သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနဲ့ ဆက်ဆံရေးတိုးမြှင့်ဖို့ ဘဲလားရု(စ်) လိုလား


ဘယ်လ်လာရုစ်ကိုယ်စားလှယ်တွေနဲ့ မြန်မာကိုယ်စားလှယ်တွေကြား ဆွေးနွေးမှု။ (Courtesy Photo: BELTA)
ဘယ်လ်လာရုစ်ကိုယ်စားလှယ်တွေနဲ့ မြန်မာကိုယ်စားလှယ်တွေကြား ဆွေးနွေးမှု။ (Courtesy Photo: BELTA)

ဘယ်လ်လာရုစ်နိုင်ငံဟာ မြန်မာနဲ့ ၂ နိုင်ငံကုန်သွယ်ရေးမှာရော စီးပွါးဆက်ဆံမှုမှာပါ တိုးမြှင့်ဆောင်ရွက်ဖို့ စိတ်ဝင်စားကြောင်း ဘယ်လ်လာရုစ်နိုင်ငံ Minsk မြို့ကိုရောက်နေတဲ့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံ အပြီးမှာ ဒုဝန်ကြီးချုပ် Yuri Shuleiko က ကြေညာချက် ထုတ်ပြန်ပါတယ်။

မတ်လ ၆ ရက်နေ့မှာ ဘယ်လ်လာရုစ် ကိုယ်စားလှယ်တွေနဲ့ မြန်မာကိုယ်စားလှယ်တွေကြား ဆွေးနွေးမှုတွေ ဆက်တိုက်ပြုလုပ်ခဲ့တဲ့ နောက်မှာ ကဏ္ဍစုံမှာ ပူးပေါင်းဆောင်ရွက်ဖို့ သင့်တော်တာ တွေ့ခဲ့ရတဲ့အတွက် အခုလို တိုးမြှင့်ဆောင်ရွက်လိုတာ ဖြစ်ကြောင်း ဒုဝန်ကြီးချုပ်က ပြောပါတယ်။ ဘယ်လ်လာရုစ်နိုင်ငံဟာ စက်ကရိယာတွေ ဆောက်လုပ်တဲ့ နိုင်ငံ ဖြစ်သလို စိုက်ပျိုးရေးနိုင်ငံလည်း ဖြစ်တဲ့အတွက် ကဏ္ဍအတော် များများမှာ မြန်မာနဲ့ အပြန်အလှန် အကျိုးပြုနိုင်တယ် လို့လည်း ပြောပါတယ်။

ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် ကလည်း အခုလို ဘယ်လ်လာရုစ်ကို လာရောက်တဲ့ ရည်ရွယ်ချက်က ၂ နိုင်ငံကြား ဘက်စုံပူးပေါင်း ဆောင်ရွက်မှု ခိုင်မာအောင်လုပ်ဖို့နဲ့ အဓိကအားဖြင့် စီးပွါးရေးပူးပေါင်းဆောင်ရွက်ဖို့ ဖြစ်ကြောင်း၊ ဘယ်လာရုစ် ပို့ကုန်ဆိုင်ရာ ကန်ထရိုက်စာချုပ်ကို လက်မှတ်ထိုးတာဟာ ၂ နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု တိုးတက်ဖို့ ဖြစ်ပြီး လယ်ထွန်စက်တွေ၊ မြေသြဇာတွေ၊ ဆေးနဲ့ တခြားကုန်ပစ္စည်းတွေ ဝယ်ယူလိုကြောင်းပြောကြားခဲ့တဲ့ အပြင် မြန်မာနိုင်ငံမှာ အထူးသဖြင့် စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ စက်ရုံတွေ လာဆောက်ခွင့် ပေးဖို့ပါ စဉ်းစားနေကြောင်းလည်း ပြောပါတယ်။

မတ်လ ၆ ရက် Minsk မှာကျင်းပတဲ့ ဘယ်လ်လာရုစ်- မြန်မာ စီးပွါးရေးဖိုရမ် မစခင် အခုလို တွေ့ဆုံခဲ့တာ ဖြစ်ပြီး စီးပွါးရေးဖိုရမ်မှာ ဒုဝန်ကြီးချုပ် Yuri Shuleiko နဲ့ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်တို့က အဖွင့်မိန့်ခွန်း ပြောကြားခဲ့တာပါ။ ဘယ်လ်လာရုစ် ခရီးစဉ်မှာ မြန်မာနိုင်ငံက အထည်ချုပ်လုပ်ငန်း၊ ကျောက်မျက်၊ ခရီးသွား၊ မွေးမြူရေးနဲ့ ငါးလုပ်ငန်း ဆိုင်ရာ အကြီးအကဲတွေ လိုက်ပါသွားတာ ဖြစ်ပါတယ်။

ဘယ်လ်လာရုစ် နိုင်ငံဟာ ကလေးအစားအစာတွေ အဓိကထုတ်လုပ်တာ ဖြစ်ပြီး ကြာသပတေးနေ့တွေ့ဆုံပွဲမှာ လက်မှတ်ရေးထိုးခဲ့တဲ့ စာချုပ်အရ ပထမဆုံး အသုတ်အနေနဲ့ ကလေးနို့မှုန့်တွေ တင်ပို့တော့မှာ ဖြစ်ကြောင်းလည်း ဒုဝန်ကြီးချုပ်က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG