သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခရီးသွားအထောက်အထားမရှိတဲ့ ရိုဟင်ဂျာ ၃၀ ကျော် ဧရာဝတီတိုင်းမှာ ဖမ်းဆီး


ဇန်နဝါရီ ၆ ရက်နေ့က ရွှေပြည်သာမြို့နယ်မှာ ထိန်းသိမ်းခံခဲ့ရတဲ့ ရိုဟင်ဂျာမူဆလင်များ။ (မှတ်တမ်းဓာတ်ပုံ - ကိုတေဇာအောင် (ရှင်သန်ခြင်းပရဟိတလူမှူကူညီရေးအသင်း ဘုံရှည်ကုန်း) - ဇန်နဝါရီ ၀၆၊ ၂၀၂၀)
ဇန်နဝါရီ ၆ ရက်နေ့က ရွှေပြည်သာမြို့နယ်မှာ ထိန်းသိမ်းခံခဲ့ရတဲ့ ရိုဟင်ဂျာမူဆလင်များ။ (မှတ်တမ်းဓာတ်ပုံ - ကိုတေဇာအောင် (ရှင်သန်ခြင်းပရဟိတလူမှူကူညီရေးအသင်း ဘုံရှည်ကုန်း) - ဇန်နဝါရီ ၀၆၊ ၂၀၂၀)

[Zawgyi/Unicode]

ရခိုင်ပြည်နယ်ကနေ တရားဝင် ခရီးသွားခွင့် အထောက်အထားမရှိဘဲ ရောက်လာကြတဲ့ ရိုဟင်ဂျာမူဆလင် ၃၀ ကျော်ကို ဧရာဝတီတိုင်းမှာ အာဏာပိုင်တွေ ဖမ်းဆီးထိန်းသိမ်းလိုက်တဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအဂ္ဂနွန်က ပြောပြပါမယ်။

ခရီးသွားလာခွင့် တရားဝင်အထောက်အထားမရှိဘဲ ရောက်လာကြတဲ့ ကလေးငယ်တချို့ အပါအဝင် ရိုဟင်ဂျာ ၃၄ ဦး ကိုတော့ ဧရာဝတီတိုင်း မော်လမြိုင်ကျွန်းမြို့နယ် သစ်ပုတ်ကျေးရွာအနီး အာဏာပိုင်တွေ စစ်ဆေးတွေ့ရှိပြီး ထိန်းသိမ်းလိုက်တာဖြစ်ပါတယ်။

မနေ့တုန်းက ကျွဲခြံကျေးရွာအုပ်စု၊ သစ်ပုတ်ကျေးရွာအနီး မြစ်အတွင်း ရပ်ထားတဲ့ စက်လှေတစင်းကို မသင်္ကာလို့ စစ်ဆေးရာက ဖမ်းဆီးမိခဲ့တာလို့လည်း ဧရာဝတီတိုင်း ရဲတပ်ဖွဲ့ရုံးက ဒုရဲမှူးကြီးထွန်းရွှေက ဗွီအိုအေကို ပြောပါတယ်။ ထိန်းသိမ်းထားသူတွေကို ကိုဗစ်ရောဂါပိုး ရှိမရှိ စစ်ဆေးရာမှာတော့ ရောဂါပိုးကင်းရှင်းကြောင်း တွေ့ရတယ်လို့လည်း ပြောပါတယ်။

“ဖမ်းဆီးမိတာတော့ ၃၄ ယောက်ပေါ့။ ကျား ၇ ဦး၊ မ ၂၇ ဦး၊ သူတို့ကတော့ ဒီထဲဝင်လာမယ်ဆိုတာ သတင်းအရ သွားရှာတာပေါ့။ ကျွန်းတစ်ကျွန်းမှာ သွားရှာတော့ အဲဒီမှာ တွေ့တာပါ။ ကလေးကတော့ ၃၄ ဦးထဲမှာ ကလေး ကျား ၇ ဦးနဲ့ မ က ၃ ဦးပါတယ်ခင်ဗျာ။အကြမ်းဖျင်းက သူတို့ကတော့ ရခိုင်ပြည်နယ် မောင်တောဘက်က လာတယ်လို့ပဲ အကြမ်းဖျင်းသိရသေးတာပေ့ါ။ သူတို့ကိုတော့ ကျန်းမာရေးဆေးစစ်မှုတွေတော့ ဆောင်ရွက်ထားပါတယ်ခင်ဗျ။ အားလုံး Negative ပါ။ သယ်ဆောင်လာတဲ့ လူတွေကိုတော့ အဖွင့်မှုထားတယ်ပေါ့၊ အဲ့ဒီလောက်ပဲ ရှိတယ်သေးတယ်၊ ကျန်တာက စစ်ဆေးဆဲပါခင်ဗျာ။”

ထိန်းသိမ်းထားသူတွေကိုတော့ ဒေသခံဘုန်းကြီးကျောင်း ဓမ္မရုံမှာ အသွားအလာကန့်သတ်ထားပြီး စစ်ဆေးမေးမြန်းနေဆဲ ဖြစ်တယ်လို့လည်း ဒုရဲမှူးကြီးထွန်းရွှေက ပြောပါတယ်။

ဒီလထဲမှာပဲ ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်မှာ ရိုဟင်ဂျာ ၉၉ ယောက်ကို အာဏာပိုင်တွေ စစ်ဆေးတွေ့ရှိ ထိန်းသိမ်းလိုက်သလို၊ နောက်ထပ်လည်း သင်္ကန်းကျွန်းမြို့နယ်မှာ ၆ ဦး၊ ဧရာဝတီတိုင်း ပုသိမ်မြို့နယ် ချောင်းသာကမ်းခြေမှာ ၇ ဦးကို အာဏာပိုင်တွေ ဖမ်းဆီးခဲ့တာပါ။ ဖမ်းဆီးမိသူတွေထဲမှာ မလေးရှားနိုင်ငံကိုသွားဖို့ လူမှောင်ခိုတွေကို အခကြေးငွေပေးပြီး ရခိုင်ပြည်နယ်ကနေ ထွက်ခွာလာသူတွေ ပါဝင်ကြောင်းလည်း ကနဦးစစ်ဆေးချက်တွေအရ သိရှိရကြောင်းလည်း ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

မကြာသေးခင် ရက်တွေအတွင်း ရန်ကုန်တိုင်း အပါအဝင် နေရာတချို့မှာ အထောက်အထားမဲ့ ရိုဟင်ဂျာတွေ ဆက်တိုက်ဆိုသလို ဖမ်းဆီးမိတဲ့ သတင်းတွေကြောင့် လူမှောင်ခိုလုပ်ငန်းတွေကို ထိထိရောက်ရောက် ထိန်းချုပ်ဖို့ လိုအပ်နေပြီလို့လည်း မော်လမြိုင်ကျွန်းမြို့နယ်က ဧရာဝတီတိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးဝေယံထွန်း ကပြောပါတယ်။

“ကူးသန်းရောင်းဝယ်ရေးလုပ် ပွဲစားလိုမျိုးလုပ်တဲ့ လူတွေကလည်း နိုင်ငံသားတွေ ဖြစ်ဖြစ်နေတာပေါ့၊ တခါကျတော့ ရခိုင်တွေဖြစ်တတ်တယ်။ ပြောချင်တာတော့ နိုင်ငံသားတွေ ဖြစ်ဖြစ်နေတာပေ့ါနော်။ အဲ့ဒီလူတွေရဲ့ character အကျင့်ဝတ်နဲ့ဆိုင်တာပေါ့နော်။ သူတို့က ချိုးဖောက်တော့ အဲ့ဒီလိုတွေဖြစ်တာပေါ့ဗျ။ အဲ့ဒီလိုမျိုး မဖြစ်ဖို့တော့ အားလုံးနိုင်ငံသားတိုင်း ထိန်းချုပ်မှရမှာပေါ့နော်။ နောက်တစ်ခါသက်ဆိုင်ရာ တာဝန်ရှိသူပေါ့... ဖောက်ထွက်မလာနိုင်အောင် အခုကျနော်တို့ မြို့နယ်က သတင်းရတယ်။ အဲ့ဒီကနေပြီးတော့ သတင်းပေးတယ်၊ မိတယ်၊ ဖမ်းတယ်။ အဲ့ဒီနေရာဖြစ်မယ်ဆိုရင် ကောင်းတယ်ပေါ့ဗျာ။ အဲ့ဒါဆိုရင်တော့ တော်ရုံတန်ရုံ အခုလိုဝင်လာလည်းပဲ မိသွားနိုင်တယ်။ ဒီလိုမဟုတ်ဘဲနဲ့ဆိုရင် အဆင်မပြေဘူးပေါ့နော်။”

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကိုတော့ မြန်မာအစိုးရက တရားဝင် အသိအမှတ်ပြု လက်ခံမထားသလို၊ တရားဝင် ခရီးသွားလာခွင့်တွေကိုလည်း ကန့်သတ်ထားတာကြောင့် ခွင့်ပြုချက်အထောက်အထားမရှိဘဲ သွားလာသူတွေဟာ မကြာခဏ ဖမ်းဆီးခံရမှုတွေနဲ့လည်း ကြုံရလေ့ရှိပါတယ်။ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေကတော့ ရိုဟင်ဂျာတွေ လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့် အပါအဝင် အခြေခံနိုင်ငံသား အခွင့်အရေးတွေ ခံစားခွင့်ပေးဖို့လည်း မြန်မာအစိုးရတာဝန်ရှိသူတွေကို တိုက်တွန်းထားကြပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]











XS
SM
MD
LG