ကချင်ပြည်နယ် ဗန်းမော်မြို့မှာ လေဆိပ်အပါအဝင် အချက်အချာနေရာတချို့ကို KIA နဲ့ ပူးပေါင်း တပ်တွေက ိန်းချုပ်လိုက်ပြီး ဒီကနေ့အထိ တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။ တချိန်တည်းမှာပဲ ကချင်ပြည်နယ်နဲ့ကပ်လျက် စစ်ကိုင်းတိုင်းမှာလည်း တိုက်ပွဲတွေဖြစ်ပွားနေကြောင်း KIA ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။ ဗန်းမော်မြို့က တိုက်ပွဲနောက်ဆုံးအခြေအနေ ရန်ကုန်က သတင်းပေးပို့ ထားပါတယ်။
ဧရာဝတီမြစ်အရှေ့ဘက်ခြမ်းက စစ်ရေးအရ အချက်အချာကျတဲ့ ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော် ဗန်းမော်မြို့ကို KIA နဲ့ ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်နေတာ ဒီနေ့ဆို ရက်ပေါင်း ၅၅ ရက် ရှိလာပါပြီ။
ဒီနေ့ တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက VOA ကို အခုလို ပြောပါတယ်။
“ဗန်းမော်ဘက်က သိပ်သတင်းထူးတွေကတော့ မတက်ဘူးခင်ဗျ။ ဒါပေမဲ့ တိုက်ပွဲကတော့ ဆက်ဖြစ်ပါတယ်။”
စစ်ကောင်စီဘက်ကလည်း နေ့စဉ်လိုလို လေကြောင်းက ဗုံးကြဲတိုက်ခိုက်နေပြီး လက်နက်ကြီးနဲ့ ဒရုန်းတွေ သုံးပြီးလည်း တုံ့ပြန် တိုက်ခိုက်နေပါတယ်။
ဒီရက်ပိုင်းအတွင်း အမှတ် ၇၀၀၆ သံချပ်ကာတပ်နဲ့ လေဆိပ်ကို KIA နဲ့ ပူးပေါင်းတပ်တွေက ထိန်းချုပ်နိုင်ခဲ့ပြီး တနင်္လာနေ့ ကတော့ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ စရဖ စခန်းကို သိမ်းယူခဲ့ကြောင်း အခုလို ဆက် ပြောပါတယ်။
“ဒီဗန်းမော်မြို့ သိမ်းတာကတော့ သံချပ်ကာကား ၇၀၀၆ ပေါ့။ အဲဒါ သိမ်းနိုင်တာရှိပါတယ်။ နောက် လေယာဉ် ကွင်းကိုလည်း အားလုံးအပြီးမဟုတ်သော်လည်းပဲ ကျနော်တို့ လက်ထဲမှာတော့ ရောက်နေတဲ့အနေအထား ဖြစ်ပါတယ်။ အမြောက်တပ် ၃၆၆ ကတော့ Confirm မဖြစ်သေးပါဘူး။ မနေ့ညနေပိုင်းကတော့ အရင်က စရဖ တပ်ခြံတွေပေါ့။ အဲဒီရဲ့ တပ်ခြံတွေကိုလည်း သိမ်းလို့ ရပြီလို့တော့ ပြောကြတယ်။ ”
ဗန်းမော်မြို့မှာ တိုက်ပွဲဖြစ်ပွားနေချိန်မှာပဲ တနင်္လာနေ့ ညနေပိုင်း ဖားကန့်မြို့နယ်ဘက်မှာ စစ်ကောင်စီက လေကြောင်းက တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲ ဆက်ဖြစ်ပွားနေတဲ့အကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
“ဖားကန့်တပ်ရင်း ၆ဘက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ ရှိတယ်လို့ ပြောတယ်။ နောက် စစ်ကိုင်း အစပ်ဘက်မှာပေါ့။ အင်းတော်ကြီး အစပ်ဘက်မှာလည်း လေကြောင်းနဲ့ တိုက်ခိုက်တယ်လို့တော့ ပြောတယ်။ နောက် မြေပြင်တိုက်ပွဲလည်း ရှိတယ်လို့တော့ ပြောတယ်။ ဒါပေမဲ့ ကျနော်တို့ ဆီမှာ သတင်းအပြည့်အစုံကတော့ ဘာမှ မရဘူး။ အဲဒီဘက်ကတော့။”
ဖားကန့်ဒေသခံတဦးကတော့ မနေ့ညနေက တိုက်ခိုက်မှုအပါအဝင် ဒီလထဲ ဖားကန့်ကို လေကြောင်းက ဗုံးကြဲတာ ၅ ကြိမ်ရှိပြီလို့ VOA ကို ပြောပါတယ်။
“မနေ့က ညနေ ၄ နာရီ ၅၅ မှာ ဒီ ဖားကန့် KIA တပ်မဟာ ၉ ပေါ့။ တပ်ရင်း ၆ ဘက်ကို ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်မှု လုပ်သွားတယ်ပေါ့။ ဘယ်နှစ်လုံးလည်းတော့ မသိဘူး။ ကြဲတော့ ကြဲသွားတယ်။ လူထိခိုက်တာတော့ မရှိဘူးတဲ့။ ဖားကန့်တဝိုက်ကို သူတို့ ဗုံးကြဲတာ ၅ ခေါက်ရှိပြီပေါ့။ ဒီဇန်နဝါရီလထဲမှာ။”
ဒီလ ၁၃ ရက်နေ့က ဖားကန့်မြို့နယ် ဆန်ခါရွာ ဗုံးကြဲတိုက်ခိုက်ခံရတဲ့အချိန် အရပ်သား တဒါဇင်နီးပါး သေဆုံးခဲ့ တယ်လို့ ဆက်ပြောပါတယ်။ လက်ရှိ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်းဖြစ်ပွားတဲ့ တိုက်ပွဲသတင်းတွေ ကိုတော့ စစ်ကောင်စီဘက်က ထုတ်ပြန်တာ မတွေ့ ရပါဘူး။ ထိခိုက်ဒဏ်ရာရ သေဆုံးတဲ့သတင်းတွေနဲ့ ပတ်သက်လို့ VOA အနေနဲ့ သီးခြားအတည်ပြုချက်ရဖို့ ကြိုးစားနေပါတယ်။ စစ်ကောင်စီနဲ့ KIA ပူးပေါင်းတပ်တွေ ကြားမှာ စစ်ကိုင်းတိုင်း အင်းတော်ဘက်မှာလည်း တိုက်ပွဲတွေပြင်းထန်နေသလို ဖောင်းပြင်ဘက်မှာလည်း ဒီရက်ပိုင်းမှာ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ကချင်တိုင်းရင်းသား သတင်းရပ်ကွက်က ပြောပါတယ်။
Forum