သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟိန္ဒူတွေသတ်ခံရတဲ့အကြောင်းရေးတဲ့ AI အစီရင်ခံစာ မြန်မာစစ်တပ်ကြိုဆို


ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ပြီးခဲ့တဲ့နှစ်ထဲ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေအတွင်း ရိုဟင်ဂျာစစ်သွေးကြွ အုပ်စုက ဟိန္ဒူဘာသာဝင် ၁၀၀ လောက် သတ်ဖြတ်ခံခဲ့ရကြောင်း ဖော်ပြခဲ့တဲ့ နိုင်ငံတကာ လူ့အခွင့်အရေးလှုပ်ရှားမှု အဖွဲ့တခုဖြစ်တဲ့ Amnesty International ရဲ့ အစီရင်ခံစာကို မြန်မာစစ်တပ်က ကြိုဆိုလိုက်ပါတယ်။

ARSA အစွန်းရောက်အုပ်စုရဲ့ လုပ်ရပ်တွေကို အထောက်အထားတွေနဲ့ သတင်းအမှန်အတိုင်း ဖော်ပြခဲ့တဲ့အတွက် သမာသမတ်ကျတဲ့ လုပ်ရပ်အဖြစ် ကြိုဆိုကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ဒီကနေ့ပဲ ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။ မြန်မာစစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာတော့ ရခိုင်ပြည်နယ်တွင်းက ဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ တပ်မတော်သတင်း မှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ရှင်းလင်းချက်တွေ ရှိခဲ့ပေမဲ့ အနောက်နိုင်ငံက သတင်းဌာနကြီးတွေနဲ့ အစိုးရတွေက လက်မခံဘဲ တစ်ဖက်သတ်စွပ်စွဲချက်တွေနဲ့ အစိုးရနဲ့ တပ်မတော်အပေါ် ဖိအားပေး ဆက်ဆံခဲ့ကြောင်း ဖော်ပြပါတယ်။

မျက်မြင်ကိုယ်တွေ့ ကြုံခဲ့သူတွေရဲ့ ပြောဆိုချက်တွေ၊ အသက်မသေ လွတ်မြောက်လာသူတွေနဲ့ သေမှုသေခင်း စစ်ဆေးချက်တွေအပေါ် စနစ်တကျ လေ့လာဆန်းစစ် ထုတ်ပြန်ထားတယ်လို့ဆိုတဲ့ AmnestyInternational ရဲ့ အစီရင်ခံစာမှာတော့ အရပ်သား ရိုဟင်ဂျာတွေအပေါ် မြန်မာလုံခြုံရေးတပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုလည်း မှတ်တမ်းတင် ထားတာပါ။

ARSA အဖွဲ့ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို လျစ်လျူရှုထားလို့ မဖြစ်နိုင်သလို၊ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေ ကျုးလွန်ခဲ့တဲ့ လုပ်ရပ်တွေနည်းတူ၊ လူသားထုအပေါ် ကျုးလွန်တဲ့ ရာဇဝတ်မှုအဖြစ် တာဝန်ယူရမှာ ဖြစ်ကြောင်းလည်း အစီရင်ခံစာက ဖော်ပြပါတယ်။ မြန်မာစစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာတော့ ရခိုင်ပြည်နယ်က ပဋိပက္ခအတွင်း ARSA အစွန်းရောက် အုပ်စုက ဒေသခံ တိုင်းရင်းသားတွေအပေါ် ရက်ရက်စက်စက် သတ်ဖြတ်မှုတွေ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်ခဲ့ကြောင်းလည်း ဓာတ်ပုံအထောက်အထား တချို့နဲ့အတူ သတင်းထုတ်ပြန်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG