ယူကရိန်းရဲ့ Crimea ကျွန်းဆွယ်ကို ရုရှားက ဆက်လက်ထိန်းချုပ်ထားဆဲရှိပေမယ့် ကမ္ဘာ့စီးပွားရေးထိပ်တန်း နိုင်ငံတွေကျင်းပမယ့်G-7 စက်မှုထိပ်သီးညီလာခံကို ရုရှား တက်ရောက်ဖို့ သူ့အနေနဲ့လိုလားကြောင်းအမေရိကန်သမ္မတ Donald Trump က ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့ပါတယ်။
၂၀၁၄ က Crimea ကျွန်းဆွယ်ကို ရုရှားက တဖက်သတ် သိမ်းပိုက်လိုက်အပြီး G-7 စက်မှုထိပ်သီး(၇)နိုင်ငံအဖွဲ့ထဲကနေ ရုရှားကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ဒီသတင်းပတ်ကုန်ကျင်းပမယ့် G7 ညီလာခံတက်ရောက်ဖို့ အတ္တလန္တိတ်ကမ်းခြေရှိ ပြင်သစ် Biarritz မြို့ကို G-7 နိုင်ငံခေါင်းဆောင်တွေ သွားရောက်ဖို့ ပြင်ဆင်နေချိန်မှာ သမ္မတ Trump က G-7 အုပ်စုထဲ ရုရှားသမ္မတ Putin ကိုပြန်ပါဝင်ခွင့်ပြုခြင်းအား အဓိပ္ပါယ်ရှိတယ်လို့ ပြောခဲ့ပါတယ်။
Crimea ကျွန်းဆွယ်တစိတ်တပိုင်းကို လက်အောက်ခံအဖြစ် ရုရှားက သိမ်းပိုက်ခဲ့တာနဲ့ ပတ်သက်လို့ သမ္မတက သိပ်စိုးရိမ်ပူပန်မှု မပြဘဲ ရုရှားကို ဒီလိုသိမ်းပိုက်ခဲ့တာနဲ့ ပတ်သက်လို့ အမေရိကန်သမ္မတဟောင်း Barack Obama ကိုပဲ ပြစ်တင်လိုက်ပါတယ်။
G-7 ထိပ်သီးဆွေးနွေးပွဲမှာ ကမ္ဘာ့ငြိမ်းချမ်းရေး၊ ကုန်သွယ်ရေးနဲ့ အခြားကိစ္စရပ်တွေကို ဆွေးနွေးမှာဖြစ်တဲ့အတွက် ရုရှားကို အရင်အတိုင်းပါဝင်ခွင့်ပြုခြင်းဟာ အခြေအနေကို ပိုပြီးလွယ်ကူစေမှာ သမ္မတ Trump ကပြောပါတယ်။ G-7 မှာ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ဗြိတိန်နဲ့ အမေရိကန်ပြည်ထောင်စုတို့ ပါဝင်ပြီး ကမ္ဘာ့ချမ်းသာကြွယ်ဝမှုရဲ့ ၅၈ ရာခိုင်နှုန်း ကို ဒီနိုင်ငံတွေက ပိုင်ဆိုင်ကြပြီး IMF နိုင်ငံ တကာငွေကြေးရံပုံငွေ အဖွဲ့ကလည်း ဒီ (၇)နိုင်ငံဟာ အကြီးမားဆုံးနဲ့ ခေတ်အမှီဆုံး စီးပွားရေး စနစ်တွေ ရှိကြတယ်လို့ ထုတ်ပြန်ထားပါတယ်။