ရိုဟင်ဂျာတွေအနေနဲ့ ပြဿနာကို ဖြေရှင်းတဲ့နေရာမှာ တရားမဝင်တဲ့ အကြမ်းဖက် လှုပ်ရှားမှု အားလုံးကို ရှောင်ရှားပြီး ထိန်းထိန်းသိမ်းသိမ်း ဖြေရှင်းကြဖို့နဲ့ အောင်မြင်တဲ့ အဖြေတခုရတဲ့အထိ အပြုသဘောဆောင် ကြိုးပမ်း အားထုတ်သွားကြဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ရိုဟင်ဂျာရေးရာ အကြံပေးအရာရှိချုပ်ရဲ့ အဆင့်မြင့် ကိုယ်စားလှယ် Dr Khalilur Rahman က တိုက်တွန်းလိုက်ပါတယ်။
လာမယ့် ရိုဟင်ဂျာအရေး နိုင်ငံတကာ ညီလာခံအတွက် ပြင်ဆင်တဲ့နေရာမှာ အားလုံး ညီညွတ်တဲ့ အသံတခု ထွက်အောင် ကြိုးစားဖို့ တိုက်တွန်းတာပါ။ အူးခီးယား ဒုက္ခသည်စခန်းမှာရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေနဲ့ ကိုယ်တိုင် သွားရောက် တွေ့ဆုံချိန်မှာ အခုလို ပြောကြားခဲ့တာပါ။
ဒီနှစ်ထဲ ကုလသမဂ္ဂက ဦးစီးပြီး ကျင်းပဖို့ရှိတဲ့ နိုင်ငံတကာ ရိုဟင်ဂျာ ညီလာခံ အတွက် ရိုဟင်ဂျာ အသိုင်းအဝိုင်းအနေနဲ့ ပြင်ဆင်မှုတွေ လုပ်နေချိန်မှာ ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ ရိုဟင်ဂျာရေးရာ အထူး ကိုယ်စားလှယ်က အခုလို တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။
ရိုဟင်ဂျာ ပဋိပက္ခနဲ့ ပတ်သက်လို့ ရေရှည်တည်တံ့ပြီး ငြိမ်းချမ်းတဲ့နည်းနဲ့ အဖြေရှာကြဖို့ ကုလသမဂ္ဂညီလာခံမှာ ရိုဟင်ဂျာရေးရာ ဘင်္ဂလားဒေ့ရှ် အထူး အကြံပေးပုဂ္ဂိုလ် Mohammad Yunus က တင်ပြခဲ့ပြီးတဲ့နောက် ဒီညီလာခံ ကျင်းပဖို့ကို ကုလသမဂ္ဂ အထွေထွေ ညီလာခံက ပြီးခဲ့တဲ့နှစ် စက်တင်ဘာလမှာ တခဲနက် ဆုံးဖြတ် အတည်ပြုပေးခဲ့တာ ဖြစ်ပါတယ်။
Forum