သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားရောက် ရိုဟင်ဂျာ မိန်းကလေးတွေ ဘဝလုံခြုံမှုလိုအပ်


ဘင်္ဂလားဒေ့ချ်နိုင်ငံ Kutupalong ဒုက္ခသည်စခန်းက ရိုဟင်ဂျာမိန်းကလေးငယ်များ ရေအိုးသယ်နေစဉ် (နိုဝင်ဘာ၊ ၁၉၊ ၂၀၁၇)
ဘင်္ဂလားဒေ့ချ်နိုင်ငံ Kutupalong ဒုက္ခသည်စခန်းက ရိုဟင်ဂျာမိန်းကလေးငယ်များ ရေအိုးသယ်နေစဉ် (နိုဝင်ဘာ၊ ၁၉၊ ၂၀၁၇)

မလေးရှားနိုင်ငံရောက်နေတဲ့ ရိုဟင်ဂျာမိန်းကလေးငယ်တွေ အတင်းအကြပ်အိမ်ထောင်ပြုခိုင်းခံရတာမျိုးတွေကို အကာအကွယ်ပေး အရေးယူဖို့ Fortify Rights လူ့အခွင့်အရေးအဖွဲ့က မလေးရှားအာဏာပိုင်တွေကို တိုက်တွန်းခဲ့ပါတယ်။ မလေးရှားရောက်နေတဲ့ ရိုဟင်ဂျာအမျိုးသမီးနဲ့ မိန်းကလေးငယ်တွေဟာ တရားမဝင်နေထိုင်နေရတဲ့အခြေအနေမို့လည်း ဥပဒေအရ အကာအကွယ်မဲ့ဖြစ်နေတယ်လို့ ထောက်ပြပါတယ်။ ဒီအကြောင်း ကိုသားညွန့်ဦး စုံစမ်းမေးမြန်းထားပါတယ်။

မလေးရှားရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေဟာ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံတို့က တဆင့် နယ်စပ်ဖြတ်ကျော်ပြီးတော့ ရောက်လာတဲ့သူတွေရှိသလို အတော်များများကတော့ ပင်လယ်ပိုင်းကနေပြီးတော့ ဝင်ကြတာပါ။ စားဝတ်နေရေးနဲ့ ငွေကြေးအခက်အခဲတွေကြောင့် ရိုဟင်ဂျာမိသားစုတွေဟာ ငယ်ရွယ်တဲ့သူ့ရဲ့သမီးငယ်တွေကို အတင်းအိမ်ထောင်ပြုခိုင်းပြီးတော့ မိသားစုရပ်တည်ရေးအတွက် ဖြေရှင်းနေကြတယ်လို့ Fortify Rights က ထုတ်ပြန်ပါတယ်။ ဒ့ါအပြင် မလေးရှားနိုင်ငံမှာ အိမ်ထောင်ပြုဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ရိုဟင်ဂျာ အမျိုးသမီးငယ်တွေဟာ လူကုန်ကူးခံရသူတွေလဲ ဖြစ်လာတယ်လို့ ထောက်ပြထားပါတယ်။ ဒါကြောင့်လည်း မလေးရှားနိုင်ငံတွင်းရောက်နေတဲ့ ရိုဟင်ဂျာ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေကို ကူညီပေးကြဖို့ တိုက်တွန်းတာဖြစ်တယ်လို့ Fortify Rights ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး Amy Smith က VOA ကို ပြောပါတယ်။

“သူတို့ရဲ့စားဝတ်နေရေး၊ ပညာရေး ဒီလိုအခွင့်အလမ်းတွေရရှိဖို့နဲ့ အခြေခံအားဖြင့် သူတို့ကို အကာအကွယ်ပေးဖို့ နည်းလမ်းတွေရှာဖို့ လိုပါတယ်။ ဒါကို မလေးရှားအစိုးရအနေနဲ့ အလွယ်တကူလုပ်နိုင်မှာပါရှင်။”

ဒုက္ခသည်တွေကို အစိုးရကျောင်းတွေမှာ ပေးတက်ဖို့၊ နောက် ဆေးရုံတွေမှာ ကျန်းမားရေးအစောင့်အရှောက်တွေပေးဖို့နဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေပေးဖို့ မလေးရှားအစိုးရအနေနဲ့ စဉ်းစားသုံးသပ်နေပြီဆိုပြီးတော့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောတဲ့အကြောင်း Fortify Rightsရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ကလေးငယ်တွေကို အတင်းအိမ်ထောင်ချထားတာကို တားမြစ်ဖို့ ဒုက္ခသည်မိသားစုတွေအတွက် ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင် အခွင့်အလမ်းတွေပေးဖို့ မလေးရှားအစိုးရအနေနဲ့ အလျင်အမြန် ဆောင်ရွက်ပေးဖို့လိုတယ်ဆိုပြီးတော့ မလေးရှားအခြေစိုက်တဲ့ ရိုဟင်ဂျာ အမျိုးသမီးဖံွံ့ဖြိုးရေးကွန်ရက်ကလဲ တိုက်တွန်းနေပါတယ်။ ရိုဟင်ဂျာအမျိုးသမီးနဲ့ ကလေးငယ်တွေဟာ ဥပဒေအရ အကာအကွယ်မဲ့ဖြစ်နေတယ်လို့ ရိုဟင်ဂျာ အမျိုးသမီးကွန်ရက်ရဲ့ ညွှန်ကြားရေးမှူး ဆာရီဖာရှာခီရာ ကVOA ကို ပြောပါတယ်။

“အရင်ဆုံးပြောရရင် မလေးရှားမှာရှိတဲ့ ရိုဟင်ဂျာ အမျိုးသမီးတွေ၊ မိန်းကလေးငယ်တွေ အတွက် အကာအကွယ်ပေးဖို့ရာ ဘာဥပဒေမှ ရှိမနေတာပါပဲ။ မလေးရှားနိုင်ငံဟာ ၁၉၅၂ ခုနှစ် ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ သဘောတူညီချက်ကို လက်မှတ်မထိုးထားပါဘူး။ ဒါကြောင့် ဒီအမျိုးသမီးတွေ၊ မိန်းကလေးငယ်တွေအတွက် ကာကွယ်ပေးဖို့ ဥပဒေဆိုတာ မရှိပါဘူး။ ဒါကြောင့်လဲ သူတို့ဖြစ်ခဲ့သမျှတွေကို တရားရေးအရ အရေးယူဖို့အတော်ခက်ပါတယ်။”

UNHCR ကုလသမဂ္ဂသက်ကတော့ မလေးရှားမှာ ရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ကာကွယ်ပေးဖို့နဲ့ နေထိုင်စရာတွေပေးဖို့ အစီအစဉ်တွေ လုပ်ဆောင်တာမျိုးတော့ရှိပါတယ်။ ဒါပေမဲ့လို့ အဲ့ရောက်နေတဲ့ ရိုဟင်ဂျာအသိုင်းအဝိုင်းတခုလုံးအတွက် လုံလောက်အောင် ဆောင်ရွက်ပေးနိုင်တဲ့အခြေအနေမှာ မရှိဘူးလို့ ရှာရီဖာ ကပြောပါတယ်။ တချိန်ထဲမှာပဲ မလေးရှားပြည်သူတွေဘက်ကလည်း မလေးမှာရှိတဲ့ ရိုဟင်ဂျာတွေနဲ့ ပတ်သက်ပြီးတော့ စိုးရိမ်မှုရှိနေတယ်လို့ သူကပြောပါတယ်။

“ရောက်လာတဲ့ ရိုဟင်ဂျာတွေက ဒီမှာပဲ အမြဲနေလိမ့်မယ်။ မလေးရှားနိုင်ငံသားအဖြစ်ရော၊ တခြားအခွင့်အရေးတွေရော တောင်းခံလိမ့်မယ်လို့ မလေးရှားပြည်သူတွေက ယူဆနေကြပါတယ်။ တကယ်တော့ ကျမတို့က နိုင်ငံသားဖြစ်ဖို့တောင်းနေတာမဟုတ်ပါဘူး။ ကျမတို့ တောင်းနေတာက ပညာရေးလိုမျိုး၊ ကျန်းမာရေးစောင့်ရှောက်မှုလိုမျိုး၊ အလုပ်လုပ်ကိုင်ခွင့်လိုမျိုး အခြေခံအခွင့်အရေး ရပိုင်ခွင့်တွေပါပဲ။”

Fortify Rights အနေနဲ့ အိမ်ထောင်သည် ရိုဟင်ဂျာ မိန်းကလေးတွေနဲ့ တွေ့ဆုံမေးမြန်းပြီးတော့ ဒီအစီရင်ခံစာ ထုတ်ပြန်တာဖြစ်တယ်လို့ ဆိုပါတယ်။ အတင်းအိမ်ထောင်ပြုခံရတဲ့ မိန်းကလေးတွေဟာ အသက် ၁၃နှစ်၊ ၁၄နှစ်အထိ ငယ်တဲ့ကလေးငယ်တွေပါ ပါဝင်တာကိုတွေ့ရပါတယ်တဲ့။ ဒါကြောင့်မို့လို့ ဘင်္ဂလားဒေ့ချ်ဘက် က ရိုဟင်ဂျာဒုက္ခသည်စခန်းတွေထဲမှာ နေထိုင်မှုကျပ်တည်းနေကြတဲ့ မိသားစုတွေဟာ သူတို့ရဲ့ သမီးငယ်တွေကို မလေးရှားမှာ အိမ်ထောင်ချထားဖို့ လူကုန်ကူးသူတွေကို ငွေပေးပြီးတော့ပို့နေတဲ့ အနေအထားထိပါရောက်လာတယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။

Fortify Rights အနေနဲ့ ရိုဟင်ဂျာအမျိုးသမီးတွေနဲ့ ပတ်သက်လို့အခြေအနေတွေကို ခုဒီ ဂျနီဗာမှာ ရှိတဲ့ CEDAW အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှုလုံးဝပပျောက်ရေးကော်မတီ အစည်းအဝေးကို အစီရင်ခံစာ ပေးပို့ထားပေမဲ့ ခုမလေးရှားကိစ္စကိုတော့ ထည့်သွင်းနိုင်ခြင်းမရှိပါဘူး။ ဒါပေမဲ့လည်း ရိုဟင်ဂျာ ဒုက္ခသည်တွေနဲ့ ပတ်သက်လို့ လက်ရှိညွှန့်ပေါင်းအစိုးရအနေနဲ့ ဒီပဋ္ဋိပက္ခတွေကြောင့်ထွက်ပြေးလာရတဲ့ ဒုက္ခသည်တွေကို အကူအညီပေးလိုတဲ့ သဘောထားရှိနေတာအတွက် သူတို့တင်ပြတဲ့ ဒီအခြေအနေကို မလေးရှားအစိုးရဘက်က အရေးယူလာလိမ့်မယ်လို့ မျှော်လင့်ထားတဲ့ အကြောင်းလဲ Fortify Rights က ပြောပါတယ် ခင်ဗျာ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG