သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ် စာနာမှုပြဿနာ နိုင်ငံတကာ ကူညီဖြေရှင်းဖို့ AA အဖွဲ့တောင်းဆို


စစ်ဘေးရှောင်မွတ်ဆလင်များကို AA ကကြိုဆိုခဲ့ကြောင်း ထုတ်ပြန်ခဲ့သည့်မှတ်တမ်းဓာတ်ပုံ (မေ ၁၃၊ ၂၀၂၄)
စစ်ဘေးရှောင်မွတ်ဆလင်များကို AA ကကြိုဆိုခဲ့ကြောင်း ထုတ်ပြန်ခဲ့သည့်မှတ်တမ်းဓာတ်ပုံ (မေ ၁၃၊ ၂၀၂၄)

ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူ ၅သိန်းကျော် အထိရှိလာနေပြီး လူသားချင်းစာနာမှုအကူအညီတွေအတွက် နိုင်ငံတကာအနေနဲ့ မြေပြင်မှာ ရှိနေတဲ့ ULA/AA နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ULA ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်က တောင်းဆိုလိုက်ပါတယ်။ ဒီအတောအတွင်း ရခိုင်ပြည်နယ် နေရာတချို့မှာ တိုက်ပွဲတွေ ဆက်ရှိနေဆဲဖြစ်သလို စားနပ်ရိက္ခာ ပြတ်လပ်တာတွေအပြင် မိုးရာသီရောက်လာတာကြောင့် နေထိုင်ရေးပါ ခက်ခဲနေကြတယ်လို့ စစ်ဘေးဒုက္ခသည်တွေက ဗွီအိုအေကို ပြောပါတယ်။ ရခိုင်ဒုက္ခသည်တွေရဲ့ အခြေအနေနဲ့ ပတ်သတ်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို ကိုစံကျော် တင်ပြမှာပါ။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA ကြား တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ ရခိုင်ဒေသခံ ၅သိန်းကျော်အထိရှိနေတယ်လို့ ULA ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် က မကြာသေးခင်က ကြေညာချက်ထုတ်ပြန်ထားပါတယ်။ လက်ရှိတိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်တဲ့ ဘူးသီးတောင် မောင်တောကနေ AA အာရက္ခတပ်တော် ထိန်းချုပ်နယ်မြေတွေကို ထွက်ပြေးလာသူ ၂သိန်းနီးပါးရှိနေပြီး အဲဒီထဲက ၈၀ ရာခိုင်နှုန်း လောက်ဟာ မွတ်ဆလင်တွေ ရခိုင်နဲ့ တခြားလူမျိုးစု ၂၀ လောက်ရှိတယ်လို့ AA ဘက်ကပြောပါတယ်။

လက်ရှိမှာတော့ ရခိုင်ပြည်နယ်မှာ ရှိနေတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ စားနပ်ရိက္ခာ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပြီး တချို့ဒုက္ခသည်စခန်းတွေမှာ လုံးဝစားစရာမရှိတော့တဲ့ အနေအခြေနေ ဖြစ်တယ်လို့ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်စစ်ဘေးဒုက္ခသည်စခန်းက စစ်ဘေးဒုက္ခသည်တဦးကပြောပါတယ်။

“ မလုံမလောက်စားသုံးနေရတယ်၊ လုံလုံလောက်လောက်တော့ မရှိဘူး၊ တခါတခါကျတော့ လေးစားဖို့ မရှိတော့ဘူးဆိုတော့ ဟိုကသွားချေးလိုက် ဒီကသွားချေးလိုက်နဲ့ အဲလိုစားနေကြတာလည်းမြင်ရတယ်။ တခါတလေကျတော့လည်း သူတို့က ကလေးတွေကိုပဲ ထမင်း ကျွေးပြီးတော့ လူကြီးတွေက မစားပဲနေကြတယ်၊ အဲလိုနေတဲ့သူတွေလည်းရှိတယ်။”

ဒါ့အပြင်ရခိုင်ပြည်နယ်မှာ ဒီရက်ပိုင်း မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတွေတအား တိုက်ခတ်နေ တာကြောင့် ဒုက္ခသည်တွေ နေထိုင်ရေးခက်ခဲနေကြသလို လာမယ့် မိုးတွင်းမှာလည်း ဒုက္ခသည်စခန်းတွေမှာ ပိုပြီးတော့ ခက်ခဲလာနိုင်တယ်လို့ ရခိုင်ဒေသမှာ လူမှုကူညီရေး ဆောင်ရွက်နေသူ စာရေးဆရာဝေဟင်အောင်က ပြောပါတယ်။

“ နွေရာသီတုန်းက ဆိုရင်တော့ တခြားအဆောက်အဦတွေ သူတို့နဲ့ ရင်းနှီးတဲ့အိမ်တွေမှာ ခိုလုံလို့ ရတာတွေရှိပေမဲ့ မိုးရာသီဆိုရင် သူတို့အတွက် အမိုးအကာမလုံလောက်မှုပြဿနာကို ကြီးကြီးမားမားရင်ဆိုင်လာရတယ်၊ အထူးသဖြင့် စစ်ကောင်စီက လမ်းတွေကို တောက်လျှောက်ပိတ်ထားခဲ့တာဆိုတော့ သူတို့အနေနဲ့ အမိုးအကာရဖို့ တော်တော်လေး အခက်အခဲရှိတယ်ဗျာ။”

ဒါ့အပြင် ရခိုင်ပြည်နယ်က တိုက်ပွဲတွေအတွင်း နေအိမ်ပေါင်း ၇ဝဝဝ ကျော်လောက် မီးလောင်ပျက်စီးတာတွေနဲ့လက်နက်ကြီးကျည်တွေကြောင့် ပျက်စီးသွားကြတာကြောင့် တချို့စစ်ဘေးဒုက္ခသည်တွေမှာ ပြန်စရာနေအိမ်တောင်မရှိတော့ဘူးလို့ သူကဆက် ပြောပါတယ်။

“အခုစစ်ပွဲက မြို့သိမ်းတိုက်ပွဲတွေ ဖြစ်သွားတဲ့ အတွက် မြို့နယ် လူထုအကုန်လုံးဟာ စစ်ဘေးရှောင်ဖြစ်သွားတယ်ပေါ့၊ မြို့နဲ့ အနီးတဝိုက်ကျေးရွာက လူတွေလည်း အကုန်လုံး စစ်ဘေးရှောင်တွေ ဖြစ်သွားတဲ့ အတွက် ခန့်မှန်းတွက်ကြည့်ရင် ငါးသိန်းပတ်ဝန် ကျင်လောက် တော့ ရှိနိုင်တယ်လို့ ကျနော်တို့ တွက်ထားတယ်၊ ကျနော်ကတော့ ဒီဘက်မှာ မီးလောင် သွားတဲ့ အိမ်တွေကို စာရင်းကောက်ပြီးတော့ အဲဒီလူတွေကိုပဲ အဓိက ထောက်ပံ့့တဲ့အတွက် အခု ကျနော်တို့ကောက်ထားတဲ့ မီးလောက်သွားတဲ့ စာရင်းတောင်မှ နေအိမ် ရဝဝဝကျော် လောက်ရှိနေပြီး ခန့်မှန်းရရင် ၈ဝဝဝပတ်ဝန်းကျင်လောက်ရှိမယ်လို့ ကျနော်တွက် ထားတယ်ဗျာ။”

ရခိုင်ပြည်နယ်က ဘူးသီးတောင်၊ မောင်တော၊ အမ်း၊ သံတွဲ စတဲ့မြို့နယ်တွေမှာအခု အချိန်ထိလည်း တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပါတယ်။ တခြားတိုက်ပွဲဖြစ်ပွားတာမရှိတဲ့ မြို့နယ်တွေမှာလည်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာ တွေမကြာခဏလုပ်ဆောင်လေ့ရှိသလို စစ်ကျန်လက်နက်တွေနဲ့ မြေမြုပ်မိုင်းတွေကြောင့် ဒေသခံတွေရဲ့ နေ့စဉ်ဘဝနေထိုင်မှုဘဝတွေကို ခြိမ်းခြောက်နေတာပါ။

ဒါ့အပြင် ရခိုင်မှာ ဖုန်းနဲ့ အင်တာနက်လိုင်းတွေလည်း ပြတ်တောက်နေသလို စစ်ကောင်စီဘက်ကလည်း လမ်းပန်းဆက်သွယ်ရေး နဲ့ ကုန်စည်စီးဆင်းမှုတွေပိတ်ဆို့ထားတာကြောင့် ဒေသတွင်း လူသားချင်းစာနာမှုဆိုင်ရာအကူညီပေးရေးအဖွဲ့အတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတာပါ။

ဒုက္ခသည်စခန်းတွေမှာ အလုပ်အကိုင်တွေလည်းမရှိတဲ့အပြင် စားနပ်ရိက္ခာပြတ်တောက် နေတာကြောင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေရောက်ဖို့ မျှော်လင့်နေကြတယ်လို့ ပုဏ္ဏားကျွန်းမြို့နယ်က စစ်ဘေးဒုက္ခသည်တဦးကပြောပါတယ်။

“ ဘယ်အဖွဲ့အစည်းမဆို ကျနော်တို့ကို သနားသောအားဖြင့် နေရေးထိုင်ရေးအခက် အခဲတွေကိုလည်း ကူညီစေချင်တယ်။ စားသောက်ဖို့ကလည်း ကျနော်တို့ အဓိက ခက်ခဲနေတာဆိုတော့ အဖွဲ့အစည်းတခုခုက ကျနော်တို့ကို ကူညီပေးစေချင်ပါတယ်။”

အာရက္ခတပ်တော် AA ထိန်းချုပ်နယ်မြေတွေမှာ လာရောက်ခိုလုံနေကြတဲ့ စစ်ဘေးဒုက္ခသည် တွေကို AAဘက်က အခြေခံစားသောက်ကုန်တွေနဲ့ ဆေးဝါးတွေထောက်ပံ့ပေးထား တာရှိတယ်လို့ မေလ (၂၄)ရက်နေ့က ထုန်ပြန်တဲ့ AA ရဲ့ နိုင်ငံရေးအဖွဲ့အစည်းဖြစ်တဲ့ ULA ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ကြေညာချက်မှာဖော်ပြထားပါတယ်။ ဒါအပြင် နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ မြေပြင်အခြေအနေကို သိရှိအောင် လုပ်ဆောင်သင့်ပြီး လူသားချင်းစာနာမှုအကူအညီတွေအတွက် သူတို့နဲ့ တိုက်ရိုက်ပူးပေါင်းလုပ်ဆောင်ဖို့ ULA က တောင်းဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG