သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမ်း၊​ တောင်ကုတ်၊ ဂွ၊ မောင်တော ၄ မြို့နယ် ရဲ့  ၉ဝ % ကျော် AA သိမ်းပိုက်


အာရက္ခတပ်တော် AA သိမ်းပိုက်ထားတဲ့ စစ်ကောင်စီတပ်စခန်းတခု။
Photo-AA Info
အာရက္ခတပ်တော် AA သိမ်းပိုက်ထားတဲ့ စစ်ကောင်စီတပ်စခန်းတခု။ Photo-AA Info

ရခိုင်ပြည်နယ်က အမ်း၊ တောင်ကုတ်၊ ဂွနဲ့ မောင်တောမြို့နယ်တွေမှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA ကြားတိုက်ပွဲတွေဆက်ပြင်းထန်နေပြီး အဲ့ဒီ့မြို့ (၄) မြို့ရဲ့ ၉ဝ ရာခိုင်နှုန်းကျော်ကို သိမ်းပိုက်ထားပြီး ဖြစ်တယ်လို့ အာရက္ခတပ်တော် AA ပြောခွင့်ရက ဗွီအိုအေကို ပြောပါတယ်။ အမ်းမြို့နယ်မှာ စစ်ကောင်စီ တပ်စခန်း ၈ ခုကို သိမ်းပိုက်ထားနိုင်သလို ကျန်တဲ့တပ်စခန်းတွေကို ဆက်ပြီး ထိုးစစ်ဆင်နေတယ်လို့ AA ဘက်က ရခိုင်တကျော့ပြန်စစ်စတင်ခဲ့တဲ့ တနှစ်ပြည့်တဲ့နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။ ရခိုင်စစ်ရေးပဋိပက္ခနောက်ဆုံးအခြေအနေ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော်AAကြား တကျော့ပြန်တိုက်ပွဲတွေပြင်းထန်နေတာ ပြီးခဲ့တဲ့နှစ်နိုဝင်ဘာလ ၁၃ရက်နေ့ကစခဲ့တာ အခုဆို တနှစ်အထိရှိလာပြီဖြစ်သလို အဲ့ဒီ့တနှစ်တာ တိုက်ပွဲကာလအတွင်းရခိုင်ပြည်နယ်က မြို့နယ် ၁ဝခုနဲ့ ချင်းပြည်နယ်က ပလက်ဝမြို့နယ်တွေကို AAဘက်က သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီလို့ အာရက္ခတပ်တော်AAကသတင်းထုတ်ပြန်ထားပါတယ်။ ကျန်ရှိနေသေးတဲ့ အမ်း၊ တောင်ကုတ်၊ မောင်တောနဲ့ ဂွမြို့နယ်တွေကိုလည်း AA ဘက်က ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေတာပါ။

AA လက်ရှိထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ အမ်း၊ တောင်ကုတ်၊ မောင်တောနဲ့ ဂွ စတဲ့ လေးမြို့နယ်က စစ်ကောင်စီတပ်စခန်း တော်တော်များများကို သိမ်းပိုက်ထားနိုင်ပြီ အဲ့ဒီ့မြို့ (၄) မြို့ရဲ့ ၉ဝ ရာခိုင်နှုန်း ကျော်ကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း အာရက္ခတပ်တော်AAပြောခွင့်ရ ခိုင်သုခက ဗွီအိုအေကို ပြောပါတယ်။

“သိမ်းပိုက်နေဆဲ မြို့နယ်တွေပေါ့နော်၊ သိမ်းပိုက်နေဆဲဆိုတာက တချို့မြို့နယ်တွေဆိုရင် ၉၅ ရာခိုင်နှုန်း သိမ်းပိုက်ထားတယ်။ တချို့မြို့နယ်တွေဆိုရင် ၉ဝ ရာနှုန်းအထက်ပေါ့နော်၊ အဲလို သိမ်းပိုက်ထားတဲ့ မြို့နယ်တွေ၊ အဲဒါကတော့ လေးမြို့နယ်ဗျာ မောင်တော၊ တောင်ကုတ်၊ အမ်းနဲ့ ဂွ ဒီလေးမြို့နယ်ကလည်း ကျနော်တို့ သိမ်းပိုက်နေဆဲဖြစ်ပါတယ်။ နောက်သိမ်းပိုက်ဖို့ကျန်နေသေးတာကတော့ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင် အဲဒီမြို့နယ်တွေကတော့ သိမ်းပိုက်ဖို့ ကျန်နေသေးတာပေါ့။”

ဒါ့အပြင် အာရက္ခတပ်တော် AA ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့နယ်ကစစ်ကောင်စီတပ်စခန်း ၈ ခုကို လက်ရှိမှာ သိမ်းပိုက်ထားနိုင်ပြီလို့လည်း AAရဲ့ တနှစ်ပြည့် ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

AA သိမ်းပိုက်ရရှိထားတဲ့ စစ်ကောင်စီတပ်စခန်းတွေကတော့ ခြေမြန်တပ်ရင်း ခမရ (၃၇၃)၊ အမြောက် တပ်ရင်း အမတ(၃၇၄)၊ လျှပ်စစ်အလုပ်ရုံတပ်ခွဲ လလစ (၇၅၇)၊ စစ်လက်နက်ပစ္စည်းတပ်ခွဲ စနခ (၃၄၅)၊ တိုက်ပွဲဝင် စည်းရုံးရေးသင်တန်းကျောင်း တစသ(၈)၊ ကုတင် ၃၀၀ တပ်မတော် စစ်ဆေးရုံ တဆရ(၂/၃၀၀)၊ လေကြောင်းရန်ကာကွယ်ရေးတပ်နဲ့ စစ်ဖက်ဆိုင်ရာလုံခြုံရေးတပ်စရဖ တို့ ဖြစ်တယ်လို့ AAထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

အာရက္ခတပ်တော် AA အနေနဲ့ လက်ရှိတိုက်ခိုက်နေတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက် နိုင်မယ်ဆိုရင်ရခိုင်မှာ စစ်ကောင်စီတပ်တွေ ပြိုကွဲသွားနိုင်တယ်လို့လည်း ရခိုင်နိုင်ငံရေး လေ့လာသုံး သပ်သူ ဦးဖေသန်းကပြောပါတယ်။

“တိုက်ပွဲကတော့ အခုလည်း ပြင်းထန်နေတာပေါ့။ ဒီ ၄ မြို့ကို တကယ်လို့ အာရက္ခတပ်တော် AA ဘက် က သိမ်းပိုက်နိုင်မယ်ဆိုရင်တော့ မြန်မာစစ်တပ်အတွက် စစ်ဦးကျိုးသွားတယ်လို့ ပြောလို့ရတာပေါ့၊ ဘာလို့လဲဆိုတော့ သူတို့ရဲ့အဓိက နပခ ကျသွားမယ်ဆိုရင် Command center ပျက်စီးသွားပြီးတော့ စစ်ဆင်ရေးမှာ ဖရိုဖရဲ ဖြစ်သွားနိုင်တာပေါ့။ ခေါင်းမရှိတဲ့ ခန္ဓာကိုယ်လိုပေါ့၊ တကယ်ကို ခက်ခဲသွား နိုင်တယ်။ အဲဒါကြောင့် စစ်ရေးအောင်မြင်မှုက အမ်းသိမ်းပိုက်မှုပေါ်မှာ အများကြီး မူတည်တယ်။ အာရက္ခတပ်တော်ရဲ့ ဂုဏ်သိက္ခာက တရှိန်ထိုးတက်လာပြီးတော့ စစ်ကောင်စီရဲ့ စစ်ရေးကျဆုံးလာ နိုင်သလို စစ်ကောင်စီတပ်သားတွေလည်း ယုံကြည်မှုအားနည်းလာနိုင်တယ်။”

ရခိုင်ပြည်နယ်မှာ တကျော့ပြန်တိုက်ပွဲ တနှစ်ကျော်ကာလအတွင်းမှာ AA အနေနဲ့ စစ်ရေးအသာစီး ရခဲ့ပေမယ့် တိုက်ပွဲအတွင်း အရပ်သား ထောင်နဲ့ချီသေဆုံးခဲ့ရသလို ဒေသခံ ၇ သိန်းလောက် အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရပြီး စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး စတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတာလည်းဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ လေကြောင်း ပစ်ခတ်မှုတွေနဲ့ မှိုင်းခွဲဖျက်စီးမှု တွေကြောင့် ဈေး၊ကျောင်း၊ ဆေးရုံ၊ ဘာသာရေးအဆောက်အဦးတွေနဲ့ ဌာနဆိုင်ရာ အဆောက်အဦး ၁၅ဝကျော် ပျက်စီးခဲ့တယ်လို့ AA ရဲ့တနှစ်ပြည့် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ရခိုင်ပြည်တွင်းက ဒေသခံတွေရဲ့ နေ့စဉ်ကူးသန်းသွားလာရေးအတွက် အရေးပါတဲ့ တံတား ၃ဝ နီးပါးကိုလည်းစစ်ကောင်စီက မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ AA ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

စစ်ကောင်စီအနေနဲ့ ရခိုင်ပြည်နယ်အတွင်း ကုန်စည်စီးဆင်းမှုတွေနဲ့ ခရီးသွားလာမှုတွေကို တိုက်ပွဲ စတင်ခဲ့တဲ့နေ့ကနေအခုအချိန်ထိ ပိတ်ထားဆဲဖြစ်ပြီး ဖုန်း၊ အင်တာနက်နဲ့ လျှပ်စစ်မီးတွေကိုလည်း ဒီကနေ့အထိဖြတ်တောက်ထားဆဲဖြစ်ပါတယ်။

ဒါ့ကြောင့်လည်း ရခိုင်ပြည်နယ်အတွင်းမှာ အခြေခံစားသောက်ကုန် ဆေးဝါး၊ စက်သုံးဆီတွေနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေလည်း ရှားပါးနေသလို ဘဏ်လုပ်ငန်းတွေလည်း ရပ်တန့်နေတာ ကြောင့် ငွေသားရှားပါးမှု ပြဿာနာတွေနဲ့ပါရင်ဆိုင်နေကြရတာပါ။ တိုက်ပွဲတွေကြောင့် ရခိုင်မှာ အရပ်သား တထောင်ကျော် ထိခိုက်သေဆုံးဒဏ်ရာရရှိခဲ့သလို ဒေသခံ (၇) သိန်းလောက် နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၃- ၂၄ အချက်အလက် ကောက်ယူမှုတွေအရ ရခိုင်ပြည်နယ်ရဲ့ စီးပွါးရေးဟာ လည်ပတ်မှု လုံးဝ မရှိသလောက်နီးပါး ဖြစ်နေတာကြောင့် ဒေသခံ ၂ သန်းကျော် အငတ်ဘေးဆိုက်မယ့် အန္တရာယ် ရှိနေတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံး လက်ထောက်ပြောခွင့်ရ Stephanie Tremblay က နယူးယောက်မြို့ ကုလရုံးချုပ် သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။ ဒါဟာ ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် UNDP ရဲ့ နောက်ဆုံးထုတ်ပြန်တဲ့ ဆန်းစစ်ချက်ဖြစ်ပြီး ရခိုင်ပြည်နယ်တွင်း ပဋိပက္ခတွေနဲ့ ပတ်သက်လို့ အထူးပြု ဖေါ်ပြထားတာပါ။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG