သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

G -7 ထိပ်သီးညီလာခံ Trump နဲ့ Macron ညီညွတ်မှု နဲ့ အဆုံးသတ်


သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ပြင်သစ် သမ္မတ Emmanuel Macron 
သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ပြင်သစ် သမ္မတ Emmanuel Macron 

သြဂုတ်လ ၂၄ ရက်နေ့က စပြီး ပြင်သစ်နိုင်ငံ၊ Biarrizt မြို့မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ ဖွံ့ဖြိုးပြီး နိုင်ငံကြီး ၇ နိုင်ငံ ပါဝင်တဲ့ G7 ထိပ်သီး ညီလာခံ ဟာ သြဂုတ်လ ၂၆ ရက်နေ့မှာ ပြီးဆုံး ခဲ့ပါတယ်။ G7 ညီလာခံအပြီး ပူးတွဲ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာတော့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ပြင်သစ် သမ္မတ Emmanuel Macron တို့က သူတို့အကြား အရေးကြီးတဲ့ ကိစ္စတစ်ချို့မှာ သဘောထား ကွဲလွဲမှုတွေ ရှိပေမဲ့ ကိစ္စတော်တော်များများမှာလည်း သဘောထား တိုက်ဆိုင်မှုတွေ ရှိတယ်လို့ ပြောပါတယ်။ အဲဒီ သတင်းစာ ရှင်းလင်းပွဲနဲ့ အိမ်ရှင် ပြင်သစ် အစိုးရက ထုတ်ပြန်တဲ့ ညီလာခံ အပိတ် ကြေညာချက်မှာ အီရန်အရေး၊ တရုတ်-အမေရိကန် ကုန်သွယ်ရေး စစ်ပွဲကိစ္စနဲ့ နောက်နှစ် အမေရိကန် နိုင်ငံမှာ ကျင်းပမယ့် G7 ညီလာခံကိစ္စတွေ ပါဝင်ခဲ့ပါတယ်။ အပြည့်အစုံကို ကိုရဲမင်းထွန်းက တင်ပြထားပါတယ်။

ပြင်သစ်နိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပခဲ့တဲ့ ဒီနှစ် G7 ထိပ်သီး ဆွေးနွေးပွဲမှာ ပူးတွဲ ကြေညာချက်တစ်ရပ် မထုတ်ပြန်ခဲ့ပေမဲ့ ပြင်သစ် အစိုးရက G7 အဖွဲ့ဝင်နိုင်ငံခေါင်းဆောင်တွေ ကိုယ်စား ညီလာခံ အပိတ် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ ကြေညာချက်မှာ ပါဝင်တဲ့ အဓိက ၅ ချက်အနက် ကမ္ဘာ့ကုန်သွယ်ရေးကိစ္စမှာတော့ G7 အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မျှတ ပွင့်လင်းတဲ့ ကမ္ဘာ့ ကုန်သွယ်ရေး နဲ့ ကမ္ဘာ့ စီးပွားရေး တည်ငြိမ်မှုရှိရေး သန္နိဋ္ဌာန် ချထားတယ်လို့ ဆိုပါတယ်။ ညီလာခံ ကျင်းပစဉ်အတွင်း G7 ခေါင်းဆောင်တွေဟာ လတ်တလော ဖြစ်နေတဲ့ အမေရိကန်နဲ့ တရုတ် ကုန်သွယ်ရေး စစ်ပွဲကို စိုးရိမ်ကြောင်းလည်း ထုတ်ဖော် ပြောဆိုခဲ့ကြပါတယ်။

ပြင်သစ် သမ္မတ Macron နဲ့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲမှာတော့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က တရုတ်နိုင်ငံနဲ့ ကုန်သွယ်ရေး အကြောင်း သတင်းထောက်တွေကို အခုလို ပြောပါတယ်။

“တရုတ်တို့ အနေနဲ့ သဘောတူညီချက်ရဖို့ လိုလားနေတယ်ဆိုတာ နားလည်ပါ။ ဘယ်လိုပဲ သဘောတူညီချက် ရရ၊ ရတဲ့ သဘောတူညီချက်က ကျွန်တော်တို့အတွက် ကောင်းရပါမယ်။ တရုတ်သမ္မတ Xi ကို ကျွန်တော် လေးစားပါတယ်။ ဒါပေမဲ့ သူ့ကို ကျွန်တော် ပြင်းပြင်းထန်ထန် ပြောခဲ့ပါတယ်။ ခင်ဗျားတို့ အနေနဲ့ တစ်နှစ်ကို ဒေါ်လာ ဘီလီယံ ၅၀၀ လောက် အကျိုးစီးပွား ရရှိနေပြီး ကျွန်တော်တို့ရဲ့ နည်းပညာတွေကို ခိုးယူ နေပါတယ်။ ဒါကြောင့် တစ်ဘက် ၅၀ ရာခိုင်နှုန်းစီ ရမယ့် သဘောတူညီချက်မျိုး ကျွန်တော်တို့ မလုပ်နိုင်ပါဘူး။ ကျွန်တော်တို့အတွက် ပို အားသာရပါမယ်။ အားမသာရင် သဘောတူညီချက် မရတာက ပိုကောင်းပါတယ်။”

တရုတ်နိုင်ငံ ဒုတိယ ဝန်ကြီးချုပ် Liu He ကတော့ တရုတ်နိုင်ငံအနေနဲ့ အမေရိကန်နိုင်ငံနဲ့ စေ့စပ်ဆွေးနွေးဖို့ လိုလားကြောင်းနုဲ့ ကုန်သွယ်ရေး စစ်ပွဲ အရှိန်တက်နေတာကို ဆန့်ကျင်တယ်လို့လည်း ပြောပါတယ်။

G7 ညီလာခံမှာ အီရန် နျူးကလီယားကိစ္စကလည်း အရေးပါတဲ့ ကိစ္စ တစ်ခုဖြစ်တာကြောင့် ပြင်သစ်အစိုးရရဲ့ ထုတ်ပြန်စာမှာ အီရန်နိုင်ငံ နျူးကလီးယား လက်နက် မပိုင်ဆိုင်ဖို့နဲ့ ဒေသအတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှု ရှိဖို့ ဆိုတဲ့ အချက် ၂ ချက်ကို ခေါင်းဆောင်တွေအကြား သဘောတူကြတယ်လို့ ပါရှိပါတယ်။

ညီလာခံမှာ ပြင်သစ် သမ္မတ Macron က အမေရိကန် သမ္မတ ထရမ့်နဲ့ အီရန် သမ္မတ Rouhani တို့အကြား ဆွေးနွေးပွဲကို မြင်တွေ့လိုတယ် လို့ပြောခဲ့ပါတယ်။ သမ္မတ ထရမ့်က ဒီ ဆွေးနွေးပွဲ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

“အီရန်အနေနဲ့ ဒီကိစ္စကို အောင်အောင်မြင်မြင်နဲ့ သဘောတူညီချက် ရချင်နေပါတယ်။ သူတို့ တော်တော်ဆိုးဆိုးဝါးဝါး ခံနေရပါတယ်။ ကုန်ဈေးနှုန်းက ခေါင်ခိုက်နေပြီး စီးပွားရေးက ကျနေပါတယ်။ ပိတ်ဆို့မှုကြောင့် သူတို့ တော်တော်လေး ထိခိုက်နေပါပြီ။ ဒါကြောင့် တွေ့ဆုံဆွေးနွေးပွဲက ဖြစ်နိုင်ပါတယ်။”

သမ္မတ ထရမ့်ဟာ G7 ထိပ်သီး ညီလာခံကို ရုရှားနိုင်ငံလည်း တက်ရောက်သင့်ကြောင်း ထုတ်ဖော်ပြောဆိုထားခဲ့ပါတယ်။ ၂၀၁၄ ခုနှစ် အတွင်း ရုရှားနိုင်ငံက ယူကရိမ်းပိုင် ကရိုင်းမီးယား ကျွန်းဆွယ်ကို ရုရှားလက်အောက် သွတ်သွင်းခဲ့တာကြောင့် G7 အဖွဲ့ဝင် အဖြစ်က ထုတ်ပယ်ခံထားရတာပါ။

၂၀၂၀ ခုနှစ်မှာ ကျင်းပမယ့် ၄၆ ကြိမ်မြောက် G7 ညီလာခံမှာ ရုရှား ပါဝင်ကောင်း ပါဝင်မယ်လို့လည်း သမ္မတ ထရမ့်က ပြောပါတယ်။ ဒါ့အပြင်၊ အဲဒီ ညီလာခံကို နောက်နှစ် အမေရိကန်နိုင်ငံမှာ ကျင်းပတဲ့အခါ ဖလော်ရီဒါပြည်နယ်က သူပိုင် ဆိုင်တဲ့ အမျိုးသား Doral ဂေါက်ကလပ်မှာ လက်ခံ ကျင်းပဖွယ် ရှိတယ်လို့လည်း ဆိုပါတယ်။ အုန်းထန်းပင်တွေအကြား ခမ်းနား ကြီးကျယ်တယ်လို့ သူကိုယ်တိုင်က ပြောလေ့ရှိတဲ့ သူ့ကိုယ်ပိုင် ဂေါက်ကလပ်ဟာ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဗြိတိန်၊ ဂျပန်နဲ့ ကနေဒါနိုင်ငံက ခေါင်းဆောင်တွေကို ဧည့်ခံဖို့ အကောင်းဆုံးနေရာ ဖြစ်တယ်လို့လည်း ပြောကြောင်းပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG