မွတ်ဆလင် ရိုဟင်ဂျာဒုက္ခသည်လို့ ယူဆရတဲ့ လူ ၃၀၀ နီးပါး တင်ဆောင်လာတဲ့ လှေနှစ်စင်းကို မလေးရှား အာဏာပိုင်တွေက စနေနေ့က လမ်းကြောင်းလွှဲပေးခဲ့တယ်လို့ မလေးရှား အာဏာပိုင်တွေက ပြောပါတယ်။ မလေးရှားနိုင်ငံ အရှေ့မြောက်ပိုင်း အပန်းဖြေကျွန်း Langkawi ကမ်းခြေတစ်ခုမှာ သောကြာနေ့ အစောပိုင်းက ရိုဟင်ဂျာ ၁၉၆ ဦး လှေတင်သင်္ဘော နှစ်စင်း ဆိုက်ရောက်လာပြီးနောက် နောက်ထပ် လှေနှစ်စင်း ဝင်ရောက်ဖို့ ကြိုးပမ်းနေတဲ့အတွက် ကမ်းကပ်မခံပဲ ပြန်လွှတ်လိုက်တာပါ။ ဒီလိုပြန်လွှတ်လိုက်တဲ့အတွက် သွားစရာ နေစရာ စားစရာမရှိဖြစ်နေရတဲ့ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အခက်အခဲဖြစ်စေတယ်လို့ Association Rohingya Thailand အဖွဲ့အစည်းက ဗွီအိုအေကို ပြောပါတယ်။ ဒီသတင်းကို ထိုင်းအခြေစိုက် ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်
မြန်မာနိုင်ငံက ရွှေ့ပြောင်းနေထိုင်သူ ရိုဟင်ဂျာ စုစုပေါင်း (၁၉၆)ဦး လိုက်ပါလာတဲ့ စက်လှေ တစင်း ကို လန်ကာဝီကျွန်းမှာ မလေးရှားနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့က ဇန်နဝါရီ ၃ရက်နေ့မနက် အစောပိုင်းဖမ်းဆီးခဲ့ပြီး တခြား စက်လှေ နှစ်စင်းကိုလည်း မလေးရှားနိုင်ငံ ရေပိုင်နက်မှာ ထပ်ပြီးတွေ့တဲ့အတွက် မလေးရှားရေတပ်အာဏာပိုင်တွေက ပင်လယ်ပြင်ကိုပြန်ပြီး မောင်းထုတ်လိုက်တယ်လို့ Association Rohingya Thailand အဖွဲ့အစည်းက ပြောရေးဆိုခွင့်ရှိသူ နိုင်အာလီက VOA ကို ပြောပါတယ်။
"သင်္ဘောကလူတွေကို မလေးကိုရောက်ပေမယ့်လည်း သူတို့ကိုပြန်မောင်းထုတ်လိုက်တယ်။ သူတို့ကို ပြန်မောင်းထုတ်လိုက်တယ်။ မလေးရှားရေတပ်ရဲတွေက မောင်းထုတ်တာ သူတို့ကိုတွေ့တာနဲ့ မလေးကို ပေးမဝင်ဘူး သူတို့က ဝင်ချင်တယ်။ သူတို့ကမောင်းထုတ်လိုက်တယ် ရေမရှိဘူး ဆီမရှိဘူး အစာဖိုးမရှိဘူးဖြစ်နေတယ်။ အဲဒါကျနော်တောင်းဆိုချင်တာကတော့ သူတို့က သွားဖို့နေရာမရှိလို့ လာတာပါ။ သူတို့က သွားဖို့မရှိဘူး စားဖို့လည်းမရှိဘူး ဘာမှလည်းမရှိဘူး။"
သောကြာနေ့ကတော့ လန်ကာဝီအနီးရှိ အခြားလှေနှစ်စင်းကို အာဏာပိုင်များက တွေ့ရှိခဲ့ကြောင်း မလေးရှားအာဏာပိုင်တွေက ပြောပါတယ် ။ ရိုဟင်ဂျာလို့ ယူဆရတဲ့ လှေနှစ်စင်းပေါ်က လူတွေကတော့ ပင်ပန်းနွမ်းနယ်နေပြီး စားနပ်ရိက္ခာနဲ့ ရေ ချို့တဲ့နေကြောင်း မလေးရှားပင်လယ်ရေကြောင်း ထိန်းသိမ်းရေး အေဂျင်စီ အကြီးအကဲ Mohamad Rosli Abdullah က ပြောဆိုခဲ့ပြီ' ဒီလှေနှစ်စင်းကို ခရီးဆက်ဖို့ မလေးရှားနိုင်ငံအပြင်ကို ပို့ဆောင်တာမလုပ်ခင်မှာ ရိက္ခာနဲ့သောက်သုံးရေ အပါအဝင် အကူအညီများ ပေးအပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။
လှေတွေ ဘယ်ကို ဦးတည်နေတယ်ဆိုတာ မပြောခဲ့သလို အသေးစိတ် အချက်အလက်တွေကိုတော့ မပြောခဲ့ပါဘူး။ သူတို့ဘယ်က လာတယ်ဆိုတာ အသေးစိတ်တော့ မသိရပေမယ့် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေမှာ နေထိုင်တဲ့ ရိုဟင်ဂျာ အများအပြားကို လူကုန်ကူးသူတွေက တခြားနေရာတွေမှာ ပိုမိုကောင်းမွန်တဲ့ ဘဝရှာဖို့ ထွက်ခွာဖို့ ဆွဲဆောင်နေတယ်လို့မလေးရှားအာဏာပိုင်တွေက ဆိုပါတယ်။
မြန်မာနိုင်ငံမှာ လူမျိုးရေး ဘာသာရေး အကြမ်းဖက်မှုတွေကနေ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၁ သန်းကျော်ကို ဘင်္ဂလားဒေ့ရှ်က လက်ခံပေးထားတာပါ၊ မလေးရှားနိုင်ငံအစိုးရက ၂၀၂၄ ခုနှစ်အတွင်း မလေးရှားကိုတရားမဝင်ဝင်ရောက်လာသူ မြန်မာအပါ ၁၁၄ နိုင်ငံမှလူဦးရေ ၂သိန်း၄သောင်းကျော်ကို နေရပ်ပြန်ပို့ဖို့ ရှိနေကြောင်းသတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီထဲမှာ ရိုဟင်ဂျာတွေကတော့ တရားမဝင်ခိုးဝင်နေပြီးမလေးရှားမှာ ရိုဟင်ဂျာ ၁သိန်းလောက်ရှိနေတယ်လို့ဆိုပါတယ်။ အများစုကတော့ အခုလို ရေလမ်းကြောင်းကနေ စက်လှေတွေနဲ့ လာခဲ့ကြတာလို့လည်းပြောဆိုခဲ့ပါတယ်။
Forum