ရှမ်းပြည်နယ်မြောက်ပိုင်းက နောင်ချို နဲ့ ကျောက်မဲမြို့တွေမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီလကုန် သီတင်းပတ်ထဲမှာ အရပ်သား ၁၅ ဦး သေဆုံးခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ဒီနေ့ အစီရင်ခံစာတစောင် ထုတ်ပြန်ပါတယ်။ လက်ရှိ ဒီမြို့တွေမှာ ဒေသခံအများစုက မြို့ကိုစွန့်ခွာသွားပြီး သက်ရွယ်ကြီးသူ အများစုက မြို့မှာကျန်ရှိနေကြောင်း ဒေသခံတွေက VOA ကိုပြောပါတယ်။ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။
တော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေ သိမ်းပိုက်ထားတဲ့ နောင်ချိုနဲ့ ကျောက်မဲမြို့တွေကို စစ်ကောင်စီက လေကြောင်းအားပြုပြီး တိုက်ခိုက်နေတယ်လို့ ဒေသခံတချို့က ဗွီအိုအေကို ပြောပါတယ်။ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်ရဲ့ ဒီနေ့ထုတ်ပြန်တဲ့ အစီရင်ခံစာမှာတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်ပိုင်းက လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၅ ဦး သေဆုံးပြီး ၃၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။ စစ်ကောင်စီက ဆေးရုံအပါအဝင် အရပ်သား ပစ်မှတ်တွေကို ပေါင် ၃၀၀၊ ပေါင် ၅၀၀ ဗုံးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ သူတို့ရဲ့ အစီရင်ခံစာမှာ ရေးသားထားပါတယ်။
ဇန်နဝါရီ ၂၂ ရက်က နောင်ချိုမြို့ စျေးရပ်ကွက်ကို ဂျက်လေယာဉ်နဲ့ ဗုံးလာကြဲတဲ့အတွက် အရပ်သား ၉ ဦး သေဆုံးခဲ့ပါတယ်။ အဲဒီဖြစ်ရပ်အပြီး မြို့ပေါ်ကနေ ရှောင်တိမ်းသွားတဲ့ လူငယ်တဦးက အခုလိုပြောပါတယ်။
"ကျနော်လည်း မြို့ထဲမှာမရှိဘူးဗျ၊ တရုတ်ပြည်ရောက်နေတာ။ လွန်ခဲ့တဲ့ တရက်၊ နှစ်ရက်က မြို့ထဲ ဗုံးကြဲပြီးတော့မှ လူတွေမရှိတော့ဘူး။ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု မရှိတော့ဘူးပေါ့ဗျာ။ ဗုံးကြဲပြီးတော့ လူတွေက တိုက်ပွဲဖြစ်တုန်းကလို မိသားစုလိုက် အထုပ်အပိုးတွေပြင်ပြီး ကားပေါ်တက် တခြားမြို့တွေ ပြောင်းတာမျိုး မရှိဘူး၊ အဲလိုပြောင်းနိုင်တဲ့ အနေအထားလည်း မရှိတော့ဘူး။ ဖြစ်ခါမှဖြစ် ဒါပေမဲ့ ဆင်ခြင်ကြတော့တာပေါ့။ ခါတိုင်းဆို စိတ်အေးလက်အေး နေရတယ်လေ၊ ကျောက်မဲက တော်တန်ရုံ လာမကြဲဘူးဆိုတော့၊ ဆေးရုံလာကြဲပြီးတဲ့နောက်ပိုင်း လူတွေ တော်တော် ကြောက်လန့်ပြီးတော့မှ အိမ်ထဲမှာပဲ နေကြတော့တာပေါ့ဗျာ။"
ထိခိုက် ဒဏ်ရာရသူတွေကို လားရှိုးနဲ့ မန္တလေးက ဆေးရုံတွေကို ပို့ဆောင်ရကြောင်း ရှမ်း လူ့အခွင့် အရေးမဏ္ဍိုင်ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ ဒီမြို့တွေအပြင် သိန္နီနဲ့ မိုးကုတ်မြို့ကိုလည်း အလားတူ ဗုံးကြဲတိုက်ခိုက်နေကြောင်း ပြောပါတယ်။
လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရတဲ့ နေရာတွေက အရပ်သားပစ်မှတ်တွေဖြစ်နေသလို ဒီမြို့နယ်တွေဟာ တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ထားတဲ့ မြို့တွေလည်း ဖြစ်နေပါတယ်။ စစ်ကောင်စီ ဗုံးကြဲနေတဲ့ ရည်ရွယ်ချက်ကတော့ စစ်ကောင်စီဟာ သူ့ရဲ့ အရေးပါမှုကို တရုတ်ကို ပြသချင်တာဖြစ်ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ပြောရေးဆိုခွင့်ရှိသူ ယိင်းလျန်းဟန်က ဗွီအိုအေကို ပြောပါတယ်။ တရုတ်အစိုးရကလည်း ဒါကြောင့်ပဲ ငြိမ်းချမ်းရေးလုပ်ဖို့ ဖိတ်ခေါ်ပြီး မြန်မာကိစ္စကို ဖိအားပေးလာကြောင်း သူကပြောပါတယ်။
"အဓိကတော့ (စစ်ကောင်စီ) သူတို့ရည်ရွယ်ချက်က တရုတ်ကို ဒီနယ်မြေမှာ စစ်ကောင်စီအနေနဲ့ ဒီလို ဗုံးကြဲနိုင်တယ်၊ ဒီနယ်မြေတွေကို ခြိမ်းခြောက်မှု လုပ်ထားနိုင်တယ်ပေါ့။ တကယ်လို့ (တရုတ်အနေနဲ့) ဒီစီမံကိန်းကို ပြန်စချင်တယ်ဆိုရင် တရုတ်က စစ်ကောင်စီနဲ့ ညှိနှိုင်းရမယ်၊ ပြောဆိုရမယ်ဆိုတဲ့ပုံစံမျိုး သူတို့ message ပေးချင်လို့ တိတိပပကို လုပ်တယ်လို့ ထင်တယ်။ ဒီ (မီးရထားလမ်း) စီမံကိန်းက BRI စီမံကိန်းမှာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတယ်ဆိုတော့ သူတို့အတွက်ကတော့ ဒီစီမံကိန်းတွေဖြစ်လာဖို့ အမြန်ဆုံး ကြိုးစားမှာပဲရှင့်။ အခုက ဘယ်လိုတုန့်ပြန်လာနိုင်လဲဆိုတော့ တရုတ်ဘက်က ဖိအားပေးဖို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ စဖြစ်နေတာပေါ့နော်။ တရုတ်က သူတို့စီမံကိန်းကို ပြန်ကြည့်ပြီးမှ TNLA ဘက်ကရော၊ MNDAA ဘက်ကရော ငြိမ်းချမ်းရေး ဆွေးနွေးပါမယ်လို့ ပြောရတဲ့အထိ ဖြစ်နေတာပေါ့နော်။"
ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်ရဲ့ ဒီနေ့ထုတ်ပြန်ချက်မှာတော့ စစ်ကောင်စီတပ်တွေဟာ တဘက်မှာလည်း နောင်ချို၊ ကျောက်မဲမှာ ဒေသခံတွေကို ဖမ်းဆီး၊ နှိပ်စက်တာမျိုးတွေ ရှိနေကြောင်း ပြောပါတယ်။ ဇန်နဝါရီလ ၂၅ ရက်မှာတော့ စစ်ကောင်စီဟာ သူတို့ ပြန်ပြီး ထိန်းချုပ်သွားနိုင်တဲ့ နောင်ချို အနောက်တောင်ဘက် မူဆယ်-မန္တလေး အမြန်လမ်းပေါ် အုန်းမတီးကျေးရွာက နေအိမ်တွေကို မီးရှို့ခဲ့ကြောင်းလည်း အစီရင်ခံစာက ဖော်ပြခဲ့ပါတယ်။
စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ နိုဝင်ဘာလ ၆ ရက် တရုတ်ခရီးစဉ်အပြီးမှာ ရှမ်းပြည်နယ်မြောက်ပိုင်းက တရုတ် မီးရထားစီမံကိန်း အဆိုပြုထားတဲ့ မြို့နယ်တွေမှာ လေကြောင်းတိုက်ခိုက်မှုတွေ ပိုပြီးများလာတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့တွေက ပြောပါတယ်။ ဒီနေရာတွေဟာ မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်း ဖြတ်သန်းသွားတဲ့ မူဆယ်၊ ကွတ်ခိုင်၊ သိန္နီ၊ လားရှိုး၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ နန့်ဆန်၊ ကွတ်ခိုင်၊ မိုးကုတ် စတဲ့မြို့နယ်တွေ ဖြစ်ပါတယ်။
Forum