သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့ကို သွား


 ကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Simon Henshaw
ကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Simon Henshaw

အမေရိကန်နိုင်ငံခြားရေးဌာနက အကြီးတန်းတာဝန်ရှိသူတွေပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့တဖွဲ့ဟာ အောက်တိုဘာလ ၂၉ ရက်နေ့ ကနေ နိုဝင်ဘာလ ၄ ရက်နေ့ထိ ၆ ရက်ကြာ ခရီးစဉ်တခုနဲ့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကို ထွက်သွားကြပါပြီ။

ဒီအဖွဲ့ကို လူဦးရေ၊ ဒုက္ခသည်နဲ့ ရွှေ့ပြောင်းနေထိုင်ခြင်းဆိုင်ရာ ယာယီ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Simon Henshaw က ဦးဆောင်ပါတယ်။ ရခိုင်ပြည်နယ်အကျပ်အတည်းကနေ ပေါ်ပေါက်လာတဲ့ လူသားဆိုင်ရာနဲ့ လူ့အခွင့်အရေးဆိုင်ရာ စိုးရိမ်ဖွယ် အခြေအနေတွေကို ဖြေရှင်းရေးနဲ့ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ ဒေသတွင်းက အိုးအိမ်စွန့် ထွက်ပြေးနေရသူတွေအတွက် လူသားချင်း စာနာမှုအကူအညီတွေ ပေးပို့တဲ့လုပ်ငန်း တိုးတက်စေရေး နည်းလမ်းရှာဖို့ သွားကြတာဖြစ်တယ်လို့ အောက်တိုဘာလ ၂၉ ရက် နေ့စွဲနဲ့ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ထဲမှာပါဝင်တဲ့ တခြားအဖွဲ့ဝင်တွေကတော့ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်အကိုင်ဆိုင်ရာဗျူရို က ဒုလက်ထောက်ဝန်ကြီး Scott Busby ၊ တောင်နဲ့ဗဟိုအာရှဒေသရေးရာဌာနက ယာယီ ဒုလက်ထောက်ဝန်ကြီး Tom Vajda နဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာဗျူရို၊ ရုံးညွှန်ကြားရေးမှူး Patricia Mahoney တို့ဖြစ်ပါတယ်။

ဒီအဖွဲ့ဟာ လက်ရှိဖြစ်နေတဲ့အကျပ်အတည်းအပေါ် အမေရိကန်နဲ့ နိုင်ငံတကာရဲ့ တုန့်ပြန်လုပ်ဆောင်ပုံတွေနဲ့ တာရှည်ခံမယ့် အဖြေတွေကို စူးစမ်းရှာဖွေဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ၊ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံ ဆွေးနွေးဖို့ရှိပါတယ်။

မြန်မာနိုင်ငံံမှာ သံတမန်အသိုင်းအဝိုင်း၊ အစိုးရအဖွဲ့ အကြီးတန်းတာဝန်ရှိသူတွေ၊ ကုလသမဂ္ဂ၊ နိုင်ငံတကာနဲ့ လက်တွဲလုပ်ဆောင် ဖက် NGO တွေက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပါမယ်။ အကျပ်အတည်းရဲ့ လက်ရှိအခြေအနေ၊ အကြမ်းဖက်အခြေအနေကြောင့် ထိခိုက်ရသူတွေကို အကာအကွယ်ပေးရေး အားပေးဖို့နဲ့ လူ့အခွင့်အရေး ချိုးဖောက်သူတွေ တာဝန်ခံမှုရှိစေဖို့၊ ရခိုင်ပြည်နယ်က ဘေးဒဏ်သင့်လူထုအတွက် အကူအညီတွေ အကန့်အသတ်မဲ့ ခွင့်ပြုရေး တိုက်တွန်းဖို့၊ ထွက်ပြေးသွားသူတွေ ကိုယ့်ဆန္ဒနဲ့ကိုယ် ဘေးကင်းလုံခြုံ ဂုဏ်သိက္ခာရှိစွာ ပြန်လာနိုင်ဖို့ရာ အကာအကွယ်ပေးနည်းလမ်း ထူထောင်ရေး ဖိအားပေးဖို့ ဆွေးနွေးသွားမှာဖြစ် ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာတော့ အစိုးရအဖွဲ့ အကြီးတန်းတာဝန်ရှိသူတွေ၊ အလှူရှင်တွေ၊ လူသားစာနာမှုအကူအညီပေးအဖွဲ့တွေနဲ့ ယာယီလက်ထောက်ဝန်ကြီး Simon Henshaw ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံပါမယ်။ ဘင်္ဂလားဒေ့ရှ်ကို အလုံးအရင်းနဲ့ ထွက်ပြေးလာသူတွေအတွက် အသက်ကယ်လိုအပ်ချက်တွေကို ထိရောက်စွာဖြည့်ဆည်းပေးနိုင်ရေး အခြေအနေ တိုးတက်စေဖို့ ကြိုးပမ်းမှုတွေကို ဆွေးနွေးပါမယ်။

ကိုယ်စားလှယ်အဖွဲ့ဟာ Cox’s Bazar ဒေသကိုသွားရောက်ပြီး ဒုက္ခသည်တွေနဲ့ တွေ့ဆုံဖို့လဲ စီစဉ်ထားပါတယ်။ အဲဒီမှာ ထွက်ပြေးလာသူတွေပြောပြတာကို နားထောင်ပြီး လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ်အကူအညီ ပေးနေတာတွေကို ဆန်းစစ်လေ့လာပါမယ်။ ဒါ့အပြင် အကူအညီလိုအပ်ချက်တွေကို သိအောင်လုပ်ပြီး လူသားချင်းစာနာမှု အထောက်အပံ့တွေ ပေးပို့တာမှာ တိုးတက်မှုရှိစေမယ့် နည်းလမ်းတွေကို အကြံပြုပြောဆိုသွားမယ်လို့ နိုင်ငံခြားရေးဌာနရဲ့ ထုတ် ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG