သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ဒဏ်သင့် ရိုဟင်ဂျာတွေ အခြေအနေ AI အဖွဲ့ အစီရင်ခံစာထုတ်ပြန်


ဘင်္ဂလားဒေ့ရှ်နိုင်ငံ Ukhia ဒုက္ခသည်စခန်းအတွင်းမှာရိက္ခာလာရောက်ယူနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်များ (စက်တင်ဘာ ၁၂၊ ၂၀၂၄)
ဘင်္ဂလားဒေ့ရှ်နိုင်ငံ Ukhia ဒုက္ခသည်စခန်းအတွင်းမှာရိက္ခာလာရောက်ယူနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်များ (စက်တင်ဘာ ၁၂၊ ၂၀၂၄)

ရခိုင်ပြည်နယ်တွင်းမှာ စစ်တပ်နဲ့ AA အာရက္ခတပ်တော်တို့ကြားဖြစ်ပွားတဲ့ စစ်ပွဲတွေကြားမှာ ရိုဟင်ဂျာ မွတ်စလင်တွေဟာ အကြီးမားဆုံး အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်လို့ Amnesty International လူ့အခွင့်အရေးအဖွဲ့ကြီးက ပြောလိုက်ပါတယ်။ မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကိုင်ပဋိပက္ခတွေအကြား ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာတွေ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ရင်ဆိုင်နေရတဲ့ အခြေအနေဟာ ၂၀၁၇ ခုနှစ် လူမျိုးတုံးသတ်ဖြတ်ခံရမှု နောက်ပိုင်း အဆိုးဝါးဆုံး ဖြစ်တဲ့အကြောင်း Amnesty International က ဒီနေ့ အောက်တိုဘာ ၂၄ ရက်နေ့စွဲနဲ့ အစီရင်ခံစာ ထုတ်ပြန်တာဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၂၂ ယောက်ကို Amnesty International အဖွဲက စက်တင်ဘာမှာ တွေ့ဆုံမေးမြန်းခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ ရိုဟင်ဂျာတွေဟာ ၂၀၁၇ ခုနှစ်က ကြုံခဲ့ရတဲ့ အဖြစ်ဆိုးမျိုးနဲ့ ထပ်ကြုံနေရပြီး အခုတကြိမ်မှာ စစ်တပ်အန္တရာယ်ရော AA ရဲ့ အန္တရာယ်ပါ ၂ ဘက်ကြုံနေကြရတယ်လို့ Amnesty International ရဲ့ အတွင်းရေးမှူးချုပ် Agnès Callamard က ပြောထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်တွေ များလာတာ၊ စားနပ်ရိက္ခာ မလုံလောက်တာကို အကြောင်းပြပြီး ရိုဟင်ဂျာတွေကို လက်မခံတော့တဲ့ တချိန်တည်းမှာ အာရက္ခတပ်တော် AA ရဲ့ သတ်ဖြတ်မှုနဲ့ ရွာတွေက မောင်းထုတ်တာတွေကိုလည်း ခံနေရတယ်လို့ ရိုဟင်ဂျာ မွတ်စလင်တွေပြောတာကို အစီရင်ခံမှာ ထည့်သွင်းဖော်ပြထားပါတယ်။ AA အာရက္ခတပ်တော်ဘက်ကတော့ ဒီလိုပြောဆိုချက်တွေကို ငြင်းဆိုထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် နောက်ထပ် ထွက်ပြေးတဲ့ အမျိုးသမီးနဲ့ ကလေးငယ်တွေအပါ ရိုဟင်ဂျာ ဒုက္ခသည် နယ်စပ် နတ်မြစ်ထဲမှာ လှေမှောက်သေဆုံးခဲ့တာကိုလည်း Amnesty International ရဲ့အစီရင်ခံစာမှာ ထောက်ပြထားပြီး ဆိုးဝါးတဲ့ အခြေအနေနဲ့ ကြုံနေရတဲ့ ရိုဟင်ဂျာတွေအတွက် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အရေးပေါ်ကူညီထောက်ပံ့မှုတွေ လိုအပ်နေတယ်လို့ တောင်းဆိုထားပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက အရာရှိတွေကတော့ မြန်မာနိုင်ငံအတွင်းကနေ ပြီးခဲ့တဲ့လပိုင်းတွေအတွင်း နောက်ထပ် ရောက်လာတဲ့ ဒုက္ခသည် လေးသောင်းလောက် ရှိတဲ့အကြောင်း ပြီးခဲ့တဲ့ ရက်ပိုင်းက ပြောဆိုထားပါတယ်။

Forum

XS
SM
MD
LG