သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီသံရုံးတွေကို အခွန်မဆောင်ရေး ပြည်ပရောက်မြန်မာတွေ လှုပ်ရှား


ထိုင်းနိုင်ငံ၊ မြန်မာနဲ့နယ်စပ် မဲဆောက်မြို့မှာရှိနေတဲ့ မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ။ (ယခင်မှတ်တမ်းဓာတ်ပုံ)
ထိုင်းနိုင်ငံ၊ မြန်မာနဲ့နယ်စပ် မဲဆောက်မြို့မှာရှိနေတဲ့ မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ။ (ယခင်မှတ်တမ်းဓာတ်ပုံ)

ပြည်ပရောက် မြန်မာနိုင်ငံသားတွေဆီက ဝင်ငွေခွန်ကောက်ယူဖို့ စစ်ကောင်စီက သက်ဆိုင်ရာ သံရုံးတွေကနေတဆင့် အသိပေးထားပါတယ်။ စစ်ကောင်စီထံ စီးဆင်းမယ့် ဒီအခွန်ငွေတွေဟာ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွေမှာ စစ်ကောင်စီက လက်နက်အဖြစ် အသုံးပြုမှာဖြစ်လို့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ အခွန်မဆောင်ဖို့ကို တော်လှန်ရေးအင်အားစုတွေဘက်က တိုက်တွန်းကြပါတယ်။ ရန်ကုန်ကနေ သတင်းပေးပို့ချက်ကို နန်းလောဝ်က တင်ပြပေးထားပါတယ်။

ပြည်ပရောက် မြန်မာနိုင်ငံသားတွေကို သူတို့ရတဲ့လစာဝင်ငွေပေါ် မူတည်ပြီး ၂၀၂၃ ခုနှစ် အောက်တိုဘာလကစပြီး အခွန်ငွေကောက်ခံဖို့ စစ်ကောင်စီဘက်က အသိပေးထားပါတယ်။ စစ်ကောင်စီထံ အခွန်ဆောင်ရမယ့်ကိစ္စကို တားဆီးနိုင်ဖို့ ပြည်တွင်း၊ ပြည်ပက တော်လှန်ရေးအင်အားစုတွေ စုပေါင်းပြီး "ပြည်ပသို့ပေးစာ" ဆိုတဲ့ သွေးစွန်းငွေလှုပ်ရှားမှုရဲ့ ရည်ရွယ်ချက်ကို ပါဝင်သူတဦးက အခုလိုပြောပါတယ်။

"ကိုယ့်ရဲ့ ချွေးနှဲစာပိုက်ဆံကို တကျပ်တပြားမှ ဘယ်သူမှ ပေးချင်ကြမှာမဟုတ်ဘူး။ ဒါပေမဲ့ အခွန်မဆောင်လိုက်ပြန်ရင်လည်း ပတ်စ်ပို့သက်တမ်းတိုးလို့မရရင် သူတို့ရောက်ရှိနေတဲ့နိုင်ငံမှာ ဆက်ပြီးနေထိုင်ဖို့ အခက်အခဲတွေက ရှိနေပြန်ရော။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ အကြပ်ရိုက်နေတယ်လို့ ကျနော်တို့ ကြားသိရတယ်။ အခု ကျနော်တို့ ဒီစာမှာက ပြည်ပရောက် မြန်မာနိုင်ငံသား ညီအစ်ကိုမောင်နှမတွေကို မေတ္တာရပ်ခံချင်တာက တတ်နိုင်သလောက် နည်းလမ်းတွေရှာပြီး နည်းလမ်းတွေရှိခဲ့ရင် အကြမ်းဖက်စစ်အုပ်စုကို အခွန်မဆောင်ဘဲ နေကြဖို့ကို တိုက်တွန်းတယ်။ ပြီးတော့ တွေ့ကြုံရတဲ့ ဒီတရားမဝင်အခွန်နဲ့ ပတ်သက်ပြီးတော့ အကျပ်အတည်းကိုလည်း ကျနော်တို့အတူတူ အဖြေရှာနိုင်ဖို့ကို ဒီစာကို ရည်ရွယ်ထားတာပါ။"

ဝင်ငွေခွန်မဆောင်ရင် ပတ်စ်ပို့သက်တမ်းတိုးဖို့ အခက်အခဲရှိနေပြီး ရောက်ရှိနေတဲ့ နိုင်ငံအလိုက် အခြေအနေချင်းတော့ ကွာခြားတယ်လို့ ပြောပါတယ်။ ဂျပန်နိုင်ငံမှာတော့ ပတ်စ်ပို့သက်တမ်းမတိုးဘဲ ဗီဇာသက်တမ်းတိုးပြီး တရားဝင်ဆက်နေလို့ရပေမယ့် စင်္ကာပူနဲ့ ထိုင်းလိုနိုင်ငံတွေမှာတော့ ပတ်စ်ပို့သက်တမ်းကုန်ရင် တရားဝင်ဆက်လက် နေထိုင်လို့မရပါဘူး။ ဒီအပေါ်မှာလည်း နိုင်ငံတကာ အစိုးရအနေနဲ့ ပူးပေါင်းပါဝင်ပေးဖို့ကို တိုက်တွန်းထားပါတယ်။ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ စစ်ကောင်စီထံ ဝင်ငွေခွန်မဆောင်ဘဲ ရောက်ရှိနေတဲ့ နိုင်ငံတွေမှာ ဆက်ပြီးတရားဝင် နေထိုင်ခွင့်ရဖို့ကို ကြိုးပမ်းနေတယ်လို့လည်း ပြောပါတယ်။

"လက်ရှိမှာလည်း ဥပဒေအရ ဥပဒေပညာ တတ်ကျွမ်းနားလည်သူတွေနဲ့ ကျနော်တို့ တိုင်ပင်ပြီးတော့ နည်းလမ်းတွေ ဝိုင်းဝန်းရှာဖွေနေတယ်။ ဒီနည်းလမ်းတွေကိုလည်း အများပြည်သူသိအောင် နည်းအမျိုးမျိုးနဲ့ အသိပညာပေးပြီး မျှဝေသွားနိုင်အောင်လည်း အင်အားစုတွေ စုပေါင်းပြီးတော့ လုပ်ဆောင်သွားဖို့ စီစဉ်နေပါတယ်။ ကျနော်တို့အနေနဲ့ နောက်ထပ်လှုပ်ရှားမှုတွေ ဆက်လက်ပြီး လုပ်ဆောင်သွားဖို့ရှိတယ်။ ပြီးတော့ အကြမ်းဖက်စစ်အုပ်စုကို အခွန်မဆောင်ဘဲ နေလို့ရတဲ့ နည်းလမ်းတွေကိုလည်း ကျနော်တို့ ရှာဖွေနေပါတယ်။ အတတ်နိုင်ဆုံးပေါ့ဗျာ ကျနော်တို့ လှုပ်ရှားနေပါတယ်။"

စင်္ကာပူနဲ့ ကိုရီးယားမှာရှိတဲ့ မြန်မာတွေလည်း သက်ဆိုင်ရာနိုင်ငံရဲ့ အစိုးရအဖွဲ့တွေ၊ သတင်းမီဒီယာတွေနဲ့ စကားပြောဆိုနေပြီး မြန်မာအစိုးရက အလုပ်သမားတွေကို ဖိအားပေး တောင်းခံနေတဲ့ အခွန်ကိစ္စတွေကို ရပ်တန့်ပေးဖို့အတွက် လှုပ်ရှားမှုတွေ စတင်နေကြပြီ ဖြစ်ပါတယ်။ တကယ်တော့ ရွှေ့ပြောင်းအလုပ်သမားတွေကို သက်ဆိုင်ရာနိုင်ငံရော မိခင်နိုင်ငံကပါ နှစ်ဘက်အခွန်ကောက်ခံနိုင်ခွင့်ကို အနောက်နိုင်ငံအတော်များများမှာ လက်မခံပေမယ့် မြန်မာအများစုရှိတဲ့ ဂျပန်၊ စင်ကာပူ၊ ထိုင်းစတဲ့ အာရှနိုင်ငံတွေမှာတော့ လက်ခံခွင့်ပြုထားပါတယ်။

ပြည်ပရောက် မြန်မာနိုင်ငံသားတွေဟာ စစ်အာဏာသိမ်းထားချိန် ပြည်တွင်းမှာဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြား သူတို့ဆောင်လိုက်ရမယ့် ဝင်ငွေခွန်တွေဟာ လက်နက်အဖြစ် အသွင်ပြောင်းသွားမှာကို မလိုလားဘဲ စိုးရိမ်နေကြတာပါ။ တဘက်မှာလည်း အခွန်မဆောင်ဘဲ တရားဝင်ဆက်ပြီး နေထိုင်နိုင်ဖို့လည်း သက်ဆိုင်ရာနိုင်ငံတွေအလိုက် မြန်မာ့ဒီမိုကရေစီလှုပ်ရှားရေးအဖွဲ့အစည်းတွေ ညှိနှိုင်းဆောင်ရွက်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG