အကျဉ်းထောင်တွေမှာ ဖမ်းဆီးခံထားရတဲ့ ထောင်ဂဏန်းရှိ ရိုဟင်ဂျာတွေကို မကြာသေးခင်က ရခိုင်ပြည်နယ်ပြန်ပို့လိုက်တဲ့သတင်းတွေ ထွက်လာတာကြောင့် လူ့အခွင့်အရေးလှုပ်ရှားသူတွေ စိုးရိမ်နေကြပါတယ်။ စစ်ရေးပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်ကို ပြန်ပို့လိုက်တာကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ တကျော့ပြန်ရင်ဆိုင်ရနိုင်တဲ့ အန္တရာယ်ရှိတယ်လို့လည်း သတိပေးနေကြတာပါ။ ရန်ကုန်ကသတင်းပေးပို့ ထားတာကို အခြေခံပြီးတင်ပြထားပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံက အကျဉ်းထောင်တွေမှာ ဖမ်းဆီးခံထားရတဲ့ ရိုဟင်ဂျာ တထောင်လောက်ကို စစ်ကောင်စီက ရေကြောင်းကနေ ရခိုင်ပြည်နယ် စစ်တွေကို မကြာသေးခင်က ပြန်ပို့လိုက်တယ်ဆိုတဲ့သတင်းကြောင့် စိုးရိမ်မှုတွေ ထွက်ပေါ်လာတာပါ။ ရိုဟင်ဂျာတွေကို ရန်ကုန်မြို့ အင်းစိန်ထောင်မှာစုပြီး ဖေဖော်ဝါရီလ ၁၆ ရက် မနေ့ကမနက်ပိုင်းမှာ ရန်ကုန်ဆိပ်ကမ်းကနေ ပြန်ပို့ လိုက်တာလို့လည်း မြန်မာနိုင်ငံလုံးဆိုင်ရာအကျဉ်း သားများကွန်ရက် (PPNM) ပြောခွင့်ရ ကိုသိုက်ထွန်းဦးက ပြောပါတယ်။
“တနင်္ဂနွေနေ့ မနက် ၆ နာရီလောက်မှာ ရိုဟင်ဂျာ ၉၃၆ ယောက်ထဲက ၁၈ ဦးနုတ်လိုက်မယ်ဆိုရင် ကျန်တဲ့ ရိုဟင်ဂျာအမျိုးသား ၅၀၀ ကျော်၊ အမျိုးသမီး ၂၀၀ ကျော်နဲ့ ကလေး ၆၇ ဦးဝန်းကျင်ကို သူတို့ ခေါ်ဆောင် သွားတာဖြစ်တယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရယ်၊ ရဲတပ်ဖွဲ့ဝင်တွေရယ်၊ လဝကရယ် -လဝက,ကတော့ စနေနေ့ကတည်းက သူတို့ကို လာရောက်စိစစ်ပြီးတော့ ကဒ်တချို့ ထုတ်သွားတယ်လို့ သိရပေမယ့် ဘာကဒ်လဲဆိုတာတော့ ကျနော်တို့ မသိရဘူး။ အဲတော့ ခေါ်ထုတ်သွားတယ်ဆိုတာ လောက်နဲ့ ကျနော်တို့က လမ်းဆုံးသွားတယ်။ ရန်ကုန်ဆိပ်ကမ်းက ရေယာဉ်အသုံးပြုပြီး ခေါ်သွားတာ လောက်ပဲ ကျနော်တို့ အဖွဲ့အစည်းကလုပ်နိုင်တဲ့ အခြေအနေပဲရှိတယ်။ အဲလောက်ပဲ ကျနော်တို့ အတည်ပြုနိုင်တယ်။”
ရိုဟင်ဂျာတွေကို ရေကြောင်းကနေ ပြန်ပို့လိုက်တဲ့ သတင်းနဲ့ ပတ်သက်လို့ စစ်ကောင်စီက လတ်တလော သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။ ရခိုင်ပြည်နယ်မှာ အာရက္ခတပ်တော် AA အဖွဲ့နဲ့ စစ်ကောင်စီကြား တိုက်ပွဲတွေအတွင်း အရပ်သားတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်ခံရမှု သတင်းတွေ ထွက်ပေါ်နေချိန်မှာ ပြန်ပို့လိုက်တာကြောင့် စိုးရိမ်မှုတွေလည်း ထွက်ပေါ်နေတာပါ။
“ဒီတထောင်ဝန်းကျင်လောက်ရှိတဲ့ ရိုဟင်ဂျာတွေကို အခုလိုမျိုး ခေါ်ထုတ်သွားတဲ့အခါမျိုးမှာ တကယ် ဆိုရင် ပွင့်လင်းမြင်သာမှုရှိစွာနဲ့ အားလုံးမျက်မြင်ရှေ့မှာ သတင်းထုတ်ပြန်ပြီးတော့ လွှတ်ပေးရမယ့် အစား မနေ့က ၁၆ရက်နေ့ မနက် ၆နာရီဝန်းကျင်မှာ လူမသိသူမသိ ခေါ်ထုတ်သွားတဲ့ ကိစ္စရပ်ကလည်း ဒါဟာ လွှတ်ပေးတယ်ဆိုတာထက် နိုင်ငံရေးအားဖြင့်၊ စစ်ရေးအားဖြင့် ရိုဟင်ဂျာတွေကို အသုံးချနိုင်တဲ့ အန္တရာယ်တွေနဲ့ပဲ ကြုံတွေ့ရနိုင်တယ်လို့ ကျနော်တို့ သုံးသပ်ပါတယ်ခင်ဗျာ။”
ရခိုင်ပြည်နယ်က မြို့နယ်အများအပြားကို ထိန်းချုပ်ထားကြောင်း AA အဖွဲ့က ကြေညာထားပြီး မြို့တော် စစ်တွေကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်နေချိန်မှာ ရိုဟင်ဂျာတွေကို ပြန်ပို့လိုက်တာကြောင့် လူ့အခွင့် အရေး လှုပ်ရှားသူတွေ ပိုပြီးစိုးရိမ်နေကြတာပါ။ရခိုင်ပြည်တွင်း လူမူရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ ကိုဝေဟင်အောင် ကတော့ ရိုဟင်ဂျာတွေကို စစ်ရေးအတွက် အသုံးချမှာ စိုးရိမ်ရတယ်လို့ သတိပေးပါတယ်။
“အဲဒီမွတ်ဆလင်ဆိုသူတွေကို အင်းစိန်ထောင်မှာ ဘယ်အချိန်ကဖမ်းထားတာလဲ၊ ဘယ်ဥပဒေတွေနဲ့ ဖမ်းထားပြီးတော့ ဘယ်လိုထောင်ကျနေမှန်းမသိတဲ့ အုပ်စုတအုပ်စုကို မနေ့ကမှ သူတို့ဟာ လွတ်ရက် စေ့ပြီးတော့ လွတ်ပါတယ်ဆိုပြီး စစ်တွေကို ပို့တယ်ဆိုတာက စစ်တွေကို အာရက္ခတပ်တော် AA က ထိုးစစ်ဆင်နေတာကို ခံစစ်လုပ်ဖို့အတွက် သူတို့ကို ဓားစာခံအဖြစ်ပို့လိုက်တာလို့ မြင်တယ်။”
ရခိုင်ပြည်နယ်မှာ စစ်ရေးအရ အရှုံးနဲ့ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီဟာ ရခိုင်ပြည်နယ်မှာရှိတဲ့ ရိုဟင်ဂျာ တွေကို လက်နက်တပ်ဆင် သင်တန်းပေးပြီးတော့ တိုက်ပွဲအတွင်း စေလွှတ်တိုက်ခိုက်ခိုင်းတာရှိသလို ရိုဟင်ဂျာ အကြမ်းဖက်လက်နက်ကိုင်တွေဖြစ်တဲ့ ARSA, RSO, ARA စတဲ့ အဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့ အာရက္ခတပ်တော် AA ရဲ့ ထိုးစစ်တွေကို ခုခံတိုက်ခိုက်ခဲ့တာရှိတယ်လို့ AA ဘက်က ထုတ်ပြန်ထားတာ တွေလည်းရှိပါတယ်။
Forum