သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာ ၅၀ နီးပါး ထိုင်းတောင်ပိုင်း ကမ်းခြေရောက်ရှိ 


 ထိုင်းတောင်ပိုင်း ဖူးခက်ခရိုင် Sai Kaew စိုင်ခေါ ကမ်းခြေကိုရောက်လာတဲ့ ရိုဟင်ဂျာများ (ဇန်နဝါရီ ၂၁၊ ၂၀၂၅)
ထိုင်းတောင်ပိုင်း ဖူးခက်ခရိုင် Sai Kaew စိုင်ခေါ ကမ်းခြေကိုရောက်လာတဲ့ ရိုဟင်ဂျာများ (ဇန်နဝါရီ ၂၁၊ ၂၀၂၅)

ထိုင်းနိုင်ငံတောင်ပိုင်းကို ကိုယ်ဝန်ဆောင် အမျိုးသမီးတွေနဲ့ ကလေးတွေ အများစုပါတဲ့ ရိုဟင်ဂျာ ၅၀ နီးပါး ဒီကနေ့ပဲ ရေကြောင်းကနေ ရောက်ရှိလာကြောင်း အာဏာပိုင်တွေက ပြောလိုက်ပါတယ်။ မလေးရှားနိုင်ငံကိုသွားဖို့ ဘင်္ဂလားဒေ့ရှ်ကနေ ထွက်ခွာလာတဲ့ ရိုဟင်ဂျာတွေ ထိုင်းနိုင်ငံကမ်းခြေကို ရောက်လာကြတဲ့အကြောင်း ထိုင်းအခြေစိုက် ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

ထိုင်းတောင်ပိုင်း ဖူးခက်ခရိုင် Thalang ထလမ် မြို့နယ် အမှတ်(၅) ကျေးရွာ အုပ်စုအနီး Sai Kaew စိုင်ခေါ ကမ်းခြေမှာကိုယ်ဝန်ဆောင် အမျိုးသမီး တွေ ကလေးငယ် တွေအများစုပါဝင်တဲ့ ရိုဟင်ဂျာတွေအုပ်စုလိုက် ရောက်နေကြကြောင်း ကျေးရွာသားတွေသတင်းပေးလာတာကြောင့် ထိုင်းအာပိုင်တွေက သွားရောက် ရှာဖွေ ဖမ်းဆီးနိုင်ခဲ့တာလို့ ဆိုပါတယ် ။ သူတို့ကို တွေ့တဲ့အချိန်မှာ အစာရေစာတွေပြတ်လတ်နေပြီး အင်အားချည့်နဲ့ နေထိုင်မကောင်းဖြစ်နေကြတယ်လို့ လည်း ထိုင်းအာဏာပိုင်တွေကဆိုပါတယ်။

အခုဖမ်းမိတဲ့ ရိုဟင်ဂျာ ၄၉ဦးဟာ ဖူးခက်ပင်လယ်ပြင်မှာ ကုန်တင်သင်္ဘောတစီးက စွန့်ပစ်သွားတာလို့လည်းထွက်ဆိုကြပြီး သူတို့အားလုံးဟာ လူ၁၀၀နီးပါးလောက်ရှိတယ်လို့လည်းဆိုပါတယ် ။ သူတို့တွေကို ခေါ်လာတဲ့ ကုန်တင်သင်္ဘော က တတိယနိုင်ငံ ရောက်ပြီ ပြောပြီး ချထားခဲ့တာလို့ လည်း ဖမ်းမိ သူတွေရဲ့ ထွက်ဆိုချက်ကိုကိုကားပြီး ဖူးခက် အာဏာပိုင် တွေက သတင်းထုတ်ပြန်ခဲ့ပါတယ်။ သူတို့ဟာ ဘင်္ဂလားဒေရှ့်ကနေ မလေးရှားနိုင်ငံထိ သွားဖို့လာခဲ့ကြသူတွေလည်းဆိုပါတယ် ။

Association Rohingya Thailand အဖွဲ့အစည်းက ပြောရေးဆိုခွင့်ရှိသူ နိုင်အာလီကတော့ ရိုဟင်ဂျာတွေအခုလိုမကြာခဏဖမ်းမိနေတာကြောင့် ၅နှစ်အတွင်းမှာ ရိုဟင်ဂျာတသောင်းကျော်လောက် ထိုင်းမှာ ဖမ်းမိထားတယ်လို့ဆိုပါတယ်။

"တသောင်းကျော်လောက်ဖမ်းထားတယ် သူတို့က ထိုင်းလ၀ကလက်ထဲမှာပဲ တချို့က ၄နှစ်ရှိပြီ ၅နှစ်ရှိပြီ ၃နှစ်လောက်ရှိပြီ လ၀ကလက်ထဲမှာပဲသူတို့က ရခိုင်ကနေလာတာတွေကော ဘင်္ဂလားဒေရှ့်ဒုက္ခသည်စခန်းကလာတာတွေရော ရခိုင်ကနေကော အဲဒါကနေ လာကြတာလေ"

အခုအခါမှာတော့ နောက်ထပ်ထွက်ပြေးလွတ်မြောက်နေတဲ့ရိုဟင်ဂျာတွေရှိနေသေးတဲ့အတွက် ဖူးခက်ခရိုင် အာဏာပိုင်တွေဟာ လှေပေါ်ကနေ ထွက်ပြေးလွတ်မြောက်နေကြတဲ့ သူတွေကိုလည်း လိုက်လံ ရှာဖွေ နေကြ တယ်လိုဆိုပါတယ် ။ အခုရိုဟင်ဂျာတွေဟာ ကုန်တင်သင်္ဘောပေါ်မှာ အစာရေစာပြတ်လတ်ပြီး အချင်းချင်း စကားများခိုက်ရန်ဖြစ်သွားတာကြောင့် သေဆုံးတာတွေရှိခဲ့ကြောင်း သူတို့ကို ကုန်တင်သင်္ဘောက မလေးရှားမရောက်ခင်ထိုင်းပိုင်နက်ဖူးခက်ပင်လယ်ပြင်မှာ စွန်ပစ်သွားခဲ့တာလို့လည်း ဖမ်းဆီးခံရသူတွေဝန်ခံထွက်ဆိုကြတယ်လို့ ထိုင်းအာဏာပိုင်တွေကပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံက တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ ရိုဟင်ဂျာ စုစုပေါင်း (၁၉၆)ဦး လိုက်ပါလာတဲ့ စက်လှေ တစင်း ကို လန်ကာဝီကျွန်းမှာ မလေးရှားနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့က ဇန်နဝါရီ ၃ရက်နေ့မနက် အစောပိုင်းလည်းဖမ်းဆီးခဲ့ပြီးတခြား စက်လှေနှစ်စီးကိုလည်း မလေးရှားနိုင်ငံ ရေပိုင်နက်မှာ ထပ်ပြီးတွေ့တဲ့အတွက် မလေးရှားရေတပ်အာဏာပိုင်တွေက ပင်လယ်ပြင်ကိုပြန်ပြီး မောင်းထုတ်ခဲ့ပါတယ်။ ရိုဟင်ဂျာတွေဟာပင်လယ်ပြင်မှာအစာရေစာငတ်ပြီးသေဆုံးတာတွေ ထိုင်း မလေးရှား အင်ဒိုနီးရှားပင်လယ်ပြင်တွေမှာဖမ်းမိတာတွေလည်း မကြာခဏဆိုသလို ရှိနေပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG