သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံတဝန်း အမျိုးသမီးတွေအတွက် တရားမျှတရေး လှုပ်ရှားသူတွေ ဆော်သြ


ကုလသမဂ္ဂလုံခြုံရေးကောင်စီကို WLB အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ)က အစီရင်ခံတင်ပြ။ ဧပြီ ၂၄၊ ၂၀၁၄။ သတင်းဓာတ်ပုံ- WLB အမျိုးသမီးများအဖွဲ့ချုပ်
ကုလသမဂ္ဂလုံခြုံရေးကောင်စီကို WLB အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ)က အစီရင်ခံတင်ပြ။ ဧပြီ ၂၄၊ ၂၀၁၄။ သတင်းဓာတ်ပုံ- WLB အမျိုးသမီးများအဖွဲ့ချုပ်

မြန်မာနိုင်ငံမှာ အမျိုးသမီးတွေ တရားမျှတမှု ရရှိရေးအတွက် ဖော်ဆောင်မှုတွေ အားနည်းနေတုန်းပဲ ဆိုတာကို ဒီကနေ့ကျရောက်တဲ့ နိုင်ငံတကာ အမျိုးသမီးများနေ့မှာ အမျိုးသမီးရေး လှုပ်ရှားသူတွေက အလေးပေး ထောက်ပြခဲ့ကြပါတယ်။ အမျိုးသမီးတွေ “တရားမျှတမှု ရရှိရေးနဲ့ ပြစ်ဒဏ် ကင်းလွတ်ခွင့် ရပ်တန့်ရေး” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဒီကနေ့ နိုင်ငံတကာ အမျိုးသမီးများနေ့ အထိမ်းအမှတ် ပညာပေး ဟောပြောပွဲတွေနဲ့အတူ လှုပ်ရှားမှုတွေကို လုပ်ဆောင်ခဲ့ကြတဲ့အကြောင်း ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုထက်အောင်ခန့်က ရန်ကုန်မြို့ကနေ သတင်းပေးပို့ ထားပါတယ်။

ဒီကနေ့ မတ်လ ၈ ရက်နေ့မှာကျရောက်တဲ့ နိုင်ငံတကာ အမျိုးသမီးများနေ့ကို WLB အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) က ဦးဆောင်ပြီး နေရာတော်တော်များများမှာ ကျင်းပပြုလုပ်တာ ရှိသလို အစိုးရလက်အောက်ခံ အမျိုးသမီး အဖွဲ့အစည်း အတော်များများကလည်း အထိမ်းအမှတ် အခမ်းအနားတွေ ကျင်းပခဲ့ကြပါတယ်။

ဒီနှစ် WLB အဖွဲ့ရဲ့ ဆောင်ပုဒ်က “တရားမျှတမှု ရရှိရေးနဲ့ ပြစ်ဒဏ် ကင်းလွတ်ခွင့် ရပ်တန့်ရေး” ဖြစ်ပြီး အမျိုးသမီးတွေ အကြမ်းဖက်ခံရတာနဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားတာတွေ ပပျောက်ဖို့နဲ့ အမျိုးသမီးတွေ တရားမျှတမှု ရရှိဖို့ အလေးထား မီးမှောင်းထိုးပြလိုတာဖြစ်တယ်လို့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) က အထွေထွေအတွင်းရေးမှူး မလွေးပိုးငယ်က ပြောပါတယ်။

"ကျွန်မတို့နိုင်ငံမှာက အခုချိန်ထိ တရားမျှတမှုရရှိရေးအတွက် မဖော်ဆောင်နိုင်သေးဘူး။ ဘယ်ဒေသမှာပဲဖြစ် ဖြစ် အထူးသဖြင့် တိုင်းရင်းသား ဒေသမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ မုဒိန်းမှုတွေနဲ့ပတ်သက်ပြီးတော့မှ အခုချိန်ထိ အမှန်တရားရရှိမှုတွေ တရားမျှတမှု ရရှိမှုတွေ မလုပ်ဆောင် မဖော်ဆောင်နိုင်သေးဘူး။ ဥပမာအားဖြင့် ကျောင်းဆရာမ ၂ ယောက်ရဲ့ အမှုဟာဆိုလို့ရှိရင် တနိုင်ငံလုံး တကမ္ဘာလုံးကသိတယ်။ သို့ပေမယ့်လို့ အခုချိန်ထိ ဘယ်သူဘယ်ဝါ ကျူးလွန်တယ်။ နစ်နာသူတွေအတွက် ဘာလုပ်ပေးတယ် ဆိုတဲ့ဟာမျိုးက မရှိဘူး။"

မြန်မာ တနိုင်ငံလုံးမှာ အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု မုဒိန်းမှု ကျူးလွန်ခံရတာ၊ ညှင်းပန်း နှိပ်စက်ခံရတာ ရဲမှတ်တမ်းအရ ၂၀၁၆ ခုနှစ်မှာ ၁ ထောင်ကျော် ရှိပြီး ၂၀၁၇ မှာ ၁၄၀၀ ကျော်အထိ ရှိတယ်လို့ WLB အဖွဲ့က ပြောပါတယ်။ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအများစုက လက်နက်ကိုင် တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ တိုင်းရင်းသားဒေသတွေမှာ ရှိနေတာဖြစ်ပြီး အပြစ် ကျူးလွန်သူတွေဟာလည်း အပြစ်ကနေ ကင်းလွတ်ခွင့် ရနေတုန်းပဲလို့လည်း ထောက်ပြပါတယ်။ ဒါကြောင့် အမျိုးသမီးတွေအတွက် တရားမျှတမှု ရဖို့လိုတယ်လို့ မလွေးပိုးငယ်က ပြောပါတယ်။

"ဒီလိုကျူးလွန်သူတွေ ဆက်လက်ပြီးတော့ မကျူးလွန်အောင် ဘယ်သူပဲဖြစ်ဖြစ် အရေးယူ ဆောင်ရွက်မှုက လုပ်သင့်တယ်လို့ ကျွန်မတို့က ယုံကြည်တယ်။ ကျွန်မတို့အများဆုံးတွေ့ရတာကတော့ တိုင်းရင်းသားဒေသ ကြားထဲမှာ ပဋိပက္ခကြားထဲမှာ လက်နက်ကိုင် အာဏာရှိတဲ့ သူတွေပေ့ါနော်။ လက်နက်ကိုင်သာမကဘူး အာဏာရှိတဲ့သူတွေ ကျူးလွန်တဲ့သူတွေ ဖြစ်လို့ရှိရင် ဘယ်လိုမှ တရားမျှတမှု အတွက် ရှာဖွေရခက်ပါတယ်။"

မြန်မာ့တပ်မတော်နဲ့ ရခိုင်လက်ကိုင်အဖွဲ့ AA အကြား တိုက်ပွဲအတွင်း ရခိုင်ပြည်နယ်က အမျိုးသမီး သေနတ်မှန် သေဆုံးခဲ့တာရှိခဲ့ပြီး ဒီလိုကိစ္စတွေဟာ တရားမျှတမှုကို ပိုပြီးတော့ အလှမ်းဝေးစေတယ်လို့လည်း အမျိုးသမီးများ အဖွဲ့ချုပ် မြန်မာနိုင်ငံက ထုတ်ပြန်ထားပါတယ်။

ဒီနှစ်မှာတော့ အမျိုးသမီးများ အဖွဲ့ချုပ် မြန်မာနိုင်ငံက လားရှိုးမြို့မှာ တအောင်းအမျိုးသမီး အဖွဲ့အစည်းနဲ့ ပူးပေါင်းပြီး အမျိုးသမီး အခွင့်အရေး၊ တရားမျှတမှု ရရှိရေး ပညာပေး ဟောပြောပွဲတွေ ပြုလုပ်သလို ရန်ကုန်မြို့မှာလည်း အမျိုးသမီး ချစ်ကြည်ရေး ဘောလုံးပွဲတွေ ကျင်းပ ပြုလုပ်ကြပါတယ်။

အမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားတွေကို နေပြည်တော် အပါအဝင် တိုင်းနဲ့ ပြည်နယ် အတော်များများမှာ အစိုးရ လက်အောက်ခံ အမျိုးသမီး အဖွဲ့အစည်းတွေရော၊ အစိုးရမဟုတ်တဲ့ လူထုအခြေပြု အမျိုးသမီးအဖွဲ့တွေကရော ကျင်းပခဲ့ကြပါတယ်။

နေပြည်တော်မှာ ပြုလုပ်တဲ့ အမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားကို တက်ရောက်တဲ့ အမျိုးသမီး လုပ်ငန်းရှင် ဒေါ်အမာစီကတော့ အခုလိုပြောပါတယ်။

"အမျိုးသမီးတွေ အကြမ်းဖက် မခံရဖို့ အမျိုးသမီးတွေ ဘဝလုံခြုံမှုရှိဖို့ အလုပ်အကိုင် အခွင့်အလမ်းတွေရဖို့ အဲ့ဒါတွေတော့ ကျွန်မတို့ စားပွဲဝိုင်းလေးတွေနဲ့ ဆွေးနွေးဖြစ်ခဲ့ကြပါတယ်။ နောက် ကိုယ့်ဒေသမှာရှိတဲ့ ကျေးလက်နေ အမျိုးသမီးတွေ တန်းတူညီမျှ အခွင့်အရေးရဖို့ရယ် သူတို့တွေလည်း လူတိုင်းဖုန်းသုံးတော့ အင်တာနက်ကို ကောင်းစွာ အသုံးချတတ်ဖို့ အဲ့ဒါတွေ ဆွေးနွေးဖြစ်ခဲ့ကြပါတယ်။"

နိုင်ငံတကာ အမျိုးသမီးများနေ့ကို ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့က ၁၉၇၅ ခုနှစ်က စတင်ကျင်းပပြုလုပ်ပြီး မြန်မာ အပါအဝင် ကမ္ဘာတဝှမ်းမှာ အထိမ်းအမှတ် အခမ်းအနားတွေ ကျင်းပကြပါတယ်။ မြန်မာနိုင်ငံမှာတော့ အရင်က ထိုင်းမြန်မာ နယ်စပ်မှာသာ အမျိုးသမီးများနေ့ကို ကျင်းပပြုလုပ်နိုင်ခဲ့ပြီး နိုင်ငံရေး အပြောင်းအလဲတွေ ဖြစ်ပြီး နောက်ပိုင်းမှာမှ အခုလိုအထိမ်းအမှတ်ပွဲတွေကို ပြည်တွင်းမှာ ကျင်းပလာကြတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG