သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စခမကျေးရွာဆရာတော် ပျံလွန်ရတာ စစ်ကောင်စီမှာ တာဝန်ရှိ (သပိတ်ကံဆောင် ဦးစီးဆရာတော်)


မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ လူနာကိုဆေးရုံလိုက်ပို့တဲ့ ပရဟိတကားပစ်ခတ်ခံရပြီး ကားပေါ်မှာပါလာတဲ့ စခမရွာဆရာတော် ပျံတော်မူ။ (Photo: တပ်မတော်သတင်းပြန်ကြားရေး/ဇွန် ၂၃၊ ၂၀၂၄)
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ လူနာကိုဆေးရုံလိုက်ပို့တဲ့ ပရဟိတကားပစ်ခတ်ခံရပြီး ကားပေါ်မှာပါလာတဲ့ စခမရွာဆရာတော် ပျံတော်မူ။ (Photo: တပ်မတော်သတင်းပြန်ကြားရေး/ဇွန် ၂၃၊ ၂၀၂၄)

ပဲခူးက ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ပစ်ခတ်ခံရပြီး ရက်ပိုင်းအကြာမှာပဲ မန္တလေးတိုင်း မြင်းခြံမြို့အထွက်မှာ ဆရာတော်တပါးထပ်မံပစ်ခတ်ခံရပြီးပျံလွန်တော်မူသွားခဲ့ပါသေးတယ်။ စစ်ကောင်စီဘက်က ကာကွယ်ရေးတပ်ဖွဲ့တွေ ပစ်ခတ်တာလို့ ထုတ်ပြန်ထားပေမယ့် ဒေသခံတွေကတော့ စစ်တပ်ဘက်က ပစ်ခတ်တာလို့ ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်း အပြည့်အစုံကို နန်းလောင်ဝ်က တင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်ညပိုင်းက မန္တလေးတိုင်း မြင်းခြံမြို့နဲ့မကျီးသမျှားကျေးရွာကြားမှာ မြတ်ပုည ပရိဟိတအသင်း လူမှုကူညီရေးကားပစ်ခတ်ခံရပြီး ကားပေါ်ပါလာတဲ့ စခမ ကျေးရွာဘုန်းကြီးကျောင်းက ဆရာတော်တပါး ပျံလွန်တော် မူသွားပြီး အရပ်သားတဦး ဒဏ်ရာရရှိခဲ့တာပါ။

ဝင်းနိမ္မိတာရုံဆရာတော်ကြီး ပစ်ခတ်ခံရပြီး ၅ ရက်အကြာ မန္တလေးတိုင်းထဲမှာ နောက်ထပ်ဆရာတော်တပါး ပစ်ခတ်ခံရပြီး ပျံလွန်တော်မူခဲ့တာလည်း ဖြစ်ပါတယ်။ စမခ ကျေးရွာက ဆရာတော်ပစ်ခတ်ခံရလို့ ပျံလွန်တော်မူတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ PDF အကြမ်းဖက်သမားတွေပစ်ခတ်လို့ ပျံလွန်တော်မူတာလို့ သတင်းထုတ်ပြန်ထားပြီး ဒေသခံတွေဘက်ကတော့ စစ်တပ်ဘက်ကပစ်တာလို့ ပြောနေကြပါတယ်။

ပျံလွန်တော်မူသွားတဲ့ စခမကျေးရွာက ဆရာတော်ဟာ လူနာကို မြင်းခြံဆေးရုံကိုလိုက်ပို့ပြီးအပြန်မှာပစ်ခတ်ခံရတာဖြစ်ပါတယ်။ ပစ်ခတ်ခံရတဲ့နေရာဟာ မြင်းခြံမြို့အစွန် ၁၈ ရပ်ကွက်အနီးက မြို့ပတ်လမ်းမှာဖြစ်ပြီး အဲ့ဒီနေရာဟာ စစ်တပ်လုံခြုံရေးတွေ ရှိတဲ့နေရာဖြစ်တယ်လို့ ဒေသခံတွေက ပြောနေကြတာပါ။

ပစ်ခတ်မှုဖြစ်ခဲ့တဲ့ နေရာအနီးမှာနေထိုင်တဲ့ ဒေသခံတဦးက ဖြစ်စဉ်ကိုအခုလို ရှင်းပြပါတယ်။

"ဆရာတော်က ညဦးပိုင်းကို လူနာရှိတော့ စခမ ကျေးရွာကလူနာကို အဖော်တယောက်နဲ့အတူ မြင်းခြံဆေးရုံကို လိုက်ပို့တာ။ လမ်းမှာ အစစ်အဆေးတွေလည်းရှိတော့ စစ်ကောင်စီတို့၊ ပျူစောထီးတွေတို့ကစစ်တော့ ဆရာတော်က ကိုယ်တိုင် ကားမောင်းပြီးလိုက်ပို့တာ။ အဲ့အရင်ကလည်း ဆရာတော်က မန္တလေးတို့ဘာတို့တွေကို ပရဟိတပုံစံမျိုး လိုက်ပို့နေတာ။ အဲ့ညက လူနာရှိလို့မြင်းခြံဆေးရုံကိုသွားပို့ပြီး ပြန်လာတဲ့အချိန်မှာ LockDown အချိန်က လွန်သွားပြီလေ။ ဆရာတော်က ၉ ခွဲလောက်ကို ကားမောင်းပြီးပြန်လာတာ။ မြင်းခြံကနေ စခမ ကျေးရွာကိုအပြန် စစ်ကောင်စီတွေ ကင်းပုန်းဝပ်နေတဲ့နေရာကိုအဖြတ် ကားရှေ့မီးတော့ဖွင့်တယ်။ အတွင်းမီးမဖွင့်တော့ ဆရာတော့်ကို မတားမပြုဘဲ၊ ပုံစံကြည့်တာ မူးရူးနေတယ်နဲ့တူတယ်။ အဲ့ဒါကြောင့် ပစ်ခတ်ပစ်တာထင်တယ်။ အဲ့မှာဆရာတော်လည်း ပျံလွန်တော်မူတယ်။ သူနဲ့ပါတဲ့ အောင်မျိုးသောင်းဆိုတဲ့သူ စမခရွာက ဒဏ်ရာရတယ်။ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက မြို့နား အဲ့လောက် နီးနီးကပ်ကပ် နေလို့မရဘူး။ အဲ့နား ရပ်ကွက်တွေနဲ့ အနီးဆုံးနေရာမှာနေတာကတော့ စစ်ကောင်စီကင်းပုန်းတွေနဲ့ ပျူစောထီးတွေပဲနေတာ။"

စစ်ကောင်စီဘက်ကတော့ ကားအမိုးပေါ်မှာ လုံခြုံရေးမီးတန်းပုံစံပါရှိတဲ့အတွက် လုံခြုံရေးယာဉ်အဖြစ် မှားယွင်းပစ်ခတ်တာဖြစ်နိုင်တယ်လို့ သတင်းထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

စမခ ဆရာတော် ပစ်ခတ်ခံရတဲ့နေရာအနီးမှာ အရင်ကလည်း တောင်သာကျေးရွာက လူငယ် ၅ ဦးကို စစ်တပ်က ပစ်ခတ်သတ်ဖြတ်တဲ့ဖြစ်စဉ်တွေရှိခဲ့ဖူးတယ်လို့ မြင်းခြံလူထု လှုပ်ရှားမှုကော်မတီရဲ့ တာဝန်ရှိသူတဦးက ဗွီအိုအေကို အခုလို ပြောပါတယ်။

"မြို့ပတ်လမ်းနဲ့ မကျီးသမျှားကြားထဲမှာ တခါမှ စစ်ရေးလှုပ်ရှားမှု မရှိဖူးဘူး။ ဒါပေမယ့် အခုဖြစ်စဉ်ဖြစ်ခဲ့တဲ့နားလေးမှာတော့ ကင်းပုန်းဝပ်နေတဲ့ ပျူနဲ့စစ်တပ်က တောင်သာက လူငယ်ပိုင်းလေးတွေပေါ့။ ၅ ဦးကို ဖမ်းပြီးတော့ သတ်တာက အခုဖြစ်စဉ်ဖြစ်ခဲ့တဲ့နားလေးမှာ ရှိခဲ့ဖူးတယ်။"

မန္တလေးတိုင်းထဲမှာ ရက်သတ္တပတ်အတွင်း နှစ်ကြိမ်ပစ်ခတ်ခံရလို့ ဆရာတော်နှစ်ပါး ပျံလွန်တော်မူခဲ့ရတဲ့ဖြစ်စဉ်တွေကိုကြည့်ခြင်းအားဖြင့် စစ်တပ်ဟာ “စစ်သည်တော်ကျင့်ဝတ်” အားနည်းတာကြောင့်ဖြစ်တယ်လို့ စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင် သပိတ်မှောက်တဲ့ ဒီပဲယင်းမြို့နယ်က ဦးဆောင်ဆရာတော်တပါးက အခုလို မိန့်ပါတယ်။

"အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်မှာ တာဝန်ရှိတာပေါ့။ သူတို့ရဲ့လက်ပါးစေ စစ်သားတွေကို ထိန်းကျောင်းတဲ့နေရာမှာ စစ်သည်တော် ကျင့်ဝတ်တွေနဲ့အညီ ထိန်းကျောင်းဖို့ လိုတာပေါ့။ အဲ့ဒီအပိုင်းမှာ တော်တော်ကြီး အားနည်းတာကို တွေ့ရတယ်။ လက်တွေ့အားဖြင့်လည်း အညာဒေသတွေမှာ စစ်ကြောင်းထိုးတဲ့အခါမှာ တွေ့တဲ့ရွာဝင်တယ်။ အိမ်တွေမီးရှို့တယ်။ အိမ်တွေထဲဝင်တယ်။ လက်ဝတ်ရတနာတွေအပြင် ထမိန်လို အမျိုးသမီးအသုံးအဆောင်ကအစ ယူတာဗျ။ ဆိုလိုတာက ဒီစစ်တပ်က အင်မတန် သန္ဓေညံ့တဲ့ စစ်တပ်ဖြစ်နေပြီ။ ဖွဲ့စည်းပုံအရ အတော့်ကို ဆိုးရွားတဲ့ စစ်တပ်။ ထိန်းကျောင်းမှု အလွန်ညံ့တဲ့ စစ်တပ်။ စစ်သည်တော်ကျင့်ဝတ်တွေနဲ့ အတော့်ကို လွဲချော်နေတဲ့ စစ်တပ် ဖြစ်နေတာပေါ့။"

စခမ ကျေးရွာ ဆရာတော်ကြီး ပစ်ခတ်ခံရပြီး ပျံလွန်တော်မူတာနဲ့ ပတ်သက်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေပစ်ခတ်တာလို့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားပြီး အလားတူပဲ ဝင်းနိမ္မိတာရုံ ဆရာတော်ကြီးပစ်ခတ်ခံရပြီး ပျံလွန်တာမူတာတုန်းကလည်း PDF အကြမ်းဖက်တွေပစ်ခတ်ခဲ့လို့ ပျံလွန်တော်မူခဲ့တာလို့ စစ်ကောင်စီဘက်က အစောပိုင်းမှာသတင်းထုတ်ပြန်ခဲ့တာပါ။ အဲဒီနောက် ကန်သုံးဆင့်ဆရာတော်က ဖြစ်စဉ်အမှန်ကို ဟောကြားပြီးတဲ့နောက်မှာပဲ စစ်ကောင်စီဘက်က သူတို့ ပစ်ခတ်ခဲ့တာလို့ ဝန်ခံခဲ့ပါတယ်။

အဲ့ဒီနောက်မှာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီဖြစ်စဉ်အပေါ် အလေးနက်ထားတောင်းပန်ကြောင်း လျှောက်ထားလွှာပို့ခဲ့ပြီး ဆရာတော်တွေဘက်ကတော့ မေ့ဖျောက်ဖို့မဖြစ်နိုင်ဘူးလို့ ပြန်လည် တုံ့ပြန်ခဲ့ပါတယ်။

ဝင်းနိမ္မိတာရုံ ဆရာတော်ပစ်ခတ်ခံရလို့ ပျံလွန်တာမူတာကြောင့် စစ်ကိုင်းတိုင်းထဲက ဆရာတော်တွေဟာ ပတ္တနိက္ကုဇ္ဇန ကံဆောင် သပိတ်မှောက်တာတွေရှိနေသလို အာဏာသိမ်း စစ်ခေါင်းဆောင်ကိုယ်တိုင် သံဃာတော်တွေနဲ့ လူထုကို လူကိုယ်တိုင် တောင်းပန်မှ သပိတ်တွေကို ရုပ်သိမ်းသွားမယ်လို့လည်း ဆရာတော်တွေက မိန့်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG