သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးအကျဉ်းသားတို့ အပေါ် လစ်ဟာနေတဲ့ ကျန်းမာရေးစောင့်ရှောက်မှု


ပဲခူးတိုင်း သာယာဝတီမြို့ရှိ သာယာဝတီအကျဉ်းထောင်ကို Google မြေပုံမှတွေ့မြင်ရစဉ်
ပဲခူးတိုင်း သာယာဝတီမြို့ရှိ သာယာဝတီအကျဉ်းထောင်ကို Google မြေပုံမှတွေ့မြင်ရစဉ်

ပဲခူးတိုင်း သာယာဝတီအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားတဦး အချိန်မီဆေးကုသခွင့်မရလို့ ပြီးခဲ့တဲ့ရက်ပိုင်းက အသက်ဆုံးခဲ့ရကြောင်း နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ပြောပါတယ်။ စစ်အာဏာသိမ်းလိုက်ချိန်ကစလို့ နိုင်ငံတဝန်းအကျဉ်းထောင်တွေထဲ ဆေးကုသခွင့်ခက်ခဲတာ၊ ဆေးဝါးပေးပို့ခွင့် ကန့်သတ်ချက်တွေကြောင့် သေဆုံးရသူက အယောက် ၇၀ ဝန်းကျင်ရှိပြီး ၂၀၂၄ ခုနှစ် တနှစ်တည်းမှာကို ဆုံးပါးရသူ ဦးရေ အယောက် ၂၀ နီးပါးရှိနေတယ်လို့ အကျဉ်းသားကူညီ စောင့်ရှောက်ရေး အဖွဲ့တွေက ပြောပါတယ်။ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီအကျဉ်းထောင်က ဆေးကုသမှုခံယူနေရတဲ့ နိုင်ငံရေးအကျဉ်းသား ဦးဌေးအောင်ကျော်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၃ ရက်နေ့က အသည်းရောဂါနဲ့ ကွယ်လွန်ခဲ့တာပါ။ သူ မကွယ်လွန်ခင်မှာ ညှင်းပမ်းနှိပ်စက်မှုဒဏ်တွေကြောင့် ရောဂါပြင်းထန်စွာခံစားခဲ့ရပေမယ့် လုံလောက်တဲ့ ဆေးကုသခွင့်မရခဲ့ဘူးလို့ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ကိုသိုက်ထွန်းဦးက ဗွီအိုအေကိုပြောပါတယ်။ အကျဉ်းထောင်တွင်းမှာ ဆေးကုသမှု စနစ်တကျ မခံယူခဲ့ရတဲ့ အခြေအနေတွေကို ကိုသိုက်ထွန်းဦးက ဗွီအိုအေကို အခုလိုပြောပြပါတယ်။

"ကိုဌေးအောင်ကျော်က အသည်းရောဂါနဲ့ ကျဆုံးခဲ့ရတာပါ။ စစ်ကြောရေးမှာ ညှင်းပန်းနှိပ်စက်တာ ဆိုးဝါးစွာခံခဲ့ရတယ်။ သာယာဝတီထောင်ထဲမှာလည်း အရိုက်ခံခဲ့ရတယ်။ သာယာဝတီကိုရောက်ပြီး တနှစ်ကျော်အကြာမှာ နေမကောင်းတာ ခဏခဏဖြစ်တယ်။ ကိုယ်ခံအားကျလာတယ်။ ထောင်ဆေးရုံ ပြတယ်။ အဲလိုပြတာမှာ TB ဆိုပြီး ထောင်ဆရာဝန်က ပြောတယ်။ TB ဆေးပေးလို့ သောက်တယ်။ ၃-၄လ ကြာ TBဆေးသောက်ပေမယ့်မသက်သာလို့ ထောင်ပြင်ပဆေးရုံမှာဆေးစစ်တော့မှ အသည်းရောဂါ ဖြစ်နေတယ်လို့ သိရတယ်ဆိုပြီး အကျဉ်းဦးစီးကဝန်ထမ်းတွေက ကျနော်တို့ကိုပြောပြပါတယ်။"

အသက် (၄၁)နှစ်အရွယ် ဦးဌေးအောင်ကျော်ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၅) ရက်မှာ စစ်ကောင်စီက ဖားအံမြို့မှာဖမ်းဆီးခဲ့ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၁ (ဂ)၊ ၅၀ (ည)နဲ့ ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခဲ့တာဖြစ်ပါတယ်။ ဖမ်းဆီးချိန်ကစလို့ ဦးဌေးအောင်ကျော်ဟာ စစ်ကြောရေးမှာ ညှဉ်းပမ်းနှိပ်စက်ခံခဲ့ရသလို ပြစ်ဒဏ်ချမှတ်ပြီးနောက် ဖားအ- တောင်ကလေးထောင်မှာလည်း နှိပ်စက်ခံရမှုတွေဆက်တိုက်ခံခဲ့ရတယ်လို့ အတူနေအကျဉ်းသားတချို့ လွတ်မြောက်လာချိန်မှာ ပြောပြပါတယ်။

ဦးဌေးအောင်ကျော်ကို တောင်ကလေး ထောင်ကနေကျိုက်မရောထောင်ကို (၂၀၂၂) ခုနှစ်မှာ ထောင်ပြောင်းရွှေ့ခဲ့ပြီးနောက် ကျိုက်မရောထောင်ကနေ သာယာဝတီထောင်ကို ထောင်ပြောင်း ခံခဲ့ရတယ်လို့ ပြောပါတယ်။ သာယာဝတီထောင်မှာလည်း ၇ လကျော်တိုက်ပိတ်ခံခဲ့ရပါတယ်။ စစ်ကြောရေးမှာ စစ်မေးခံခဲ့ရချိန် ဖိနှိပ်ညှင်းပန်းခံရတာ၊ ထောင်ထဲမှာလည်း မကြာခဏတိုက်ပိတ် ခံရတာ၊ ရိုက်နှက်ခံရတာတွေကြောင့် ကိုယ်ခန္ဓာတွင်း ကလီစာတွေထိခိုက်မှုပြင်းထန်ခဲ့ပြီး အသည်း ပျက်စီးခဲ့တယ်လို့ ယူဆကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းတွေက သုံးသပ်ကြပါတယ်။

စစ်ကောင်စီလက်ထက် လက်ရှိ နိုင်ငံတဝန်းက အကျဉ်းထောင်တွေမှာ ဆေးဝါးမလုံလောက်တာ၊ ဆေးကုသမှုပေးတာမှာလည်း အချိန်မီ ကုသခွင့်မရတာ၊ ထောင်တွင်းကျန်းမာရေးစောင့်ရှောက်မှု အားနည်းတာတွေကြောင့် အခုလို မသေဆုံးသင့်ဘဲသေဆုံးနေရတယ်လို့ နိုင်ငံ ရေးအကျဉ်းသားများ ကွန်ရက်(PPNM)က ကိုသိုက်ထွန်းဦးက ပြောပါတယ်။

"အကျဉ်းထောင်ထဲမှာ လက်ရှိချိန်ထိ မိသားစုဝင်တွေပေးပို့တဲ့ နိုင်ငံခြားဆေးတွေကို အကန့်အသတ်နဲ့ပဲ လက်ခံတယ်။ ထောင်ထဲမှာကျွမ်းကျင်တဲ့ဆရာဝန်တွေ ရှိမနေဘူး။ နောက်ထောင်ထဲမှာ ဆရာဝန် အင်အားနည်းလို့ ဂျူတီချိန်မှာလည်း ဂျူတီကိုအပြည့်အဝထမ်းဆောင်နိုင်တာမရှိဘူး။ နိုင်ငံရေး အကျဉ်းသားတွေ အရေးပေါ် ဆေးကုသမှုကိုလည်း ထောင်ပြင်ပဆေးရုံကိုပို့ဖို့ အရမ်းနှောင့်နှေးတယ်။ ဒီလိုအခြေအနေတွေက နိုင်ကျဉ်းတွေအသက်ရှင်ရမယ့် ရာခိုင်နှုန်းလျော့စေတယ်။ ထောင်တွင်း ဆေးဝါးမလုံလောက်တာ၊ ကုသမှုမလုံလောက်တာတွေကို နိုင်ကျဉ်းတွေက အသက်နဲ့ရင်း သက်သေပြနေရတယ်။ ဒါတွေကိုအမြန်ဆုံးမဖြေရှင်းရင် ဆက်ပြီးတော့ နိုင်ကျဉ်းတွေ အသက်ဆုံးရှုံးနေရဦးမှာပါ။"

‘လက်ရှိတည်ဆဲ အကျဉ်းထောင်လက်စွဲဥပဒေအရ အကျဉ်းထောင်တွေမှာ အကျဉ်းကျနေတဲ့ အကျဉ်းသားတွေကို ဆေးဝါးလုံလောက်စွာမပေးရင်၊ ကျန်းမာရေး စောင့်ရှောက်မှုပြည့်ဝစွာမပေးရင် အကျဉ်းဦးစီးဝန်ထမ်းတွေကို အရေးယူလို့ရတဲ့ ပုဒ်မပြစ်ဒဏ် ပြဌာန်းထား’ ပေမယ့် လက်ရှိမှာ ဥပဒေကိုမျက်ကွယ်ပြုပြီး ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတာသာ ဖြစ်တယ်လို့ ဥပဒေအကျိုးဆောင် တဦးက ဝေဖန်လိုက်ပါတယ်။

"တကယ်တမ်းပြောရင် အကျဉ်းထောင်အက်ဥပဒေနဲ့လက်စွဲမှာကိုက သေချာပြဌာန်းထားပြီးသား။ ဆေးဝါးမလုံလောက်တာလည်းမဟုတ်ဘူး။ ဥပဒေအရ လုပ်တာလည်းမဟုတ်ဘူး။ ဒါတွေက တမင်ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်နေတာဖြစ်လို့ တကယ်တမ်းပြောရင်တော့ ဥပဒေနဲ့ ဆန့်ကျင်လုပ် တာပဲ။ ဒီကာလမှာတော့ မှတ်တမ်းမှတ်ရာ အထောက်အထားယူရုံကလွဲလို့ ဘာမှလုပ်မရဘူး။ ဒီကာလလွန် တရားဥပဒေစိုးမိုးတဲ့အခါကျမှ အလုပ်လုပ်လို့ရမှာလေ"

ပြီးခဲ့တဲ့သီတင်းပတ်တုန်းကလည်း ကင်ဆာရောဂါခံစားနေရတဲ့ NLD ဒုက္ကဋ္ဌ မန္တလေးတိုင်း ဝန်ကြီးချုပ် ဟောင်း ဒေါက်တာဇော်မြင့်မောင်ကို အသက်ဆုံးခါနီး ရက်ပိုင်းအလိုမှာမှ လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး ထောင်ပြင်ကိုထုတ် ဆေးကုခွင့်ပေးခဲ့တယ်ဆိုပေမဲ့လည်း ရောဂါကျွမ်းနေတဲ့အခြေအနေ ဖြစ်နေတာကြောင့် ရက်ပိုင်းအတွင်းမှာပဲ ကွယ်လွန်သွားခဲ့ရပါတယ်။

စစ်အာဏာသိမ်းကာလအတွင်း အကျဉ်းထောင်တွင်း အကြောင်းအမျိုးမျိုးနဲ့ သေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၀၀ ကျော်ရှိပြီး အဲဒီ့အထဲကမှ ဆေးကုသမှု မလုံလောက်တာကြောင့် သေဆုံးရသူက အယောက် ၇၀ နီးပါးရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) က အောက်တိုဘာ ၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ဒီနှစ် ၂၀၂၄ ခုနှစ်တနှစ်တည်း ထောင်တွင်းဆေးဝါးကုသဖို့ မလုံလောက်တာကြောင့် သေဆုံးသူဟာ အယောက် ၂၀ နီးပါး ရှိတယ်လို့လည်း နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ရဲ့စာရင်းမှာ ဖော်ပြထားပါတယ်။

အခုလို နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရေးအဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်တွေဟာ ချဲ့ကားထားတဲ့ မဟုတ်မမှန်သတင်းတွေသာဖြစ်တယ်လို့ စစ်ကောင်စီဘက်က တုံ့ပြန်လေ့ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG