သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်ဗုံးကွဲမှု လူ၉၀ထက်မနည်း သေဆုံး


အာဖဂနစ္စတန်နိုင်ငံ Kabul မြို့တော်က သံတမန်ရပ်ကွက်မှာ ဒီကနေ့ မနက်အစောပိုင်းက ထရပ်ကားတစင်းနဲ့ ပြင်းထန်တဲ့ ကားဗုံးထောင် တိုက်ခိုက်မှုကြောင့် လူ ၉၀ ထက်မနည်း သေဆုံးပြီး၊ ၃၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားပြီး နာရီပိုင်းအကြာမှာပဲ သေဆုံးသူ အရေအတွက်ကို အမည်မဖော်လိုသူ အာဖဂန် လုံခြုံရေးအရာရှိတဦးက ဗွီအိုအေကို အတည်ပြုပြောဆိုခဲ့တာပါ။

အစောပိုင်းမှာတော့ သေဆုံးသူ ၈၀ အထိ ရှိနေပြီး၊ အရေအတွက် ပိုတိုးနိုင်ကြောင်းလည်း ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Wahidullah Majroh က ပြောဆိုထားပါတယ်။ နိုင်ငံတကာသံရုံးတွေနဲ့ အစိုးရရုံးတွေ တည်ရှိရာ Kabul မြို့တော်က အချက်အချာ Wazir Akbar Khan အရပ်မှာ ဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုကြောင့် ဒါဇင်နဲ့ချီတဲ့ ကားတွေ၊ အနီးအနားက အဆောက်အဦးတွေလည်း ထိခိုက်ပျက်စီးခဲ့တာပါ။

အညစ်အကြေးတင် ကားတစင်းမှာ ဖောက်ခွဲရေးပစ္စည်းတွေ တင်ဆောင်လာပြီး ဖောက်ခွဲ ခဲ့တာလို့လည်း အာဖဂန်တာဝန်ရှိသူတွေက ပြောပါတယ်။ ပြင်းထန်တဲ့ ကားဗုံးပေါက်ကွဲ မှုဟာ ဂျာမန်သံရုံးနဲ့ မလှမ်းမကမ်းမှာ ဖြစ်ပွားခဲ့ပြီး အင်တာနက် လူမှုကွန်ယက်တွေပေါ်က ဓာတ်ပုံတွေမှာတော့ သံရုံးအဆောက်အဦး တစိတ်တပိုင်း ပြိုကျပျက်စီးနေတာကို တွေ့ကြ ရပါတယ်။ ဂျာမန်နိုင်ငံခြားရေးဝန်ကြီး Sigmar Gabriel ကတော့၊ ပေါက်ကွဲမှုအတွင်း အာဖဂန်လုံခြုံရေး အစောင့် တော်တော်များများ သေဆုံးပြီး၊ ဝန်ထမ်းတွေလည်း ထိခိုက် ဒဏ်ရာတွေ ရရှိခဲ့ကြောင်း Twitter လူမှုကွန်ယက်ကနေ ပြောဆိုခဲ့တာပါ။

ပေါက်ကွဲမှုကြောင့် အာဖဂန်က ထိပ်တန်း ဆက်သွယ်ရေး ဝန်ဆောင်မှုပေးနေတဲ့ Roshan လုပ်ငန်းရဲ့ ရုံးချုပ်ရှိရာ အဆောက်အဦးမှာ ထိခိုက်ပျက်စီးမှု အများဆုံး ဖြစ်ခဲ့ပါတယ်။ အခင်းဖြစ်ရာ နေရာကိုတော့ အာဖဂန်လုံခြုံရေးတွေက ချက်ချင်းပိတ်ဆို့တားဆီး ထားလိုက်သလို၊ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေအတွက် နိုင်ငံတကာက တပ်ဖွဲ့တွေလည်း ရောက်လာခဲ့ကြတာပါ။ အာဖဂန်နိုင်ငံက ရုပ်မြင်သံကြား သတင်းတွေ မှာတော့ အမျိုးသမီးတွေ အပါအဝင် လူတော်တော်များများကို အရေးပေါ်ကားတွေနဲ့ ဆေးရုံကို သယ်ဆောင်သွားတာကိုလည်း တွေ့ကြရပါတယ်။

နှစ်ပေါင်းများစွာအတွင်း အသေအပျောက် အများဆုံးအဖြစ် Kabul မြို့ခံတွေ ပြောဆိုနေကြတဲ့ တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ IS အစ္စလာမ်စစ်သွေးကြွ အဖွဲ့ကတော့ သူတို့လက်ချက်ဖြစ်ကြောင်း ကြေညာခဲ့တယ်လို့ အာဖဂန်မှာရှိတဲ့ အဓိက ရုပ်မြင်သံကြားဌာန ၂ ခု က ပြောဆိုနေပါတယ်။

ဆီးရီးယား အခြေစိုက် IS အဖွဲ့ဟာ မတ်လထဲ Kabul မြို့တော်မှာ စစ်သားတွေ၊ ဆရာဝန်တွေ အပါအဝင် လူ ၅၀ ထက်မနည်း သေဆုံးခဲ့တဲ့ အကြီးဆုံးစစ်ဆေးရုံကို အသေခံ တိုက်ခိုက်ခဲ့တာ အပါအဝင် အဓိကကျတဲ့ ပစ်မှတ်တွေကို တိုက်ခိုက်မှုတွေမှာ သူတို့လက်ချက်ဖြစ်ကြောင်း ကြေညာခဲ့ဖူးပါတယ်။ အာဖဂန်နိုင်ငံက လက်နက်ကိုင် ပဋိပက္ခတွေ ကို အဆုံးသတ်နိုင်ရေး အိမ်နီးချင်းတွေ၊ ဒေသတွင်းနိုင်ငံတွေနဲ့ ရှေ့သီတင်းပတ်ထဲ ဆွေးနွေးမယ့် ညီလာခံတရပ် ကျင်းပဖို့ အာဖဂန်သမ္မတ Ashraf Ghani စီစဉ်နေချိန်မှာပဲ အခုနောက်ဆုံး တိုက်ခိုက်မှုနဲ့ ကြုံခဲ့ရတာလည်း ဖြစ်ပါတယ်။

အာဖဂန်ဗုံးကွဲမှု လူ၉၀ထက်မနည်း သေဆုံး
please wait

No media source currently available

0:00 0:01:49 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG