{{Zawgyi/Unicode}}
တာလီဘန်တွေ အုပ်ချုပ်နေတဲ့ အာဖဂန်နစ္စတန်နိုင်ငံမှာ စာနာမှုဆိုင်ရာ အကျပ်အတည်းနဲ့ စီးပွားရေး ပြိုကွဲမယ့် အခြေအနေကို ရှောင်ရှားနိုင်အောင် ပိတ်ဆို့ဒဏ်ခတ်မှုတွေကို အဆုံးသတ်ဖို့ ဖွံ့ဖြိုးတဲ့နိုင်ငံပေါင်း ၂၀ G-20 နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အွန်လိုင်း အစည်းအဝေးမှာ တရုတ်ထိပ်တန်း သံတမန်က တိုက်တွန်းလိုက်ပါတယ်။
နိုင်ငံတကာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေမှာ အဓိက အဖွဲ့အစည်းတခုဖြစ်တဲ့ G-20 အဖွဲ့ဝင်တွေ အနေနဲ့ အာဖဂန်နစ္စတန်နိုင်ငံကို အပြုသဘောဆောင် ကူညီပန့်ပိုးကြဖို့ ကုလသမဂ္ဂ နှစ်ပတ်လည် အထွေထွေညီလာခံ ကျင်းပချိန်မှာ သီးခြားကျင်းပတဲ့ အစည်းအဝေးမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi ကပြောလိုက်တာပါ။
အာဖဂန်နစ္စတန်အပေါ် နိုင်ငံအလိုက် ပိတ်ဆို့အရေးယူမှုတွေနဲ့ ကန့်သတ်မှုတွေကို ရုပ်သိမ်းသင့်တယ်လို့လည်း ပြောပါတယ်။ ပြီးခဲ့တဲ့လထဲ အာဖဂန်နစ္စတန် နိုင်ငံကို တာလီဘန်တွေ သိမ်းပိုက်လိုက်ပြီးနောက် ဒေါ်လာဘီလီယံနဲ့ချီတဲ့ တိုင်းပြည်ရဲ့ အရံဘဏ္ဍာတွေကို အမေရိကန်က ထိန်းချုပ်လိုက်သလို၊ ကမ္ဘာ့ဘဏ်နဲ့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) တို့ကလည်း ဖွံ့ဖြိုးရေး အကူအညီတွေကို ဆိုင်းငံ့ထားခဲ့တာပါ။
တရုတ်နိုင်ငံခြားရေး ဝန်ကြီးကတော့ အာဖဂန်နစ္စတန်နိုင်ငံရဲ့ ပြည်ပအရန်ငွေဟာ တိုင်းပြည်ရဲ့ ပိုင်ဆိုင်မှုအဖြစ် လူထုအတွက် အသုံးပြုရမှာဖြစ်ပြီး၊ နိုင်ငံရေး ဖိအားပေးရာမှာ အသုံးချစရာ မဟုတ်ကြောင်း ပြောဆိုခဲ့ပါတယ်။
အမေရိကန် အပါအဝင် နိုင်ငံတော်တော်များများကတော့ တာလီဘန်တွေကို လက်ခံအသိအမှတ်ပြုပြီး တိုက်ရိုက်ဆက်ဆံတာတွေ မလုပ်ခင် သက်ဆိုင်သူတွေ ပါဝင်တဲ့ အစိုးရတရပ်ဖြစ်ဖို့၊ လူ့အခွင့်အရေး လေးစားဖို့၊ တင်းကျပ်တဲ့ အစ္စလာမ် စည်းမျဉ်းတွေကို ကျင့်သုံးတာတွေ မလုပ်ဖို့ တောင်းဆိုထားကြပါတယ်။
.................................................
{{Unicode}}