သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေဇုန်တောမီးငြှိမ်းသတ်ရေး G7 ထောက်ပံ့မှု ခြွင်းချက်နဲ့လက်ခံဖို့ ဘရာဇီလ်း သမ္မတ သဘောတူ


ဘရာဇီးလ် သမ္မတ Jair Bolsonaro
ဘရာဇီးလ် သမ္မတ Jair Bolsonaro

အမေဇုံ သစ်တောအတွင်း အကြီးအကျယ် လောင်ကျွမ်းနေတဲ့ တောမီးတွေ ငြိမ်းသတ်ဖို့အတွက် ဘရာဇီးလ်နိုင်ငံကို ငွေကြေး အထောက်အပံ့ပေးဖို့ G7 ညီလာခံအတွင်း အဖွဲ့ဝင်နိုင်ငံတွေက ကမ်းလှမ်းတာကို ဘရာဇီးလ် သမ္မတ Jair Bolsonaro က လက်မခံပဲ ပယ်ချခဲ့ပါတယ်။ အင်္ဂါနေ့မှာတော့ သူ့ကို မရိုးသားသူ လူလိမ်အဖြစ် ပြောထားတဲ့စကားကို ပြင်သစ် သမ္မတ Macron က ရုပ်သိမ်းပေးမယ် ဆိုရင် ဒီ အကူအညီကို လက်ခံမယ်လို့လည်း ဘရာဇီးလ် သမ္မတက ပြောပါတယ်။ ဗွီအိုအေ သတင်းထောက် Jeff Custer ရဲ့ သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုရဲမင်းထွန်းက တင်ပြပေးပါမယ်။

ဘရာဇီးလ်နိုင်ငံရဲ့ အမျိုးသား အာကာသ သုတေသနဌာနရဲ့ အဆိုအရ ၂၀၁၉ ခုနှစ် နှစ်ဆန်းကစပြီး ဘရာဇီးလ် နိုင်ငံအတွင်း တောမီး လောင်မှု အကြိမ်ပေါင်း ၇၂၈၄၃ ရှိခဲ့တာမှာ တစ်ဝက်ကျော်ဟာ အမေဇုံ သစ်တောအတွင်း လောင်ကျွမ်းတာလို့ ဆိုပါတယ်။

ဒီမီးတွေကြောင့် ဘရာဇီးလ်နိုင်ငံရဲ့ တစ်ဝက်နီးပါးမှာ မီးခိုးတွေကို တွေ့မြင်နေရသလို နိုင်ငံရဲ့ ပြင်ပ ပီရူး၊ ဘိုလီးဗီးယားနဲ့ ပါရာဂွေးနိုင်ငံတွေအထိ မီးခိုးတွေ ရောက်ရှိ နေပြီလို့လည်း ဥရောပသမဂ္ဂရဲ့ Copernicus ဂြိုလ်တုကနေ သိရှိရပါတယ်။

ပြင်သစ်နိုင်ငံ Beirrizt မြို့မှာ ကမ္ဘာ့ ဖွံ့ဖြိုးပြီးနိုင်ငံ ၇ နိုင်ငံရဲ့ G7 ထိပ်သီး အစည်းအဝေး တက်ရောက်နေတဲ့ ခေါင်းဆောင်တွေက အမေဇုံ သစ်တောအတွင်း လက်ရှိ လောင်ကျွမ်းနေတဲ့ တောမီးကို စိုးရိမ်ကြောင်း ထုတ်ဖော် ပြောဆိုပါတယ်။ ပြင်သစ် သမ္မတ Emmanuel Macron က ဘရာဇီးလ် သမ္မတ Jair Bolsonaro ကို အမေဇုံ တောမီးကို ငြှိမ်းသတ်ဖို့ကြိုးစားရာမှာ ရိုးသားမှု မရှိ၊ လူလိမ်အဖြစ် စွပ်စွဲခဲ့တာကြောင့် လည်း ပြင်သစ်နဲ့ ဘရာဇီးလ် သမ္မတနှစ်ဦးအကြား စကား စစ်ထိုးမှုတွေ စတင်ဖြစ်ပေါ်လာခဲ့ပါတယ်။ Bolsonaro ဟာ ရာသီဥတု ပြောင်းလဲမှု ကို မယုံကြည်သူတစ်ဦးဖြစ်ပြီး အခု လောင်နေတဲ့ တောမီးကို အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်း NGO တွေက ရှို့တာလို့လည်း စွပ်စွဲခဲ့ပါတယ်။

မီးငြိမ်းသတ်ဖို့နဲ့ သစ်တော ပြန်လည်ထူထောင်ဖို့ G7 ခေါင်းဆောင်တွေက ဒေါ်လာ သန်း ၂၀ ကျော် အကူအညီပေးဖို့ ကမ်းလှမ်းခဲ့တာကို ကနဦးမှာ ပယ်ချခဲ့ပေမဲ့ အင်္ဂါနေ့မှာတော့ ပြင်သစ် သမ္မတက သူ့အပေါ် စော်ကားပြော ဆိုတာကို ရုပ်သိမ်းရင် ဒီ အကူအညီကို လက်ခံမယ်လို့ ဘရာဇီးလ် သမ္မတက ပြောပါတယ်။

“ဘုရားသခင် အလိုအရ ကျွန်တော်တို့ အလုပ်အတူ လက်တွဲလုပ်ပြီး အဖြေရှာပြီးတော့ အတွေးအခေါ်သမားကြီး Mr. Macron တို့လို လူတွေ စိတ်ကျေနပ်အောင် လုပ်ပေးပါမယ်။ ဒီမှာ ရှိနေတဲ့ ဘယ်သူကမှ ပြင်သစ်နဲ့မဆွေးနွေးဘူးလို့ မပြောပါဘူး။ G7 ရဲ့လုပ်ဆောင်ချက်တွေအတွက် ကျေးဇူးတင်ပါတယ်။ သမ္မတ ထရမ့်အပါအဝင် ချီလီနဲ့ စပိန်တို့က ခေါင်းဆောင်တွေ နဲ့လည်း အခြေအနေ တည်ငြိမ်သွားဖို့ ကျွန်တော် စကားပြောပြီးပါပြီ။”

ဘရာဇီးလ် သမ္မတက ပြည်နယ် အုပ်ချုပ်ရေးမှူးတွေနဲ့ တွေ့ဆုံပွဲမှာ အခုလို ပြောသွားခဲ့တာဖြစ်ပြီး အုပ်ချုပ်ရေးမှူးတွေရဲ့ အကူအညီ ကြောင့် မီးငြိမ်းသတ်ရေး စစ်ပွဲ အောင်မြင်နေပါတယ်လို့လည်း ပြောပါတယ်။

ပြင်သစ် သမ္မတ Macron ကလည်း ချီလီသမ္မတနဲ့ ပါရီမြို့ သတင်းစာ ရှင်းလင်းပွဲမှာ အမေဇုံ တောမီးအကြောင်း အခုလို ပြောပါတယ်။

“အမေဇုံ သစ်တောဟာ ကမ္ဘာ့ ကာဗွန်ဒိုင်အောင်ဆိုဒ် ၁၄ ရာခိုင်နှုန်းကို စုပ်ယူပေးပါတယ်။ ဘယ်နိုင်ငံကမှာ ဒီ တောမီးကြောင့် ထိခိုက်မှု မရှိဘူးလို့ မပြောနိုင်ပါဘူး။ အမေဇုံ သစ်တောရဲ့ အခန်းကဏ္ဍကို အစားထိုးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒီ သစ်တောကို ဖျက်ဆီးရင် ကာဗွန်ဒိုင် အောက်ဆိုဒ် ထုတ်လွှတ်မှုနှုန်း အဆိုးဘက်ကို ပြောင်းလဲသွားနိုင်ပါတယ်။”

အမေဇုံ တောမီးအရေးနဲ့ နိုင်ငံတကာ အကူအညီ ယူရေးကိစ္စမှာ ရီယိုဒီ ဂျနေရိုးမြို့က ဘရာဇီးလ် ပြည်သူတွေအကြား တစ်စိတ်တစ်ဝမ်းတည်း တော့ မရှိကြပါဘူး။ ရီယို မြို့သူ Rosane Cruz De Melo က အခုလို ပြောပါတယ်။

“ဘယ်သူမှ တစ်ယောက်တည်း လုံးလုံးလျားလျား ကြီးပြင်း နေထိုင်လို့ မရပါဘူး။ ဘယ် အကူအညီကို မဆို ရည်ရွယ်ချက် ကောင်းတယ်ဆိုရင် အမြဲတမ်း ကြိုဆိုရမှာပါပဲ။”

တစ်မြို့တည်းသား Paulo de Souza ကတော့ အမေဇုံအပေါ် ဘရားဇီးလ်ရဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရှိရမှာဖြစ်ပြီး အမေဇုံကို အပြည်ပြည် ဆိုင်ရာ အရေးဖြစ်အောင်လုပ်တာကို လက်မခံနိုင်ဘူးလို့ ဆိုပါတယ်။

Hollywood အကျော်အမော် မင်းသား Leonado Di Carprio ကတော့ အမေဇုံ တောမီး ငြိမ်းဖို့ အစိုးရတွေ အားထုတ် ကြိုးပမ်း သင့်တယ်လို့ ပြောပါတယ်။

“အမေဇုံထဲ ကျွန်တော် သွားပြီးနေဖူးတယ်။ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် သာမကဘူး ဇီဝမျိုးကွဲတွေနဲ့ ယဉ်ကျေးမှု အလှတရားတွေ လည်း ပေါင်းစုံရှိတယ်။ အခု မယုံနိုင်လောက်အောင် စိတ်မကောင်းစရာတွေ ဖြစ်နေတယ်။ ကျွန်တော် ဗြုန်းကနဲ့ စိတ်ဓါတ် ကျသလို ခံစားရတယ်။ ကျွန်တော်နဲ့ အတူ အလုပ်တွဲလုပ်သူတွေက တစ်ခုခု လုပ်ဖို့တော့ သဘောတူကြတယ်။”

အမေဇုံ သစ်တောမီးဟာ ဘရာဇီးလ် သမ္မတ Bosolnaro ရဲ့ သက်တမ်းနုနယ် သေးတဲ့ အစိုးရအတွက် အကျပ်အတည်း တစ်ခု ဖြစ်လာ နေပါတယ်။ ပြည်တွင်းမှာ လူကြိုက်နည်းလာနေသလို ရာသီဥတု ပြောင်းလဲမှုကို ကျားကန်ပေးနိုင်တဲ့ အမေဇုံ သစ်တာကြီး မီးလောင်တာကို ကိုင်တွယ်ပုံကြောင့် နိုင်ငံတကာ စင်မြင့်မှာလည်း သမ္မတ Bolsonaro တစ်ယောက် ပိုပြီး အထီးကျန်လာနေကြောင်းပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG