သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအမျိုးသမီးအခွင့်အရေး အပြည့်အ၀ မရသေး


 နိုင်ငံတကာ အမျိုးသမီးများနေ့
နိုင်ငံတကာ အမျိုးသမီးများနေ့

မြန်မာနိုင်ငံက နယ်ပယ်အသီးသီးရဲ့ ဦးဆောင်မှုကဏ္ဍမှာ အမျိုးသမီးတွေကို နေရာပေး ရွေးချယ်မှု အားနည်းနေသေးတယ်လို့ နိုင်ငံရေး၊ လူမှုရေး အသင်းအဖွဲ့တွေမှာ ဦးဆောင်နေသူ အမျိုးသမီးတွေက ဒီကနေ့ကျရောက်တဲ့ နိုင်ငံတကာ အမျိုးသမီးများနေ့မှာ ထုတ်ဖေါ်ပြောဆို လိုက်ကြပါတယ်။ အမျိုးသားတွေကိုသာ ဦးစားပေးလေ့ရှိတဲ့ မိရိုး ဖလာ စဉ်းစားပုံကြောင့်ရော၊ အရည်အချင်းရှိတဲ့ အမျိုးသမီးတွေကို အားပေး ကူညီမှု အားနည်းနေသေးတဲ့ အချက်တွေက မြန်မာနိုင်ငံက အမျိုးသမီးတွေ ထိုက်သင့်တဲ့နေရာ မရသေးတာဖြစ်တယ်လို့ ထောက်ပြကြပါတယ်။ ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။

၂၀၁၉ ခုနှစ် နိုင်ငံတကာ အမျိုးသမီးများနေ့ ဆောင်ပုဒ်ကတော့ ‘Balanced world for better world’ “တန်းတူညီမျှမှုဖြင့် ကမ္ဘာကြီးကို ပိုမို ကောင်းမွန်စေမည်” ဆိုတာပဲဖြစ်ပါတယ်။

စစ်ရေးပဋိပက္ခနဲ့ အကြမ်းဖက်မှုတွေရှိနေဆဲ မြန်မာနိုင်ငံမှာတော့ လုံလောက်တဲ့ ငြိမ်းချမ်းရေးအခြေအနေတရပ် မရသေးသလို၊ စီပွားရေးနဲ့ လူမှုရေး၊ ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍတွေမှာလည်း စိန်ခေါ်မှုတွေက အများကြီးရှိနေဆဲ ဖြစ်ပါတယ်။ ဒီလိုပြဿနာတွေကို ရင်ဆိုင်ဖြေရှင်း ရာမှာ အမျိုးသမီးတွေရဲ့ ပါဝင်နိုင်ခွင့်က အခုချိန်ထိ အကန့်အသတ်ဖြစ်နေဆဲပဲလို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက VOA ကိုပြောပါတယ်။

"တကယ်တမ်းကျတော့ နိုင်ငံ့တာဝန်ကို ထမ်းဆောင်ရမယ်ဆိုရင် အမျိုးသမီးနဲ့ အမျိုးသား တန်းတူ ရွေးချယ်လိုက်ကြတဲ့အခါမှာ အရည်အချင်း တူတယ်ဆိုရင်တောင်မှ အမြဲတမ်းပဲ အမျိုးသားက ရွေးချယ်ခံရတာများတယ်။ ဒါကြောင့်လည်း အစိုးရသစ် လက်ထက်မှာ ဆိုရင်လည်း လွှတ်တော်ကိုယ်စားလှယ် ရွေးချယ်တဲ့အခါမှာ အမျိုးသမီးကို ဦးစားပေးမယ်၊ တိုင်းရင်းသားကို ဦးစားပေးမယ်ဆိုတာ ကျမတို့ NLD မှာ ရှိခဲ့ပါတယ်။ ဒါပေမဲ့ တကယ်တမ်းကျတော့ ဖြစ်လာရင် ကြည့်လိုက်ပါ၊ အမျိုးသမီးရာခိုင်နှုန်းဟာ အမျိုးသားရာခိုင်နှုန်းထက် တအား နည်းနေသေးတယ်လို့ ကျမပြောချင်ပါတယ်။ နိုင်ငံတာဝန်ကို ထမ်းဆောင်ရတဲ့ ခေါင်းဆောင်ပိုင်း နေရာပိုင်းဆိုရင်လည်း အမျိုးသမီး အခန်းကဏ္ဍကို အခုထိတော့ ကျမတို့ အမျိုးသမီးတွေက တာဝန်ထမ်းဆောင်တဲ့အလှည့်ကို ရောက်ဖို့ အမျိုးသားနဲ့ ယှဉ်ရင်တော့ ဒုတိယတန်းနေရာမှာပဲ အမြဲတမ်းရှိနေပါသေးတယ်။"

NLD အစိုးရလက်ထက်မှာ အပစ်ရပ်ငြိမ်းချမ်းရေးရဖို့ ကြိုပမ်းနေဆဲဖြစ်ပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ အမျိုးသမီးပါဝင်မှု ပိုရှိခြင်းက ငြိမ်းချမ်းရေးနဲ့ ပိုနီးစပ်စေမယ်လို့ ကချင်ငြိမ်းချမ်းရေးကွန်ယက် ညှိနှိုင်းရေးမှူး ဒေါ်ခွန်ဂျာက ပြောပါတယ်။

"အမျိုးသမီးများ ဦးဆောင်မှုမှာ ပါဝင်ခွင့်လို့ ပြောမယ်ဆိုရင် အရပ်ဖက်အဖွဲ့အစည်းမှာတော့ အမျိုးသမီးခေါင်းဆောင်တွေ အများကြီးရှိလာတာ ဖြစ်တဲ့အတွက် ခေါင်းဆောင်အနေနဲ့ အသိအမှတ်ပြုတာလည်း ခံရပါတယ်။ ဆုံးဖြတ်ချက် ချတဲ့နေရာတွေမှာလည်း ပါဝင်ကြပါတယ်။ သို့သော်လည်း နေရာတနေရာကို အမျိုးသမီးနဲ့ အမျိုးသားယှဉ်မယ်ဆိုရင် အထူးသဖြင့် တိုင်းရင်းသားဒေသတွေမှာ အမျိုးသမီးကို သိပ် မဲမထည့်ကြဘူး။ အမျိုးသားကတော့ သာသွားတာပဲ ဖြစ်တယ်ရှင့်။ အခုအချိန်အထိဆိုရင် အရေအတွက်အရသော်လည်းကောင်း အရည်အချင်း အရသော်လည်းကောင်း အမျိုးသားကတော့ ပိုပြီးမှသာနေတဲ့ အပိုင်းမှာ ရှိနေသေးတယ်။ ဥပမာ နိုင်ငံရေးကိစ္စနဲ့ ငြိမ်းချမ်းရေးအတွက် ဦးဆောင်မှုကိစ္စတွေမှာတော့ အမျိုးသမီးများအနေနဲ့ မပါဝင်သလောက်ကို ရှိနေပါတယ်။ ဒါကြောင့်မိုလို့ အမျိုးသမီး များများ ပါဝင်လာမယ်ဆိုရင် ငြိမ်းချမ်းရေးကို ပိုရမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ထွက်ပြေးနေရတာ၊ မလုံခြုံတာ ဒုက္ခခံစားနေရတာ အမျိုးသမီး ဖြစ်တဲ့အတွက်ကြောင့် အမျိုးသမီးများအနေနဲ့ကတော့ ငြိမ်းချမ်းချင်တယ် တိုက်ပွဲရပ်ပါဆိုတဲ့ message က ပိုများပါတယ်။ ဒါကြောင့် အမျိုးသမီး ပိုများရင်တော့ ငြိမ်းချမ်းရေးလည်း ပိုကောင်းမွန်မှာပါ။"

ကမ္ဘာပေါ်မှာ ချုပ်ဆိုပြီးခဲ့တဲ့ ငြိမ်းချမ်းရေးစာချုပ် ၁၈၀ ကျော်ကို သုတေသနပြုခဲ့ရာမှာ အမျိုးသမီးတွေ ပါဝင်ခွင့်ရခဲ့တာကြောင့် ၃၀% ပိုပြီး အောင်မြင်မှုရသလို၊ ပိုပြီးလည်း ရေရှည်တည်တန့်တယ်လို့ ဆိုထားပါတယ်။

တကယ်တော့ မိရိုးဖလာစဉ်းစားပုံတွေ၊ အရည်အချင်းရှိတဲ့ အမျိုးသမီးတွေကို အားပေးကူညီမှု အားနည်းနေတာတွေက မြန်မာအမျိုးသမီးတွေ ဦးဆောင်မှုကဏ္ဍမှာ ထိုက်သင့်တဲ့နေရာ မရသေးကြောင်း ရခိုင်အမျိုးသားပါတီ ANP ဒုဥက္ကဌလည်းဖြစ်၊ ရှေ့နေတဦးလည်းဖြစ်တဲ့ ဒေါ်အေးနုစိန်က ထောက်ပြပါတယ်။

" ကျမတို့ရဲ့ မြန်မာနိုင်ငံထဲမှာရှိတဲ့ အစဉ်အလာယဉ်ကျေးမှုလို့ပဲပြောပြော အမျိုးသမီးကို အမျိုးသားနဲ့ တန်းတူသဘောထားတဲ့ ဆက်ဆံတဲ့ အလေ့အကျင့်က နည်းတယ်လေ။ ဆိုတော့ ရှေ့ကိုထွက်လာတဲ့ အမျိုးသမီးတွေဟာ တော်တော်လေး ရုန်းကန်ပြီးမှပဲ ရှေ့ကို ရောက်လာကြတာ။ ဆိုတော့ တကယ်တမ်းကျတော့ တော်တဲ့ ထက်မြတ်တဲ့ အမျိုးသမီးတွေအားလုံး ရှေ့တန်းကို ရောက်လာပြီလား ဆိုတော့လည်း မရောက်နိုင်သေးဘူး။ မိန်းမဆိုတာက ယောင်္ကျားလောက်တော့ မတော်ဘူးပေါ့ ။ အရည်အချင်း သာတယ်ဆိုရင်တောင်မှ သူကမိန်းမပဲ ဆိုတဲ့ သဘောထားတွေကို ကျမတို့ ကိုယ်တွေ့မြင်နေရတယ် အဲဒီမှာ နောက်တချက်လည်း ပါမယ်။ အမျိုးသမီးထု ကိုယ်တိုင်ကလည်း တကယ်တော်တဲ့ ထက်မြတ်တဲ့ အမျိုးသမီးတွေအပေါ်မှာ အားပေးကူညီမှုလည်း နည်းတယ်။ လက်တွဲ ဆောင်ရွက်မယ်ဆိုရင်လည်း နည်းနည်းလေး အားနည်းချက်တွေရှိကြတယ်။"

၂၀၁၉ ခုနှစ် နိုင်ငံတကာ အမျိုးသမီးများနေ့ အခမ်းအနားတွေကို မြန်မာနိုင်ငံ နေပြည်တော်၊ ရန်ကုန်နဲ့ အခြားမြို့တွေမှာပါ ကျင်းပကြမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG