သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖားကန့်မြေပြိုမှုမှာ သေဆုံးသူ အလောင်းတချို့ ရှာဖွေတွေ့ရှိ


ဖားကန့်မြေစာပုံပြိုကျမှုအတွင်း ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေတဲ့ ကြက်ခြေနီတပ်ဖွဲ့ဝင်တချို့ရဲ့ယခင်မှတ်တမ်းဓာတ်ပုံ
ဖားကန့်မြေစာပုံပြိုကျမှုအတွင်း ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေတဲ့ ကြက်ခြေနီတပ်ဖွဲ့ဝင်တချို့ရဲ့ယခင်မှတ်တမ်းဓာတ်ပုံ

ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း ကျောက်စိမ်းတူးဖေါ်ရေးလုပ်ကွက်တွေမှာ နွံကန်ပြိုကျလို့ လူနေအိမ်ခြေတွေနစ်မြုပ်သွားပြီး လူတချို့ သေဆုံးသလို တချို့ပျောက်ဆုံးနေပါတယ်။ လောလောဆယ် အလောင်း ၈ လောင်း ရှာတွေ့ထာပြီး ပျောက်ဆုံးနေသူတွေကို လိုက်ရှာနေဆဲပဲလို့ ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စုက စပေါ့ကျေးရွာမှာရှိတဲ့ ရတနာအဓိပတိ နွံကန်ပြိုကျ တာကြောင့် လူနေအိမ် ၅၀ လောက် နစ်မြုပ်သွားပြီး လူအများအပြားပျောက်ဆုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီနေ့မနက် တနာရီဝန်းကျင်မှာ နွံကန်ပြိုကျခဲ့ပြီ လောလောဆယ်မှာ အလောင်း ၈ လောင်း ရှာတွေ့ထားကြောင်း ဖားကန့်ဒေသခံတဦးက VOA ကို ပြောပါတယ်။

“ဖားကန့်မြို့နယ် ဆိပ်မူအုပ်စု စပေါ့ကျေးရွာ၊ ရတနာအဓိပတိနွံကန်၊ အိမ်ခြေကတော့ ၅၀ ဝန်းကျင်လောက် ရှိတယ်တဲ့။ နောက်ဆုံးရတဲ့အခြေအနေကတော့ အလောင်းကတော့ ၈ လောင်းတော့ တွေ့ထားပြီတဲ့ ။ ကျန်တဲ့ ဟာတွေကတော့ နွံထဲမှာတွေဆိုတော့ ရှာဖွေတော့ ရှာဖွေနေဆဲလို့ ပြောတယ်။”

ဖားကန့်ဒေသအတွင်းမှာ ကျောက်စိမ်းတူးဖော်ပြီးနောက် ဖြစ်ပေါ်လာတဲ့ နွံကန်အများအပြားရှိနေပြီး အချို့ နွံကန်တွေက ဧကနဲ့ ချီရှိကြောင်း ဒေသခံတွေက ပြောပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ် ဧပြီလက ဖားကန့်မြို့နယ် မော်ဝမ်းကလေးကျေးရွာ နွံကန်ကျိုးပေါက်မှုမှာတော့ လူ ၅၄ ဦး သေဆုံးခဲ့ပါတယ်။ အခု နွံကန်ကျိုးပေါက်တဲ့ နေရာဟာ KIA ထိန်းချုပ်ထားတဲ့နေရာဖြစ်ပါတယ်။

KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ KIA အနေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ မူဝါဒတွေ ရှိပေမယ့် လက်တွေ့အကောင်အထည်ဖော်ဖို့ အကန့်အသတ်တွေ ရှိနေကြောင်း အခုလို ပြောပါတယ်။

“မူအရကတော့ ပြောထားတာ ရှိပါတယ်။ ဒါပေမဲ့ လက်တွေ့ပိုင်းမှာ အကောင်အထည်ဖော်တဲ့နေရာမှာကတော့ ကျနော်တို့ KIO တဖွဲ့တည်းနဲ့ အကောင်အထည်ဖော်တာတော့ အခက်အခဲ ရှိနေအုံးမယ်လို့ ကျနော် ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့လည်း အုပ်ချုပ်တယ်ဆိုရင်လည်း လွတ်လွတ်လပ်လပ် အုပ်ချုပ်ဖို့ဆိုလည်း အခက်အခဲတွေ ရှိတယ်။ နောက် တရားဥပဒေစိုးမိုးရေး နေရာမှာလည်း အခက်အခဲတွေ ရှိတယ်။ စကစလည်း ရှိတယ်ဆိုတော့။ အဲဒါကြောင့် ဒီ သဘာ၀ ထိန်းသိမ်းရေးနဲ့ ပတ်သက်တဲ့ သဘာ၀ ဘေးဒဏ်တွေကို ကာကွယ် စောင့်ရှောက်မှုဆိုတာဟာ မူအားဖြင့်ကတော့ လုပ်ပြီးမှ လက်တွေ့ မှာကတော့ အားနည်းနေတယ်လို့ ကျနော် ထင်ပါတယ်။”

ဒေသတွင်းသဘာပတ်ဝန်းကျင်အရေးဆောင်ရွက်နေသူတွေကတော့ ဖားကန့်ဒေသမှာ စက်ယန္တရားကြီးတွေ အသုံးပြုပြီး ကျောက်စိမ်း အလွန်အကျွံ တူးဖော်တာနဲ့ ထွက်လာတဲ့မြေစာတွေကို စနစ်တကျ မစွန့်ပစ်တာတွေ ကြောင့် မကြာခန မြေပြိုပြီး လူအသေအပျောက်များနေရကြောင်း သုံးသပ်ပြောဆိုလေ့ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG