စစ်အာဏာသိမ်းချိန်ကစလို့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို အမြန်ဆုံးပြန်လွှတ်ပေး ရေး နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ဖိအားပေးဖို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (အေအေပီပီ) ကတိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ စစ်အာဏာသိမ်းထားတဲ့ စစ်ကောင်စီရဲ့ တရားဝင်မှုကို အသိအမှတ်မပြုဖို့နဲ့အာဏာသိမ်းထားတဲ့စစ်အုပ်စုအပေါ် ထိရောက်စွာဖိအားပေးရေး၊ စစ်ရာဇဝတ်မှုနဲ့ နိုင်ငံတကာ ရာဇဝတ်မှု ကျူးလွန် နေတာတွေအတွက်လည်း တာဝန်ယူမှု တာဝန်ခံမှုရှိလာစေရေးကို ဝိုင်းဝန်း ကြိုးပမ်းကူညီပံ့ပိုးပေးဖို့လည်း AAPP က၂၀၂၅ ဇန်နဝါရီလ (၁) ရက်ထုတ်ပြန်တဲ့ “သံတိုင်နောက်မှ ဘဝများ” ဆိုတဲ့အစီရင်ခံစာမှာ ရေးသားတောင်းဆို ထားပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး အခု ၂၀၂၅ ခုနှစ်အထိ -စစ်တပ် အာဏာသိမ်းကာလ လေးနှစ်တင်းတင်းပြည့်တော့မယ့်အချိန် စစ်ကောင်စီဟာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေကြား နယ်မြေတွေကို လက်လွတ်ဆုံးရှုံးရပြီး နိုင်ငံတဝန်းမှာ စစ်ရေးနိမ့်လာတဲ့ချိန် စစ်အာဏာရှင်ကိုဆန့်ကျင်လို့ သူတို့ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေအပေါ် အကျဉ်းထောင်နဲ့စစ်ကြောရေးစခန်းတွေမှာ လူ့အခွင့်အရေးချိုး ဖောက်မှုတွေ ပိုပြီးတော့မှ ဆိုးဆိုးရွားရွား ကျူးလွန်လာနေတယ် ဆိုတာကိုလည်း ထောက်ပြထားပါတယ်။
၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့က ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ နိုင်ငံတဝန်း နေရာဒေသအသီးသီးမှာ စစ်ကောင်စီရဲ့ဖမ်းဆီးခံရပြီးနောက် တနှစ်အတွင်း ထိန်းသိမ်းမှုအောက် သေဆုံးခဲ့ရသူပေါင်း ၁,၇၉၁ဦး အထိရှိခဲ့တယ်လို့ AAPP က ထုတ်ပြန်ပါတယ်။ အဲ့ဒီ့အထဲကမှ နိုင်ငံရေးအကျဉ်းသား တွေ အသတ်ခံရတာက-စစ်ကောင်စီရဲ့ တရားဝင်ထိန်းသိမ်းရေး စခန်းတွေထဲက ရဲစခန်း မှာ ၁၂ ဦး၊ စစ်ကြောရေးစခန်းမှာ ၁၅ ဦး၊ အကျဉ်းထောင်တွေထဲ သေဆုံးမှုက၃၁ ဦးအထိရှိခဲ့တယ်လို့ ဆိုထားပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေကို ပစ်မှတ်ထားပြီး ရဲစခန်းတွေ၊ စစ်ကြောရေးစခန်းတွေနဲ့ အကျဉ်းထောင်တွေထဲ ချုပ်နှောင်ထားပြီး စိတ်ပိုင်း၊ ရုပ်ပိုင်း၊ လိင်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက် မှုတွေကို နည်းလမ်းမျိုးစုံ သုံးနေသလို ပြန်လွတ်မြောက်လာချိန်မှာလည်း လူမှုအသိုက်အဝိုင်းမှာ ပြန်ဝင်ဆံ့ဖို့ကြိုးစားရမှာလည်း အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်ဆိုတာကိုလည်း ပြောဆိုထားပါတယ်။
စစ်ကောင်စီ စစ်အာဏာသိမ်းချိန်မှ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်နေ့အထိ ၄ နှစ်တာ ကာလမှာတော့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းက ကောက်ယူထားတဲ့ အဖမ်းအဆီးနဲ့ သေဆုံး မှတ်တမ်းအချက်အလက်တွေအရ နိုင်ငံတဝန်း ဖမ်းဆီးခံထားရသူပေါင်း ၂၈,၀၅၁ ဦး အထိရှိခဲ့ပြီး အဲ့ဒီ့အထဲမှာ အမျိုးသမီးက၅,၈၀၉ ဦး၊ အသက်မပြည့်သေးတဲ့ ကလေးငယ်က ၅၈၇ ဦးအထိ ရှိခဲ့ပါတယ်။ နိုင်ငံတဝန်းသေဆုံးသူပေါင်းက ၉,၀၀၀နီးပါး အထိ ရှိခဲ့ပြီး အဲ့ဒီ့အထဲကမှ အတည်ပြု ၆,၀၈၇ ဦးအထိ ရှိခဲ့ပြီး ၂,၉၀၀ ကတော့ အတည်ပြုဖို့ လိုအပ်ဆဲဖြစ်တယ်လို့ AAPP က ထုတ်ပြန်ပါတယ်။ စစ်ကောင်စီကတော့ AAPP စာရင်းတွေက ချဲ့ကားထားတဲ့ စာရင်းတွေသာဖြစ်တယ်လို့တုံ့ပြန်လေ့ရှိပါတယ်။
Forum