သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်က ရိုဟင်ဂျာ ၁ ဒါဇင်ကျော် ပုသိမ်မြို့မှာ ဖမ်းဆီးခံရ


ရခိုင်ပြည်နယ်ဘက်က တရားဝင် ခရီးသွားခွင့် အထောက်အထားမရှိဘဲ ရောက်လာကြသူများ။ (ဓာတ်ပုံ - ပုသိမ်သား ဦးဇော်'s facebook - ဇန်နဝါရီ ၂၇၊ ၂၀၂၁)
ရခိုင်ပြည်နယ်ဘက်က တရားဝင် ခရီးသွားခွင့် အထောက်အထားမရှိဘဲ ရောက်လာကြသူများ။ (ဓာတ်ပုံ - ပုသိမ်သား ဦးဇော်'s facebook - ဇန်နဝါရီ ၂၇၊ ၂၀၂၁)

[Zawgyi/Unicode]

ရခိုင်ပြည်နယ်ကနေ တရားဝင် ခရီးသွားခွင့် အထောက်အထားမရှိဘဲ ရောက်လာကြတဲ့ အမျိုးသမီး အများစုအပါအဝင် ရိုဟင်ဂျာမူဆလင် တစ်ဒါဇင်လောက်ကို ဧရာဝတီတိုင်းမှာ အာဏာပိုင်တွေ ဖမ်းဆီး ထိန်းသိမ်းလိုက်တဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မမေခက ပြောပြပေးပါမယ်။

ဧရာဝတီတိုင်း ပုသိမ်မြို့မှာ ကင်းလှည့်တာဝန်ကျနေတဲ့ ရဲတပ်ဖွဲ့က ကားတစင်းကို မသင်္ကာလို့ စစ်ဆေးရာမှာ အမျိုးသမီး ၁၂ ဦးနဲ့ အမျိုးသား ၁ ဦး စုစုပေါင်း ရိုဟင်ဂျာ ၁၃ ယောက်ကို တွေ့ရှိပြီး ထိန်းသိမ်းလိုက်တာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ကနေ ခရီးသွားလာခွင့် တရားဝင် အထောက်အထား မရှိဘဲ ရောက်လာသူတွေကို ကိုဗစ်ကပ်ရောဂါကာလ ဖြစ်တာကြောင့် ပုသိမ်တက္ကသိုလ် တေဇဆောင်မှာ သီးခြားခွဲ စောင့်ကြည့် စစ်ဆေးရာမှာတော့ ရောဂါကူးစက်မှု မတွေ့ရကြောင်းလည်း တာဝန်ရှိသူတွေက ပြောပါတယ်။ သူတို့ကို ခေါ်ဆောင်လာတဲ့ ကားက ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်ကိုတော့ ပုသိမ် မြို့မရဲစခန်းမှာ ထိန်းသိမ်းထားပြီး သွေးဆောင်ခေါ်ယူမှုနဲ့ အရေးယူထားတယ်လို့လည်း ဧရာဝတီတိုင်း ရဲတပ်ဖွဲ့မှူးရုံး ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ထွန်းရွှေက ပြောပါတယ်။

"အကြမ်းဖျင်းက သူတို့ကတော့ ရခိုင်ပြည်နယ် တောင်ဂုတ်ဘက်က လာတယ်လို့ပဲ ပြောပါတယ်။ အမျိုးသမီးက ၁၂ ယောက်၊ အမျိုးသားက တယောက်ပါ။ သူတို့ကိုတော့ ဘယ်လိုဆက်လုပ်မယ်ဆိုတာကတော့ ကျနော်လည်းပြောလို့ မတတ်သေးဘူး။ ဟိုတခေါက်ကတော့နေရပ်ပြန်ပို့လိုက်တာပဲ။ အထောက်အထားတော့ ဘာမှမပါဘူး ပြောပြချက်အရကတော့ ရန်ကုန်သွားမယ့်သူရှိတယ်၊ မလေးသွားမယ့်သူ ရှိတယ်... ဒါသူတို့ရဲ့ ထွက်ဆိုချက်အရပေါ့။ ခေါ်လာတဲ့လူတွေကိုကျတော့ ရာဇသတ်ကြီးပုဒ်မ ၃၆၇ နဲ့ အမှုဖွင့် အရေးယူဆောင်ရွက်ထားပါတယ် ခင်ဗျ။"

ဒီလထဲမှာပဲ ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်မှာ ရိုဟင်ဂျာ ၉၉ ယောက်ကို အာဏာပိုင်တွေ စစ်ဆေးတွေ့ရှိ ထိန်းသိမ်းလိုက်သလို၊ နောက်ထပ်လည်း သင်္ကန်းကျွန်းမြို့နယ်မှာ ၆ ဦး၊ ဧရာဝတီတိုင်း ပုသိမ်မြို့နယ် ချောင်းသာကမ်းခြေမှာ ၇ ဦးနဲ့ ဧရာဝတီတိုင်း မော်လမြိုင်ကျွန်းမြို့နယ် သစ်ပုတ်ကျေးရွာအနီးမှာ ၃၄ ဦးကိုလည်း အာဏာပိုင်တွေ ဖမ်းဆီးခဲ့တာပါ။ ဖမ်းဆီးမိသူတွေထဲမှာ မလေးရှားနိုင်ငံကို သွားဖို့ လူမှောင်ခိုတွေကို အခကြေးငွေပေးပြီး ရခိုင်ပြည်နယ်ကနေ ထွက်ခွာလာသူတွေ ပါဝင်ကြောင်းလည်း ကနဦး စစ်ဆေးချက်တွေအရ သိရှိရကြောင်းလည်း ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

မကြာသေးခင် ရက်တွေအတွင်း ရန်ကုန်တိုင်း အပါအဝင် နေရာတချို့မှာ အထောက်အထားမဲ့ ရိုဟင်ဂျာတွေ ဆက်တိုက်ဆိုသလို ဖမ်းဆီးမိတဲ့ သတင်းတွေကြောင့် လူမှောင်ခိုလုပ်ငန်းတွေကို ထိထိရောက်ရောက် ထိန်းချုပ်ဖို့ လိုအပ်နေသလို ဒီလူတွေဟာ လူကုန်ကူးသမားတွေရဲ့ ပစ်မှတ်ထားခံနေရတာကြောင့် ထိထိရောက်ရောက် အရေးယူဖို့လည်း ရိုဟင်ဂျာအရေး လှုပ်ရှားနေတဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်ရေးပါတီက ဦးကျော်စိုးအောင်က တိုက်တွန်းပါတယ်။

ရခိုင်ပြည်နယ်ဘက်က တရားဝင် ခရီးသွားခွင့် အထောက်အထားမရှိဘဲ ရောက်လာကြသူများ။ (ဓာတ်ပုံ - ပုသိမ်သား ဦးဇော်'s facebook - ဇန်နဝါရီ ၂၇၊ ၂၀၂၁)
ရခိုင်ပြည်နယ်ဘက်က တရားဝင် ခရီးသွားခွင့် အထောက်အထားမရှိဘဲ ရောက်လာကြသူများ။ (ဓာတ်ပုံ - ပုသိမ်သား ဦးဇော်'s facebook - ဇန်နဝါရီ ၂၇၊ ၂၀၂၁)

"အဓိကအားဖြင့် လူမှောင်ခိုသမားတွေက စည်းရုံးပြီးတော့ ခေါ်လာတဲ့သဘော လူမှောင်ခိုတွေက သက်ဆိုင်ရာနယ်မြေမှာရှိသလို ရန်ကုန်မှာလည်း ရှိတယ်။ ရန်ကုန်ကနေ မလေး၊ ယိုးဒယားပို့မယ်ဆိုရင် အဲဒီဘက်မှာလည်း လူမှောင်ခိုသမားတွေ အချိတ်အဆက်ရှိနေတဲ့သဘောပါ။ အဲဒီကနေတဆင့် သွားလာနေတဲ့သဘောပါ။ သူတို့ကိုခေါ်မယ်၊ ပြုမယ်၊ ပို့မယ်။ ပို့မယ့်နေရာမှာ တချို့နေရာမှာရောင်းစားမယ်၊ တချို့နေရာတွေကျတော့ ပိုက်ဆံပေးပြီး အော်ဒါပေးတာရှိတယ်။ မိန်းကလေးတယောက် ခေါ်လာရင် ငါ ဘယ်လောက်ပေးမယ်... အဲဒီလိုမျိုးနဲ့ ခေါ်လာနေတဲ့ သဘော ဖြစ်နေတယ်။ ဒါရှင်းရှင်းပြောရင် ဒါလူမှောင်ခိုသမားတွေရဲ့ စားကျက်ဖြစ်နေတယ်လို့ ကျနော်အဲဒီလိုမျိုး သုံးချင်တယ်။ လုပ်စားနေတဲ့လုပ်စားခွက်နေရာ တခုလို ဖြစ်နေပြီ။ ဒီကိစ္စကို နိုင်ငံတော်အစိုးရဘက်က ထဲထဲဝင်ဝင်ကိုင်တွယ်ဖြေရှင်းမယ်ဆို လူမှောင်ခိုသမားတွေ ခေါင်းထောင်နိုင်မှာ မဟုတ်ဘူး။ ဒီလိုပွဲစားကခေါ်လာတဲ့ အနေအထားလည်း ဖြစ်လာမှာ မဟုတ်ဘူး။ နေရင်းထိုင်ရင်း ဒုက္ခသည်တွေက ဒုက္ခတွေအပေါ်မှာ ဆက်ဆင့်ပြီးတော့ ဒုက္ခလည်းရနိုင်စရာမရှိဘူးလို့မြင်တယ်။"

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကိုတော့ မြန်မာအစိုးရက တရားဝင် အသိအမှတ်ပြု လက်ခံမထားသလို တရားဝင် ခရီးသွားလာခွင့်တွေကိုလည်း ကန့်သတ်ထားတာကြောင့် ခွင့်ပြုချက်အထောက်အထားမရှိဘဲ သွားလာသူတွေဟာ မကြာခဏ ဖမ်းဆီးခံရမှုတွေနဲ့လည်း ကြုံရလေ့ရှိပါတယ်။ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေကတော့ ရိုဟင်ဂျာတွေ လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့် အပါအဝင် အခြေခံနိုင်ငံသား အခွင့်အရေးတွေ ခံစားခွင့်ပေးဖို့လည်း မြန်မာအစိုးရတာဝန်ရှိသူတွေကို တိုက်တွန်းထားကြပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]









XS
SM
MD
LG