သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မောင်တောဒေသခံတွေထွက်ခွာကြဖို့ AA သတိပေး


မောင်တော အလို တော်ပြည့် ကျောင်းတိုက်မှာ ခိုလှုံနေကြတဲ့ စစ်ဘေးဒုက္ခသည်များ။ (ယခင်မှတ်တမ်းဓာတ်ပုံ)
မောင်တော အလို တော်ပြည့် ကျောင်းတိုက်မှာ ခိုလှုံနေကြတဲ့ စစ်ဘေးဒုက္ခသည်များ။ (ယခင်မှတ်တမ်းဓာတ်ပုံ)

AA အာရက္ခတပ်တော်အနေနဲ့ မောင်တောမြို့နဲ့ အနီးစခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်မှာဖြစ်လို့ မောင်တောဒေသခံတွေအနေနဲ့ ဇွန်လ ၁၆ ရက်နေ့ ည ၉ နာရီကစပြီး မြို့က အမြန်ဆုံးထွက်ခွာကြဖို့ AA က သတိပေးချက် ထုတ်ပြန်ပါတယ်။ မြို့ကထွက်ခွာသူ ဘယ်သူ့ကိုမဆို လူသားချင်းစာနာမှုအရ အကူအညီတွေပေးဖို့ အရေးကြီးတယ်လို့ အန်ယူဂျီ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ဗွီအိုအေကို ပြောပါတယ်။

"မောင်တောရဲ့လက်ရှိအခြေအနေကတော့ မကြာမီမှာ ဒိထက်ပိုမိုပြီးတော့ ပြင်းထန်တဲ့ စစ်ရေးထိပ်တိုက်တွေ့ဆုံမှုတွေ ဖြစ်လာမယ့်အနေအထားမျိုး ရှိပါတယ်။ အဲလိုမျိုးအခြေအနေဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒေသခံပြည်သူတွေအားလုံးအတွက် အန္တရာယ်မဖြစ်ဖို့အတွက် ဒါကို ကြိုတင်ပြင်ဆင်တဲ့ စစ်ရေးအရ ပြင်ဆင်တဲ့အနေအထားမျိုးဆိုရင်တော့ ဒါ ကိစ္စမရှိနိုင်ပါဘူး။ ဒါပေမဲ့ တဦးတဖွဲ့တည်းကိုပဲ ဦးတည်ထားတာ၊ ဒါ့အပြင် ဒီလိုမျိုး စစ်ရေးအရ လိုအပ်ချက်ကြောင့် ပြောင်းရွှေ့တာမဟုတ်ဘဲနဲ့ တခြားသောဆိုးကျိုးဖြစ်စေနိုင်မယ့်အရာတွေ မဖြစ်အောင် သတိထားဖို့တော့ လိုအပ်တယ်။ ဒါ့အပြင် ဒီလိုအခြေအနေကြောင့် ထွက်ခွါလာသူအားလုံးကို ဘယ်သူ့ကိုမဆို လူသားချင်းစာနာမှုအကူအညီတွေ တိကျစွာကူညီဆောင်ရွက်ပေးဖို့ ဒါတွေကိုလုပ်ဆောင်ပေးဖို့က အရေးကြီးလှပါတယ်။"

မောင်တောဒေသမှာ ဒေသခံရခိုင်လူမျိုးတွေအပြင် ရိုဟင်ဂျာမွတ်ဆလင်တွေပါ နေထိုင်ကြတဲ့အတွက် လူ့အခွင့်အရေးလှုပ်ရှားသူတွေကြား စိုးရိမ်နေကြတာပါ။ ရိုဟင်ဂျာမွတ်ဆလင်တွေရှိတဲ့ ဘူးသီးတောင်မြို့သိမ်းတိုက်ပွဲတုန်းကတော့ မြို့ကနေ ကြိုတင်ထွက်ခွာဖို့ AA ဘက်ကကြိုတင်အသိပေးခဲ့သလို မြို့ကနေ ရှောင်ထွက်လာသူတွေကိုပါ ကူညီခဲ့တယ်လို့ AA တာဝန်ရှိသူတွေက ဗွီအိုအေကို ပြောခဲ့ဖူးပါတယ်။

ဒါပေမယ့်လည်း ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိခဲ့တယ်လို့ စွပ်စွဲချက်တွေပေါ်ခဲ့ပြီး ဒီအပေါ်မှာတော့ AA က မဟုတ်မမှန်ဘူးလို့ ငြင်းဆိုထားပါတယ်။ တိုက်ပွဲတွေဖြစ်လာချိန်မှာ ဒေသခံမွတ်ဆလင်တွေရော ရခိုင်ဒေသခံတွေပါ ထိခိုက်သက်ရောက်မှုရှိခဲ့တာလို့ တုံ့ပြန်ခဲ့တာပါ။ AA အာရက္ခတပ်တော်အနေနဲ့ ရခိုင်မြောက်ပိုင်းထိုးစစ်ဆင်ရာမှာ စစ်ကောင်စီဘက်က ဒေသခံမွတ်ဆလင်လူငယ်တချို့ကို စစ်သားစုဆောင်းပြီး တိုက်ပွဲတွေမှာ အသုံးပြုခဲ့တယ်လို့လည်း AA ဘက်က ပြောပါတယ်။

လက်ရှိအားဖြင့် မောင်တောဒေသ အနီးဝန်းကျင်က စစ်ကောင်စီစခန်းအတော် များများကို AA က သိမ်းယူခဲ့ပြီးတဲ့နောက် မောင်တောမြို့ကို မြို့ပြစစ်ဆင်ရေးအတွက် စစ်ကောင်စီက ခံစစ်ပြင်ဆင်နေတယ်လို့လည်း သိရပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG