ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် António Guterres ဟာ မွတ်စလင်ဥပုသ်လ ရာမဒန်ကာလ ခရီးစဉ်အဖြစ် မတ်လ ၁၃ ရက်ကနေ ၁၆ ရက်အထိ ဘင်္ဂလာဒေ့ရှ်ကို လာရောက်မှာ ဖြစ်ကြောင်း အတွင်းရေးမှူးချုပ်ရုံး ပြောခွင့်ရ Stephane Dujarric က ကြာသပတေးနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
သူဟာ Cox’s Bazaar မှာ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ တွေ့ဆုံမှာဖြစ်တဲ့အပြင် ဒက်ကာမှာလည်း ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရ အကြံပေး Muhammad Yunus နဲ့ တွေ့ဆုံဖို့ ရှိပါတယ်။
တချိန်တည်းမှာပဲ UNHCR ကုလဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Filippo Grandi က ဒက်ကာက အစိုးရဧည့်ဂေဟာ တွေ့ဆုံပွဲမှာ ရိုဟင်ဂျာဒုက္ခသည်ဆိုင်ရာ နိုင်ငံတကာအစည်းဝေးကို ကုလသမဂ္ဂမှာ ကျင်းပဖို့ ပြောကြားလိုက်တာကြောင့် ဒီနိုင်ငံတကာ အစည်းဝေးမှာ ရိုဟင်ဂျာ ပြဿနာကို အောင်မြင်အောင် ဖြေရှင်းကြဖို့ ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရအဖွဲ့ အကြံပေး Muhammad Yunus က ပန်ကြားလိုက်ပါတယ်။
ရိုဟင်ဂျာပြဿနာဟာ ဆယ်စုနှစ်နဲ့ ချီနေပြီဖြစ်တဲ့ လူသားစာနာမှုဆိုင်ရာ ကြေကွဲဘွယ် ပြဿနာဖြစ်ပြီး ဒါကို ကမ္ဘာက အာရုံစိုက်လာပြီး အကူအညီပေးကြဖို့လည်း တောင်းဆိုခဲ့ပါတယ်။ ဒီပြဿနာကို အောင်အောင်မြင်မြင် ဖြေရှင်းဖို့နဲ့ ခိုင်မာတဲ့ ရလဒ်တစုံတရာ ပေါ်ထွက်လာရေးအတွက် မျှော်လင့်ချက်ထားဖို့အပြင် ရိုဟင်ဂျာတွေအတွက် ရေရာတဲ့ အနာဂတ်ဖန်တီးပေးနိုင်မယ့် နည်းလမ်းရှိရမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။
ကုလ ဒုက္ခသည်ဆိုင်ရာ မဟာမင်းကြီးကလည်း နိုင်ငံတကာ အစည်းဝေးကို ဒီနှစ် နှောင်းပိုင်းမှာ ကုလသမဂ္ဂမှာ ကျင်းပဖို့ ထောက်ခံခဲ့တာပါ။ ကုလသမဂ္ဂမှာ အစည်းဝေးကျင်းပပြီး ရိုဟင်ဂျာပြဿနာကို ကမ္ဘာက ဝိုင်းဝန်းဖြေရှင်းဖို့ ကြိုစားမယ့် နည်းလမ်းဟာ ကောင်းမွန်ကြောင်းနဲ့ ဒီဆွေးနွေးပွဲကနေ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ထဲက အုပ်စု အသီးသီးကြား ယုံကြည်မှု တည်ဆောက်ရေးအတွက် လိုအပ်နေတဲ့ မူဝါဒတခု ချမှတ်သင့်တယ်လို့လည်း အကြံပြုပါတယ်။
Forum