ကချင်ပြည်နယ် ဗန်းမော်မြို့မှာ စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေအကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြနေတဲ့ ဗန်းမော်လေယာဉ်ကွင်းကို သိမ်းပိုက်ရရှိတယ်ဆိုတဲ့သတင်းကိုတော့ KIA ဘက်က အတည်မပြုပါဘူး။ ဒီရက်ပိုင်းမှာတော့ ဖားကန့်မြို့နယ် တပ်ရင်း ၆နယ်မြေမှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်တာရှိသလို ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် ဟုမ္မလင်းမြို့နယ်မှာလည်း တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ ရန်ကုန်ကပေးပို့တဲ့သတင်းကို အခြေခံပြီး တင်ပြထားပါတယ်။
ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော်ဖြစ်တဲ့ ဗန်းမော်မြို့နဲ့ မံစီမြို့ကို KIA နဲ့ ပူးပေါင်းတပ်တွေ ဒီဇင်ဘာလ ၄ ရက်နေ့မှာ တပြိုင်တည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီ ဒီလ ၈ရက်နေ့မှာတော့ မံစီမြို့ကို အပြီးသတ် သိမ်းယူနိုင်ခဲ့ပါတယ်။ ဇန်နဝါရီ ၉ ရက် ကြာသပတေးနေ့မှာတော့ ဗန်းမော်မြို့ လေယာဉ်ကွင်းကို KIA ပူးပေါင်းတပ်တွေက သိမ်းယူလိုက်ကြောင်း လူမှုကွန်ရက်စာမျက်မှာတွေမှာ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဗန်းမော်လေယာဉ်ကွင်း ကို KIA သိမ်းယူလိုက်ပြီဆိုတဲ့သတင်းတွေနဲ့ ပတ်သက်လို့ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို မေးမြန်းရာမှာတော့ အတည်မပြုနိုင်ကြောင်း VOA ကို အခုလို ပြောပါတယ်။
“ ကျနော်တို့ ကြားတောင် မကြားဘူး။ Confirm မဖြစ်ဘူး အဲဒါ။ ”
ဗန်းမော်မြို့မှာ လောလောဆယ် တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့လည်း သူကဆက်ပြောပါတယ်။
“ တိုက်ပွဲကတော့ ရှိမှာ။ ဒါပေမဲ့ သိပ်ပြင်းပြင်းထန်ထန်တော့ မရှိပါဘူး။ အခြေအနေကတော့ တိုက်ပွဲ ဆက်ဖြစ်နေတယ်ဆိုတာလောက်ပါပဲ။”
ဗန်းမော်မြို့မှာ စစ်ကောင်စီရဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) ၂၁ ၊ခလရ ၄၇၊ ၁၂၁၊ ၂၃၆၊ ၂၃၇၊ အမြောက်တပ်၊သံချပ်ကာတပ်၊ တင့်ကားတပ် အပြင် ဆက်သွယ်ရေးတပ်၊ ဆေးတပ်၊ အင်ဂျင်နီယာတပ်၊ စစ်မြေပြင်စစ်လက်နက်ပစ္စည်းတပ်၊ ထောက်ပံ့ရေး တပ်စတဲ့ လက်ရုံးတပ်ဖွဲ့တွေ အခြေစိုက်ထားတဲ့ နေရာဖြစ်ပါတယ်။
ဒေသတွင်းသတင်းမီဒီယာတွေမှာတော့ စစ်ကောင်စီတပ်တွေဟာ စကခ ၂၁ မှာ အင်အားစုစည်းပြီး ပြန်လည် ခုခံနေသလို လေကြောင်းကနေ လက်နက်ကြီးနဲ့ စစ်ကူတိုက်တာအပြင်၊ ဒရုန်းနဲ့ပါ အပြင်းအထန် တိုက်ခိုက်နေကြောင်း ဖော်ပြကြပါတယ်။ ဗန်းမော်ဒေသခံတဦးကတော့ လက်ရှိ အခြေအနေကို အခုလိုပြောပါတယ်။
“ဗန်းမော်အခြေအနေကတော့ လက်ရှိအချိန်ထိ တိုက်ပွဲတွေကဆက်ဖြစ်နေတုံးပဲ။ တိုက်ပွဲတွေကတော့ နေရာအနှံပါပဲ။ မြို့ထဲတွေလည်း ဖြစ်တယ်။ လေကြောင်းကတော့ ၃၁ရက်ဝန်းကျင်မှာ တရက်ကို ၁၀ကြိမ်ဝန်းကျင်လောက်ရှိတယ်။ လက်ရှိ ဒီနေ့အတွင်းမှာတော့ တရက်ကို ပုံမှာ လာနေတာကတော့ ၄- ၅ ကြိမ်ပေါ့။ ညပိုင်းလာတာ ပိုများတယ်။ မြို့နေ လူထုကတော့ ၁၀၀မှာ ၈၀ ရာခိုင်နှုန်းလောက် သွားကြပြီပေါ့။ မြို့ထဲမှာတော့ ၂၀ ရာခိုင်နှုန်းလောက် ကျန်ထားတယ်။ ”
သူပြောသွားတာကတော့ ဗန်းမော်မှာ လက်ရှိ မြို့ထဲအပါအဝင် တိုက်ပွဲတွေ နေရာ အနှံ့ဖြစ်နေတုန်းပဲ၊ လေကြောင်းတိုက်ခိုက်မှုတွေကလည်း ဒီဇင်ဘာ ၃၁ ရက်ဝန်းကျင်မှာ တနေ့ကို ၁၀ ကြိမ်လောက် ရှိတယ်။ အခုရက်ပိုင်းမှာလည်း တရက်ကို ၄-၅ ကြိမ်လောက်လာတယ်။ ညပိုင်း ပိုများတယ်။ မြို့ထဲမှာတော့ ၈၀ ရာခိုင်နှုန်းလောက်က ဘေးလွတ်ရာသွားကြပြီမို့ ၂၀ ရာခိုင်နှုန်းလောက်ပဲ ကျန်တယ်လို့ သူက ပြောသွားတာပါ။
ဗန်းမော်လေဆိပ်သိမ်းပိုက်တာနဲ့ ပတ်သက်လို့တော့ တိုက်ပွဲဖြစ်ပွားရာနေရာတွေကို ကိုယ်တိုင်သွားမကြည့်နိုင်လို့ မသိရကြောင်းနဲ့ မြို့ထဲ သွားလာနေတဲ့ ပြည်သူတချို့ ပစ်ခတ်မှုတွေကြား သေဆုံး ထိခိုက်တာတွေရှိတယ်လို့လည်း ပြောပါတယ်။ ဇန်နဝါရီ ၈ ရက်နေ့က KIA ပူးပေါင်းတပ်တွေဘက်က မံစီမြို့ကို သိမ်းယူချိန်မှာ ဖားကန့်မြို့နယ်အတွင်း စစ်ကောင်စီက လေကြောင်းက တိုက်ခိုက်တာကြောင့် အမျိုးသမီးတဦး သေဆုံးခဲ့ပါတယ်။
ဒီဖြစ်စဉ်ဟာ KIA တပ်ရင်း ၆ နယ်မြေမှာဖြစ်ပွားခဲ့တာဖြစ်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
“ တပ်ရင်း ၆ နယ်မြေဘက်မှာ လေကြောင်းနဲ့ ဗုံးကြဲတယ်ဆိုတာ ရှိပါတယ်။ ၈ရက်နေ့ကျမှာ။ အမျိုးသမီးတဦး ထိခိုက်တယ်ဆို ကြားရတယ်။ သေတယ်လို့ ပြောတယ်။”
ဖားကန့်ဒေသခံတဦးကတော့ ဖားကန့်ဒေသမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီးတဦးသေဆုံးပြီး တဦး ဒဏ်ရာရခဲ့ပါတယ်။ ကချင်ပြည်နယ် ဖားကန့်မြို့နယ်နဲ့ ထိစပ်နေတဲ့ ဟုမ္မလင်းမြို့နယ်မှာလည်း KIA – PDF ပူးပေါင်းတပ်နဲ့ စစ်ကောင်စီနဲ့ SNA ရှမ်းနီပူးပေါင်းတပ်တွေအကြား တိုက်ပွဲ ပြင်းထန်နေတယ်လို့ ပြောပါတယ်။
“ တပ်မဟာ ၉၊ တပ်ရင်း ၆ ဒေသပေါ့။ အဲဒီမှာ လာပြီးတော့ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲသွားတယ်။ တပ်ရင်း ၆မှာ ဈေးရောင်းတဲ့ အမျိုးသမီးတယောက်တော့ သေသွားတယ်တဲ့။ ပြီးလို့ရှိရင် နောက်ထပ် အမျိုးသမီးတဦးလည်း ဒဏ်ရာရတယ်တဲ့။ ဒီစစ်ကိုင်းဘက်ခြမ်းပေါ့။ ဟုမ္မလင်းဘက်ခြမ်းမှာလည်း ဒီ KIA- PDF ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီနဲ့ SNA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲပြင်းထန်နေတယ်။ အဲဒီဘက်မှာလည်း သူတို့ လေကြောင်းတိုက်ခိုက်မှု တောက်လျောက်လုပ်နေတယ်တဲ့။ တိုက်ပွဲ တော်တော်ပြင်းထန်နေတယ်တဲ့ အခုရက်ပိုင်း။”
ဒီတိုက်ပွဲဖြစ်ပွားရာနေရာဟာ ဟုမ္မလင်းမြို့နယ် ရွှေတွင်း၊ ရေပေါ်မီး၊ ပါဟုတ်ကြီး စတဲ့ ကျေးရွာတွေ ဘက်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက KIA ပူးပေါင်းတပ်တွေက ဒီကျေးရွာတွေကို သိမ်းယူထားတာကို စစ်ကောင်စီဘက်က ပြန်လည် ထိုးစစ်ဆင်လာတာလည်း ဖြစ်ပါတယ်။ ဟုမ္မလင်းမြို့နယ်အတွင်း တိုက်ပွဲနဲ့ ပတ်သက်ပြီး ဗိုလ်မှူးကြီးနော်ဘူက သီးခြား အတည်ပြုချက် မပေးသလို စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာလည်း မတွေ့ ရပါဘူး။
Forum