သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်နဲ့ ယူကရိန်း သဘောတူစာချုပ် မချုပ်နိုင်ခဲ့


ယူကရိန်းသမ္မတ Volodymyr Zelenskyy နဲ့ အမေရိကန်သမ္မတ Donald Trump တို့ အိမ်ဖြူတော်မှာ တွေ့ဆုံ (AP Photo/ Mystyslav Chernov)
ယူကရိန်းသမ္မတ Volodymyr Zelenskyy နဲ့ အမေရိကန်သမ္မတ Donald Trump တို့ အိမ်ဖြူတော်မှာ တွေ့ဆုံ (AP Photo/ Mystyslav Chernov)

ယူကရိန်းနိုင်ငံက မြေရှားသတ္တုအပါအဝင် သယံဇာတတွေကို အမေရိကန်က ရယူပိုင်ခွင့် သဘောတူညီချက်ကို ယူကရိန်းနဲ့ အမေရိကန်ကြား သောကြာနေ့က လက်မှတ်မထိုးနိုင်ခဲ့ဘူးလို့ အိမ်ဖြူတော်က အတည်ပြုပါတယ်။

အိမ်ဖြူတော်မှာ သမ္မတ Donald Trump နဲ့ ယူကရိန်းသမ္မတ Volodymyr Zelenskyy တို့ သောကြာနေ့က အခြေအတင် ဖြစ်ခဲ့ပြီးနောက်မှာ ခေါင်းဆောင် ၂ ယောက် ပူးတွဲသတင်းစာရှင်းပွဲလည်း မလုပ်နိုင်ခဲ့ပါဘူး။ ယူကရိန်း အနာဂတ်လုံခြုံရေးနဲ့ ယူကရိန်းသယံဇာတတွေကို အမေရိကန် ရယူနိုင်ရေး ဆွေးနွေးမှုမလုပ်ခင် သတင်းထောက်တွေရှေ့ ဓါတ်ပုံအရိုက်ခံနေချိန်မှာ အခြေအတင် စကားများခဲ့ကြတာ ဖြစ်ပါတယ်။ ယူကရိန်နဲ့ ရုရှား ငြိမ်းချမ်းရေး ဆွေးနွေးမှုကိစ္စ ပြောရာက စတင်အခြေအတင် ဖြစ်ခဲ့တာပါ။

သမ္မတ Trump က ယူကရိန်းသမ္မတအနေနဲ့ အသာစီးရနိုင်တဲ့ အခြေအနေ မရှိဘူးလို့ ပြောကြားခဲ့သလို၊ သန်းနဲ့ချီတဲ့သူတွေရဲ့ အသက်တွေကို လောင်းကြေးထပ်နေတယ်လို့ သမ္မတ Zelenskyy ကို ပြောပါတယ်။ တတိယကမ္ဘာစစ် ဖြစ်နိုင်တဲ့ အခြေအနေနဲ့ လောင်းကြေးထပ်နေတယ်လို့လည်း စွပ်စွဲခဲ့ပါတယ်။

ဒုသမ္မတ JD Vance ကလည်း ရုရှားနဲ့ သံတမန်ရေးအရ ဆွေးနွေးပြီး ငြိမ်းချမ်းရေး လုပ်နေတာလို့ ဝင်ပြောပါတယ်။ Crimea ကို ၂၀၁၄ ခုနှစ်မှာ ရုရှား စတင်ကျူးကျော်တဲ့ကိစ္စကို သမ္မတ Zelenskyy ဘက်က ထောက်ပြပြန်ပြောခဲ့ပါတယ်။ အပြန်အလှန် ပြောခဲ့ကြပြီးနောက် တွေ့ဆုံပွဲ ရပ်ခဲ့ပြီး မကြာခင်မှာပဲ သမ္မတ Zelenskyy အိမ်ဖြူတော်ကနေ ပြန်သွားခဲ့ပါတယ်။

ငြိမ်းချမ်းရေးအတွက် အသင့်ဖြစ်ရင် အိမ်ဖြူတော်ကို ပြန်လာနိုင်တယ်လို့ သမ္မတ Trump က လူမှုကွန်ရက်ပေါ်မှာ ရေးတင်ခဲ့ပါတယ်။ ယူကရိန်းအနေနဲ့ လုံခြုံရေးအတွက် ခိုင်မာတဲ့ အာမခံချက်ရတာနဲ့ အမေရိကန်နဲ့ သဘောတူစာချုပ်ဖို့ အသင့်ပဲလို့ ယူကရိန်းသမ္မတက ဆွေးနွေးပွဲပျက်ခဲ့ပြီးနောက်မှာ ပြောကြားခဲ့ပါတယ်။

အိမ်ဖြူတော် Oval Office ရုံးခန်းလာပြီး မလေးမစား လုပ်တယ်လို့ သမ္မတ Trump က အပြစ်တင်ခဲ့သလို Republican အမတ်တချို့ကလည်း ဝေဖန်ခဲ့ကြပါတယ်။ နိုင်ငံခြားရေးဝန်ကြီး Marco Rubio ကတော့ ယူကရိန်းသမ္မတအနေနဲ့ သမ္မတ Trump ကို တောင်းပန်သင့်တယ်လို့ ပြောကြားခဲ့ပါတယ်။

Forum

XS
SM
MD
LG