သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ပံတောင်းစီမံကိန်း ဘေးထွက်ဆိုးကျိုး စုံစမ်းစစ်ဆေးဖို့ တောင်းဆို


လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စွန့်ပစ်ပစ္စည်းကြောင့် သဘာဝပတ်ဝန်းကျင်ပျက်စီးနေရ။ (မေ ၂၀၊ ၂၀၁၄)
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စွန့်ပစ်ပစ္စည်းကြောင့် သဘာဝပတ်ဝန်းကျင်ပျက်စီးနေရ။ (မေ ၂၀၊ ၂၀၁၄)

လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ အခုထိ ဆက်လက်ရှိနေဆဲဖြစ်လို့ လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်း တူးဖေါ်ရေးလုပ်ငန်းကို ချက်ချင်း ရပ်ဆိုင်းပစ်ဖို့ Amnesty International လူ့အခွင့်အရေးအဖွဲ့ကြီးက မြန်မာအစိုးရကို တောင်းဆိုလိုက်ပါတယ်။ ကြေးနီစီမံကိန်းကြောင့် ဒေသခံပြည်သူတွေရဲ့လူနေမှုဘဝတွေ ထိခိုက်ရတာအပါအဝင် သဘာဝပတ်ဝန်းကျင် ပျက်စီးရတာတွေအတွက် အစိုးရသစ်အနေနဲ့ ပညာရှင်တွေအားလုံးပါဝင်တဲ့ အဖွဲ့ဖွဲ့စည်းပြီး စနစ်တကျစုံစမ်းသင့်တယ်လို့ လက်ပံတောင်းတောင်အရေးကူညီဆောင်ရွက်ပေးခဲ့တဲ့ လွှတ်တော်အမတ်နဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်တွေက အကြံပြုပါတယ်။ အသေးစိတ် မဆုမွန် ဆက်ပြောပြပါမယ်။

AI (Amnesty International) လူ့အခွင့်အရေးအဖွဲ့ရဲ့ မနေ့ ဖေဖေါ်ဝါရီ ၁၀ ရက်နေ့က ထုတ်ပြန်တဲ့ "ဒုက္ခတောင်တန်း"လို့ အမည်ပေးထားတဲ့ အစီရင်ခံစာမှာ လက်ပံတောင်းကြေးနီစီမံကိန်းကြောင့် စီမံကိန်းဝန်းကျင်မှာ နေထိုင်တဲ့ ထောင်နဲ့ချီတဲ့ မိသားစုတွေဟာ ဒီစီမံကိန်း တိုးချဲ့မှုနဲ့အတူ အိုးအိမ်ရွှေ့ပြောင်းရတာ၊ လယ်ယာဆုံးရှုံးရတာတွေ ရှိနေသလို သူတို့နေထိုင်ရာနေရာမှာ သဘာဝဝန်းကျင် ပျက်စီးမှုတွေကြုံတွေ့နေရပြီး ဒီစီမံကိန်းကို ဆန့်ကျင် ကန့်ကွက် သူတွေကိုလည်း အာဏာပိုင်တွေဘက်က ဆက်ပြီး ဖိနှိပ်ခြိမ်းခြောက်မှုတွေ ရှိနေတယ်လို့ ဖေါ်ပြထားပါတယ်။

ဒါကြောင့် လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်း တူးဖေါ်ရေးလုပ်ငန်းကို ချက်ချင်း ရပ်ဆိုင်းပစ်ဖို့ Amnesty International လူ့အခွင့်ရေး အဖွဲ့ကြီးက မြန်မာအာဏာပိုင်တွေကို တောင်းဆိုလိုက်တာဖြစ်ပါတယ်။ ဆယ်စုနှစ်နဲ့ချီ စီးပွါးရေး ဒဏ်ခတ်မှု ခံခဲ့ရတဲ့ မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့အစိုးရသစ် တက်လာခဲ့တဲ့နောက်ပိုင်း နိုင်ငံရပ်ခြား ရင်းနှီးမြုပ်နှံမှုတွေ တိုးလာဖို့ လုပ်ဆောင်နေချိန်မှာ လက်ပံတောင်းလို စီမံကိန်းကြီးတွေဟာ လူ့အခွင့်ရေးချိုးဖေါက်မှုတွေ လုပ်နေပြီး တာဝန်ခံ တာဝန်ယူမှု မရှိဘူးလို့ AI အဖွဲ့ရဲ့ အစီရင်ခံစာက ထောက်ပြထားပါတယ်။

