လို့တော့ စုံစမ်းနေဆဲရှိကြောင်းလည်း ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

“ ညနေပိုင်း လေကြောင်းကနေ ဗုံးကြဲတယ်လို့တော့ ပြောတယ်။ ဒါပေမဲ့ အခု စုံစမ်းနေဆဲပဲဖြစ်ပါတယ်။ ဘယ်လောက်ထိ သေချာသလဲ။ ဘယ်မှာ ကြဲတာလဲဆိုတာကတော့ အတိအကျတော့ မကြားရသေးပါဘူး။”

ဗန်းမော်မြို့မှာ စစ်ကောင်စီဘက်က စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) ၂၁ ၊ခြေလျင်တပ်ရင်း ၄ ရင်း၊ အမြောက်တပ်၊ သံချပ်ကာတပ်တပ်အပြင် ဆက်သွယ်ရေးတပ်၊ ဆေးတပ်၊ အင်ဂျင်နီယာတပ်၊ စစ်မြေပြင် စစ်လက်နက် ပစ္စည်းတပ်၊ ထောက်ပံ့ရေးတပ်စတဲ့ လက်ရုံးတပ်ဖွဲ့တွေ အခြေစိုက်ထားတာဖြစ်ပါတယ်။
ဗန်းမော်တိုက်ပွဲအခြေအနေ၊ ထိခိုက်ဒဏ်ရာရတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးသလို ဗွီအိုအေအနေနဲ့ သီးခြား အတည်ပြုချက်ရဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG