သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထွက်ပြေးသူတွေ မောင်းနှင်သွားတဲ့ လေယာဉ်တွေကို အိမ်နီးချင်းနိုင်ငံတွေဆီက တာလီဘန်ပြန်တောင်း


Afghan Helicopters
Afghan Helicopters

ထွက်ပြေးသူတွေ မောင်းနှင်သွားတဲ့ လေယာဉ်တွေကို အိမ်နီးချင်းနိုင်ငံတွေဆီက တာလီဘန်ပြန်တောင်း

တိုက်ရိုက် လင့်ခ်

{{Zawgyi/Unicode}}

အာဖဂန်နစ္စတန်နိုင်ငံမှာ ပြီးခဲ့တဲ့ သြဂုတ်လက အမေရိကန်ထောက်ခံထားတဲ့ အစိုးရ ပြိုကွဲပြီးနောက် အိမ်နီးချင်း နိုင်ငံတွေကို လေယာဉ်မှူးတွေက ပျံသန်း ထွက်ပြေးခဲ့ကြတဲ့ လေတပ် လေယာဉ်တွေနဲ့ ရဟတ်ယာဉ်တွေကို ပြန်ပေးဖို့ ဥဇဘက်ကစ္စတန်နဲ့ တာဂျစ်ကစ္စတန် နိုင်ငံတွေကို တာလီဘန်အစိုးရက တောင်းဆိုလိုက်ပါတယ်။

ဒီနိုင်ငံတွေက လေယာဉ်တွေကို သိမ်းယူတာမျိုး ဒါမှမဟုတ်လည်း အသုံးပြုတာမျိုး တာလီဘန်က ဘယ်တော့မှ ခွင့်ပြုမှာ မဟုတ်ကြောင်း တာလီဘန် ကာကွယ်ရေး ဝန်ကြီး Mohammad Yaqoob က မြို့တော် ကာဘူးလ်မှာ အင်္ဂါနေ့က လုပ်တဲ့ လေတပ် အခမ်းအနားမှာ ပြောခဲ့ပါတယ်။ တာလီဘန်ကို အကဲမစမ်းကြဖို့၊ လေယာဉ်တွေ ပြန်ရရေး တာလီဘန်ဘက်က လက်တုံ့ပြန် ဆောင်ရွက်လာအောင် မလုပ်ကြဖို့ ဥဇဘက်ကစ္စတန်နဲ့ တာဂျစ်ကစ္စတန် နိုင်ငံတို့ကို လေးလေးစားစား တောင်းဆိုကြောင်း ပြောဆိုခဲ့တဲ့ တာလီဘန် ကာကွယ်ရေး ဝန်ကြီး Yaqoob က နောက်ထပ် အသေးစိတ်ကိုတော့ မပြောပါဘူး။

အာဖဂန်ကို သြဂုတ်လ ၁၅ ရက်နေ့မှာ တာလီဘန်တို့ မသိမ်းခင် ရက်ပိုင်း အလိုမှာဘဲ အမေရိကန် လေ့ကျင့်ထားတဲ့ အာဖဂန် လေတပ် လေယာဉ်မှူးတွေက သူတို့နဲ့ သူတို့ မိသားစုတွေ ဘေးကင်းရေး အတွက် ဥဇဘက်ကစ္စတန်ကို လေယာဉ် ၄၀ ကျော်နဲ့ ထွက်ခွာခဲ့ကြတာပါ။ ဒီထဲမှာ A-29 အသေးစား တိုက်ခိုက်ရေး လေယာဉ်တွေနဲ့ Black Hawk ရဟတ်ယာဉ်တွေလည်း ပါဝင်ပါတယ်။

ဥဇဘက်ကို စစ်တပ် လေယာဉ်တွေနဲ့ တရားမဝင် ဝင်ရောက်လာတဲ့ ရာနဲ့ချီတဲ့ အာဖဂန် လေယာဉ်မှူးတွေနဲ့ သူတို့ မိသားစုတွေကို စက်တင်ဘာ အစောပိုင်းမှာဘဲ နိုင်ငံကနေ နှင်ထုတ်ခဲ့ပြီး ဖြစ်ကြောင်း ဥဇဘက် အာဏာပိုင်တို့က ပြောပါတယ်။ ဒါပေမယ့်လည်း လေယာဉ်တွေနဲ့ ပတ်သက်လို့တော့ ရှင်းရှင်းလင်းလင်း မရှိပါဘူး။

သြဂုတ်လအတွင်း အာဖဂန်အစိုးရ မပြုတ်ကျခင်က အာဖဂန်မှာ တာဝန်ထမ်းဆောင်နေတဲ့ လေယာဉ် ၁၆၄ စင်းရှိပြီး ဒီထဲက အများအပြားကတော့ နိုင်ငံပြင်ပကို ရောက်နေကြပါပြီ။ အာဖဂန်မှာ လေယာဉ် ၈၁ စင်းဘဲ ကျန်ရှိတော့ကြောင်းလည်း အာဖဂန် မီဒီယာက ဖော်ပြပါတယ်။

..........................................


{{Unicode}}






XS
SM
MD
LG