ပြီးခဲ့တဲ့အစိုးရလက်ထက်က ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ဦးဆောင်တဲ့ လက်ပံတောင်းစီမံကိန်းစံုံစမ်းရေးကော်မရှင်မှာ အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့သူ စစ်ကိုင်းတိုင်းပုလဲမြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်ကတော့ ကော်မရှင်ရဲ့ အကြံပြုချက်တွေကို ဆက်လက်အကောင်အထည်ဖော်ဖို့လိုသလို ဒေသခံပြည်သူတွေအကျိုးအတွက်လည်း ရှေးရှု့ဆောင်ရွက်စေချင်ပါတယ်လို့ ပြောပါတယ်။

“ကျမ ကော်မရှင်မှာ ပါဝင်ခဲ့တဲ့ပုဂ္ဂိုလ်တယောက်အနေနဲ့ရော ဒီလက်ပံတောင်းတောင် နဲ့ ပါတ်သတ်တဲ့ ကိစ္စတွေမှာ အားလုံးကို ဆောင်ရွက်ခဲ့တဲ့ ကျမ ပါဝင်တဲ့သူတယောက်အနေနဲ့ရော ပြောမယ်ဆိုရင်တော့ ကျမတို့ကော်မရှင်ရဲ့ အစီရင်ခံစာကို လေးစားလိုက်နာစေချင်တယ်။ ကော်မရှင်ရဲ့ အစီရင်ခံစာထဲမှာ ပါတဲ့အတိုင်းလည်း အကောင်အထည်ဖော်စေချင်တယ်။ ပြောချင်တာကတော့ ဒီဒေသမှာရှိတဲ့ ပြည်သူလူထုတွေအနေနဲ့ သူတို့တောင်းဆိုသည်ဖြစ်စေ မတောင်းဆိုသည်ဖြစ်စေ ဒီလက်ရှိသတ္တုတူးဖော်နေတဲ့ မြန်မာဝမ်ပေါင်ကုမ္ပဏီအနေနဲ့ ဒီဒေသရဲ့ ဖွံ့ဖြိုးတိုးတက်ရေးပေါ့။ ဒီဒေသမှာ ရှိတဲ့ပြည်သူလူထုတွေအတွက်ကိုပေါ့နော် သူတို့ဘဝတွေ လူနေမှုဘဝတွေ ပိုမိုမြင့်မားရေး အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိရေးပေါ့ ပြည်သူလူထုတွေ အားလုံးလည်း ကျေနပ်တဲ့အချက်အလက်တွေပေါ့ အားလုံးနဲ့ ညှိညှိနှိုင်းနှိုင်းနဲ့ ပြန်ပြီးတော့ ဆန်းစစ်စေချင်ပါတယ်။”

မြန်မာနိုင်ငံအတွက် စီးပွါးရေး တိုးတက်ဖွ့ံ့ဖြိုးမှု ရှိစေဖို့ လက်ပံတောင်းတောင် စီမံကိန်းလို့ စီမံကိန်းကြီးတွေ နဲ့ လုပ်ဆောင်ဖို့ လိုနေတာ ထင်ရှားပေမယ့် ဒီလိုတိုးတက်ဖို့ ဒေသခံတွေကို စတေးရတာမျိုးတော့ မဖြစ်သင့်သလို အစိုးရသစ်အနေနဲ့လည်း ဒေသတွင်း လူ့အခွင့်အရေး ချိုးဖေါက်မှုတွေနဲ့ သဘာဝ ဝန်းကျင် ပျက်စီးမှုတွေနဲ့ ပါတ်သက်ပြီး စနစ်တကျ စုံစမ်းစစ်ဆေးပြီး ဖေါ်ထုတ်ဖို့လည်း AI က တိုက်တွန်းထားပါတယ်။ ဒီအပေါ်မှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးလှုပ်ရှားသူ စိမ်းလန်းအမိမြေအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာ ဝင်းမြတ်သူ ကလည်း ပညာရှင်တွေအပါအဝင် အားလုံးပါဝင်တဲ့ စုံစမ်းစစ်ဆေးဖော်ထုတ်မှုတွေကို အမြန်ဆုံးလုပ်သင့်တယ်လို့ အကြံပြုထားပါတယ်။

“လက်ပံတောင်းတောင်စီမံကိန်း ကော်မတီတခုကို သက်ဆိုင်သူတွေ အားလုံးပါဝင်ပြီး ဖွဲ့စည်းဖို့ လိုပါတယ်။ ရွာသားတွေရော အရပ်ဖက်အဖွဲ့အစည်းတွေပါ ကျယ်ကျယ်ပြန့်ပြန့်ဖွဲ့ဖို့လိုပါတယ်။ ပုံမှန်အစည်းအဝေးတွေ လုပ်ပြီးတော့ ညှိနှိုင်းဆောင်ရွက်မှသာလျှင် မတူကွဲပြားတာတွေကို တဖြေးဖြေးနဲ့ညှိနှိုင်းသွားလို့ရပါမယ်။ အဲ့ဒီ့ကော်မတီ မရှိတဲ့အတွက် ဒီလိုပြသနာတွေက ပိုပြီးတော့ ဖြစ်နေတာဖြစ်ပါတယ်။ အဲ့တာက နံပတ်တစ်အချက် လုပ်စေချင်ပါတယ်။ နံပတ်နှစ်ကတော့ ပတ်ဝန်းကျင်ရေးရာ စာရင်းစစ်ခြင်း လုပ်ဖို့လိုပါတယ်။ ဒီနှစ်ချက်ကို အဓိကထား လုပ်မယ်ဆိုရင်တော့ ဒီ့ထက်မက ပိုပွင့်လင်းမြင်သာပြီးတော့ ပိုပြီးတော့ လက်ခံနိုင်မယ့်အနေအထားများ ရှိမလား။ ဒါလည်း ကျနော်တို့ စဉ်းစားမိသလောက်လေး တင်ပြတာပါ။”

စစ်ကိုင်းတိုင်းတွင်းက လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို တရုတ်အစိုးရပိုင် မြန်မာဝမ်ပေါင်ကုမ္ပဏီက တူးဖေါ်နေတာဖြစ်ပြီး ၂၀၁၆ စက်တင်ဘာလမှာ ကြေးနီစတင် ထုတ်လုပ်ခဲ့တာပါ။ လက်ပံတောင်းကြေးနီစီမံကိန်းနဲ့ပတ်သက်လို့ အခုလောလောဆယ်မှာတော့ စစ်ကိုင်းတိုင်း အစိုးရအဖွဲ့ကိုယ်တိုင်ဦးဆောင်ပြီး ဒေသခံတွေနဲ့ ကုမ္ပဏီကြား တင်းမာနေဆဲ အခြေအနေတွေကို ဝင်ရောက်ဖြေရှင်းပေးနေတယ်လို့လည်း ဒေါ်ခင်စန်းလှိုင်ကပြောပြပါတယ်။

“ လောလောဆယ်တော့ တိုင်းဒေသကြီးအစိုးရက နေပြီးတော့မှ ဒီဒေသခံပြည်သူလူထုအတွက် လယ်ယာမြေလျော်ကြေးပေးဖို့ရာနဲ့ နောက် ရွာတွေ ရွှေ့ပြောင်းရတဲ့သူတွေ ရွှေ့ပြောင်းဖို့ရာကိစ္စတွေကို ဦးစားပေးပြီး ဆောင်ရွက်နေတယ်လို့ အန်တီတို့ သိရပါတယ်။

ကြေးနီသတ္တုတူးဖော်ရေးလုပ်ငန်းခွင်က စွန့်ပစ်ပစ္စည်းတွေကနေ ဒေသတွင်း သောက်သုံးရေတွေမှာ အာဆင်းနစ် အဆိပ်ဓာတ်တွေ ပါဝင်တာ၊ကြေးနီနဲ့ ခဲဓါတ်တွေ စိမ့်ဝင်မှုတွေနဲ့ သဘာဝ ဝန်းကျင် ပျက်စီးခဲ့ရသလို ဒီစီမံကိန်းနဲ့ပတ်သက်ပြီး ဆန့်ကျင် ဆန္ဒပြသူတွေကို အကြမ်းဖက်နှိမ်နင်းခဲ့တာ ၂၀၁၄ ခုနှစ်က ဆန္ဒပြကျေးရွာသူ ဒေါ်ခင်ဝင်း သေနတ်ဒဏ်ရာနဲ့ သေဆုံးရတာတွေ အပါအဝင် ဖမ်းဆီး ခြိမ်းခြောက်မှုတွေ အခုထိ ရှိနေဆဲ ဖြစ်ကြောင်း AI ရဲ့ အစီရင်ခံစာမှာ ဖေါ်ပြပါရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG