သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

မြန်မာ့ငြိမ်းချမ်းရေးနဲ့ အမျိုးသမီးပါဝင်ခွင့်


Nonviolence Peaceforce အဖွဲ့ကပြုစုတဲ့ အစီရင်ခံစာ မိတ်ဆက်ပွဲ

အစိုးရဦးဆောင်ကျင်းပနေတဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ အမျိုးသမီးတွေ ပါဝင်မှု အားနည်းရတာဟာ အမျိုးသမီးတွေရဲ့ အရည်အချင်း မရှိတာကြောင့်မဟုတ်ဘဲ သူတို့အတွက် အခွင့်အလမ်းတွေ နည်းပါးပြီး နေရာပေး မခံရတာကြောင့်သာ ဖြစ်တယ်ဆိုတာကို ဒီကနေ့ အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးမှု အေဂျင်စီ USAID ရဲ့ အစီအစဉ်နဲ့ Nonviolence Peaceforce အဖွဲ့ကပြုစုတဲ့ အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။

ငြိမ်းချမ်းရေးနဲ့ ဆက်စပ်တဲ့ လုပ်ငန်းတွေမှာ အမျိုးသမီးတွေ အများအပြား ပံ့ပိုး ပါဝင်နေပေမယ့် နိုင်ငံအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာတော့ အမျိုးသမီးတွေ တိုက်ရိုက်ပါဝင်ခွင့် မရတဲ့အပေါ် မေးခွန်းထုတ်ထားတဲ့ ဒီအစီရင်ခံစာ မိတ်ဆက်ပွဲကို မခင်ဖြူထွေးက ကိုယ်တိုင် သွားရောက် သတင်းယူထားပါတယ်။

မြန်မာနိုင်ငံ တိုင်းနဲ့ပြည်နယ်အသီးသီးမှာရှိကြတဲ့ ငြိမ်းချမ်းရေးနဲ့ ဆက်စပ်နေတဲ့ လုပ်ငန်းတွေမှာ ပါဝင်နေကြတဲ့ အမျိုးသမီးတွေ ၇၀၀ နီးပါးရှိပြီး ငြိမ်းချမ်းရေးနဲ့ဆိုင်တဲ့ အဖွဲ့အစည်းတွေမှာ ကိုယ်စားပြုပါဝင်တဲ့ အမျိုးသမီးတွေဟာ ၄၀၀ နီးပါး ရှိတယ်လို့ ဒီ အစီရင်ခံစာမှာ ထောက်ပြထားတာပါ။ ဒီလို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ပံ့ပိုး ပါဝင်နေတဲ့ အမျိုးသမီးတွေ အများအပြား ရှိနေပေမဲ့ ပြည်ထောင်စုအဆင့် ငြိမ်ချမ်းရေးဆွေးနွေးပွဲတွေမှာ အမျိုးသမီးတွေ တိုက်ရိုက်ပါဝင် ဆွေးနွေးမှု နည်းပါးနေတာက ဘာကြောင့်လဲဆိုတာ မေးခွန်းဖြစ်လာခဲ့တာပါ။

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်စဉ်တွေမှာ ပါဝင်နိုင်ဖို့အတွက် အရည်အချင်းနဲ့ အတွေ့ အကြုံ ရှိတဲ့ အမျိုးသမီးတွေ ထင်ထားတာထက်တောင် ပိုပြီးရှိနေတယ်ဆိုတာကို ဒီလေ့လာ စမ်းစစ်မှုအတွင်း တွေ့ခဲ့ရတယ်လို့ သုတေသနလုပ်သူတွေက ပြောပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ အမျိုးသမီးတွေ ပိုမိုပါဝင်ဖို့ လိုအပ်နေတယ်ဆိုတာကို ထောက်ပြဖို့ အခု လေ့လာ စမ်းစစ်ချက်ကို လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးမှု အေဂျင်စီ USAID ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲ Teresa McGhie က ပြောပါတယ်။

“အမျိုးသမီးတွေ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ဘာလို့ မပါဝင်တာလဲလို့ မေးလိုက်ရင် ကျမတို့ အမြဲကြားရတာက အမျိုးသမီးတွေဟာ ဒီလိုလုပ်ငန်းစဉ်တွေမှာ ပါဝင်နိုင်တဲ့ ကျွမ်းကျင်ပညာတွေ မရှိကြဘူးလို့ ဆိုပြီး ပြောကြတာပါပဲ။ တကယ်တော့ အဲဒါ မမှန်ဘူးဆိုတာ ကျမတို့ သိပါတယ်။ အရည်အချင်းရှိတဲ့ အမျိုးသမီးတွေ၊ လုပ်ဆောင်ဖို့ အဆင့်သင့်ဖြစ်နေသူတွေ ဒီမှာ အများကြီး ရှိနေတယ်ဆိုတာ ကျမတို့သိပါတယ်။ ဒါကြောင့်လည်း ဒီလိုအမျိုးသမီးတွေ ဘယ်နေရာမှာ ဘယ်လောက်တောင် ရှိနေတယ် ဆိုတာကို လေ့လာစမ်းစစ်ပြီး လမ်းညွန်မြေပုံတရပ် ပြုစုမယ့် ဒီအစီအစဉ်ကို လုပ်ဖြစ်ခဲ့တာပါ။”

အမျိုးသမီးတွေ ပါဝင်တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေဟာ အောင်မြင်ဖို့ ပိုပြီး အလားအလာ ကောင်းသလို၊ ပိုပြီးတော့လည်း ရေရှည်တည်တံ့နိုင်တယ် ဆိုတာကို လေ့လာတွေ့ရှိချက်တွေမှာ တွေ့ထားရတာကြောင့် မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ အောင်မြင်ဖို့အတွက်ဆိုရင် ဒီအချက်ကို အလေးထား ထည့်သွင်း စဉ်းစားသင့်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scot Marciel က တိုက်တွန်းပြောဆိုပါတယ်။

“ကမ္ဘာတ၀ှမ်းက ငြိမ်းချမ်းရေး စေ့စပ်ညှိနှိုင်းမှုဖြစ်စဉ်တွေကို ကျွမ်းကျင်သူတွေက လေ့လာ စမ်းစစ်ရာမှာ ဒီလိုလုပ်ငန်းစဉ်တွေမှာ အမျိုးသမီးတွေ ပါဝင်ခြင်းအားဖြင့်၊ အောင်မြင်ဖို့ အလားအလာနဲ့ ရေရှည်ခံတဲ့ငြိမ်းချမ်းရေး ဖြစ်ဖို့အလားအလာ ပိုများတာကို တွေ့ခဲ့ရပါတယ်။ မြန်မာနိုင်ငံမှာလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အောင်မြင်တာကို ကျနော်တို့ သိပ်တွေ့ချင်တာမို့ အမျိုးသမီးတွေ ပါဝင်လာဖို့ သိပ်ကို အရေးကြီးပါတယ်။ ဒီနေ့လိုပွဲမျိုးဟာဆိုရင်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်နိုင်တဲ့ အရည်အချင်းရှိပြီး နားလည်တတ်ကျွမ်းတဲ့ အမျိုးသမီးတွေ ဘယ်လောက် ရှိနေတယ် ဆိုတာကို မီးမှောင်း ထိုးပြဖို့ပါ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်နေကြသူတွေ အနေနဲ့ ဒီအချက်ကို မြင်ပြီး အမျိုးသမီးတွေ ပိုမိုပါဝင်လာအောင် ဖိတ်ခေါ်တာတွေ လုပ်လာဖို့ ကျနော်တို့ မျှော်လင့် ပါတယ်။”

အရည်အချင်းပြည့်ဝတဲ့ အမျိုးသမီးတွေ ရှိနေပါလျက်နဲ့ အမျိုးသမီးတွေ ပါဝင်မှု ဘာကြောင့် အားနည်းနေရတာပါလဲ။ ဒီကနေ့ ဆွေးနွေးပွဲကို တက်ရောက် ဆွေးနွေး လာသူ Salween Institute for Public Policy အဖွဲ့က အမျိုးသမီးရေး တက်ကြွ လှုပ်ရှားသူ ယင်းလောင်က ခုလို သုံးသပ်ပြောဆိုပါတယ်။

"အမျိုးသမီးတွေက စုစည်းမှုရှိတယ်။ စုစည်းမှုမရှိလို့ ဒီလိုဖြစ်နေတာမဟုတ်ဘူး။ ဒါပေမယ့် သွားနေရတဲ့ အခင်းအကျင်းတွေမှာ လုပ်နေရတဲ့ လုပ်ငန်းတွေက အရမ်းမြန်ဆန်မှုရှိတယ်။ ပြီးရင် လုပ်ငန်းစဉ် ဖြစ်စဉ် အစကတည်းကိုက အမျိုးသမီးတွေကို မခေါ်ထားဘူး။ ပါဝင်ရတဲ့ အခြေအနေမျိုး မရှိနေဘူး။ လမ်းတ၀က်ရောက်မှ ပါလာရတဲ့အခါမှာ ရှေ့မမှီ နောက်မမှီတွေ ဖြစ်ပြီးတော့မှ တကယ်တမ်း ထိထိရောက်ရောက်နဲ့ မိမိရရနဲ့ မလုပ်ဆောင်နိုင်တာတွေ ပါဝင်ပြီးတော့ လုပ်ဆောင်နိုင်တာတွေ မရှိတာကို ကျမတို့ တွေ့ရတယ်။"

အမျိုးသမီးတွေအပေါ် ထားတဲ့ အမြင်သဘောထားတွေ၊ အမူအကျင့်တွေနဲ့ ခွဲခြားဆက်ဆံမှုတွေကို အဆုံးသတ်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ အမျိုးသမီးတွေ ပိုမိုပါဝင်လာနိုင်အောင် ဖိတ်ခေါ် အားပေးမယ်ဆိုရင်တော့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ပိုမို အောင်မြင်လာနိုင်မှာဖြစ်တယ်လို့ အမျိုးသမီးရေး တက်ကြွလှုပ်ရှားသူတွေက ဒီကနေ့ဆွေးနွေးပွဲအတွင်းမှာ တိုက်တွန်းသွားခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG