ကုလသမဂ္ဂ အကြီးအကဲရဲ့ ရှေ့လ ဘင်္ဂလားဒေ့ရှ်နိုင်ငံခရီးစဉ်မှာ ရိုဟင်ဂျာတွေကို နိုင်ငံတကာက အကူအညီပေးရေးဆွေးနွေးဖို့ စီစဉ်ထားပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကြားဖြတ်အစိုးရခေါင်းဆောင် Muhammad Yunus ရဲ့ ဖိတ်ကြားချက်အရ မတ်လ ၁၃ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres သွားရောက်မှာပါ။
ဘင်္ဂလားဒေ့ရှ်နဲ့ ဒေသတွင်းကို ရိုက်ခတ်နေတဲ့ ရိုဟင်ဂျာအရေးနဲ့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ပိုမိုဆိုးရွားလာနေတဲ့ လူသားချင်းစာနာမှု အကျပ်အတည်းတွေအပေါ် စိုးရိမ်မှုတွေအပေါ် နားလည်ကြောင်းလည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရ ခေါင်းဆောင်ထံ မနေ့တုန်းကပေးပို့တဲ့စာကို ကိုးကားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကသတင်းတွေမှာ ဖော်ပြကြပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ကတဆင့် ဒေသတွင်းနိုင်ငံတွေ၊ အာဆီယံအသင်းဝင်တွေ၊ သက်ဆိုင်သူတွေနဲ့အတူ မြန်မာနိုင်ငံက နိုင်ငံရေးအကျပ်အတည်းတွေကို ဖြေရှင်းနိုင်ဖို့ ရိုဟင်ဂျာတွေ ဘေးအန္တရာယ်ကင်းကင်း ကိုယ့်သဘောနဲ့ကိုယ် နေရပ်ပြန်နိုင်ဖို့ ကြိုးပမ်းမယ်လို့လည်း ပြောပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Julie Bishop ကတော့ ဒီသီတင်းပတ်အစောပိုင်းမှာပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားရောက်ခဲ့ပြီး ရိုဟင်ဂျာဒုက္ခသည်တွေ အကူအညီပေးရေး ဘင်္ဂလားဒေ့ရှ်ကြားဖြတ် အစိုးရခေါင်းဆောင် အပါအဝင် တာဝန်ရှိသူတွေနဲ့ ဆွေးနွေးခဲ့တာပါ။ အမေရိကန် ပြည်ထောင်စုမှာ သမ္မတ Donald Trump အစိုးရလက်ထက် နိုင်ငံ တကာ အကူအညီအထောက်အပံ့တွေ ဖြတ်တောက်ရာက ကမ္ဘာတလွှားစာနာမှုလုပ်ငန်းတွေမှာ အခက်အခဲတွေ ကြုံနေရချိန်မှာပဲ ကုလသမဂ္ဂ တာဝန်ရှိသူတွေ ရိုဟင်ဂျာတွေ အကူအညီပေးရေး နည်းလမ်းတွေ ရှာဖွေနေတာလည်း ဖြစ်ပါတယ်။
Forum