သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအစိုးရအစီအမံ ဒုက္ခသည်တွေ ယုံကြည်မှု အားနည်း


ရခိုင်ပြည်နယ်မြောက်ပိုင်း တောင်ပြိုလက်ဝဲမြို့အနီးက ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနှစ်နိုင်ငံနယ်စပ်မျဉ်းမှာ ထောင်နဲ့ချီတဲ့ နေရပ်စွန့်ခွာသူ အစ္စလာမ်ဘာသာဝင်တွေ နေထိုင်နေ (သတင်းဓာတ်ပုံ- ကိုမိုးဇော် VOA)
ရခိုင်ပြည်နယ်မြောက်ပိုင်း တောင်ပြိုလက်ဝဲမြို့အနီးက ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနှစ်နိုင်ငံနယ်စပ်မျဉ်းမှာ ထောင်နဲ့ချီတဲ့ နေရပ်စွန့်ခွာသူ အစ္စလာမ်ဘာသာဝင်တွေ နေထိုင်နေ (သတင်းဓာတ်ပုံ- ကိုမိုးဇော် VOA)

ရခိုင်ပြည်နယ်မြောက်ပိုင်း တောင်ပြိုလက်ဝဲမြို့အနီးက ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနှစ်နိုင်ငံနယ်စပ်မျဉ်းမှာ ထောင်နဲ့ချီတဲ့ နေရပ်စွန့်ခွာသူ အစ္စလာမ်ဘာသာဝင်တွေ နေထိုင်နေကြပြီး သူတို့တွေဟာ နေရပ်ရင်းကျေးရွာကို တိုက်ရိုက်ပြန်ပို့ပေးဖို့၊ နိုင်ငံသားဖြစ်ခွင့်ချက်ချင်းပေးဖို့နဲ့ သူတို့ လုံခြုံရေးတွေကို အာမခံချက်ပေးဖို့ စတာတွေကို တောင်းဆိုနေကြပါတယ်။ မြန်မာအာဏာပိုင်တွေ ဖက်ကတော့ ဒီတောင်းဆိုချက်တွေ နဲ့ပတ်သက်လို့ ညှိနှိုင်းဖို့ သွားရောက်ပေမဲ့ မလာရောက်တာကြောင့် ဆွေးနွေးနိုင်တာမ ရှိကြောင်း ပြောဆိုပါတယ်။ ရခိုင်ပြည်နယ် မြောက်ပိုင်းက တဖက်နိုင်ငံကို ထွက်ခွာသွားသူတွေ ပြန်လည်လက်ခံရေးနဲ့ပတ်သက် ညှိနှိုင်းမရသေးတဲ့ အခြေအနေတွေကို ဗီွံအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က မောင်တောဒေသကို သွားရောက်သတင်းရယူပြီး အခုလို တင်ပြထားပါတယ်။

၂၀၁၇ခုနှစ် သြဂုတ်လက ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်မြောက်ပိုင်းတိုက်ခိုက်မှုတွေအပြီးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဒုက္ခသည် ၇သိန်းလောက် ထွက်ပြေးသွားခဲ့သလို ထောင်နဲ့ချီတဲ့ နေရပ်စွန့်ခွာသူတွေဟာတောင်ပြိုလက်ဝဲမြို့အနီးက ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနှစ်နိုင်ငံနယ်စပ်မျဉ်းက နယ်စပ်မှတ်တိုင်အမှတ် ၃၄နဲ့ ၃၅အကြားမှာ နေထိုင်နေကြတာ ဖြစ်ပါတယ်။

သူတို့တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားမြို့မှာ ကုလသမဂ္ဂက ဖွင့်လှစ်ထားတဲ့ ဒုက္ခသည်စခန်းကို မသွားကြဘဲ နယ်စပ်မျဉ်းမှာဘဲ နေထိုင်နေရတဲ့အကြောင်းကို ဦးဒေးလ်မိုဟာမက်က အခုလို ပြောပါတယ်။

“ ဘင်္ဂလားနိုင်ငံက ကျနော်တို့ နိုင်ငံမဟုတ်ဘူး။ ကျနော်တို့ လောလောဆည် ဒီမှာ အသက်ကယ်ဖို့ ရောက်လာတာ။ ကျနော်တို့ ဟိုမှာ အေးချမ်းသွားရင် ကျနော်တို့ ကိုယ့်အိမ်ကို ပြန်ရောက်ဖို့ အဲဒီစိတ်ကူးနဲ့ပဲ ကျနော်တို့ ဒီနေရာမှာစောင့်နေတာပါ။ ဒီမှာ ခြံစည်းရိုးကာထားလို့ ပြန်လို့ မရဘူး။ နောက်က ကျနော်တို့ဖက်က တောင်းဆိုချက်နည်းနည်းပါးပါး အဲဒါလိုက်လျောမှုမရှိလို့ စောင့်တောပါ။ ကျနော်တို့ သွားမှာပါ။ ကျနော်တို့ နေရာကို ကျနော်တို့ သွားမှာပါ။ ”

ဒီနေရာမှာနေထိုင်နေသူတွေရဲ့ တောင်းဆိုချက်နဲ့ပတ်သက်ပြီး အခုလိုဆက်ပြောပါတယ်။

“ အဓိကကျနော်တို့က ဒီကနေ တိုက်ရိုက်အိမ်ကိုပဲပြန်ချင်ပါတယ်။ ကိုယ့်အိမ်ကို။ ကိုယ့်ဒေသကို။ နောက် ကျနော့်မိဘတွေ ဘိုးဘွားတွေက နိုင်ငံသားပဲ။ အမျိုးသားမှတ်ပုံတင်ကဒ်ရှိတယ်။ ဘာကြောင့် ကျနော်တို့က နိုင်ငံသား မဟုတ်တာလဲ။ ကျနော်တို့နိုင်ငံသားအသိအမှတ်ပြုရမယ်။ NVC ကဒ် လုံး၀ မလိုပါဘူး။ NVC ကဒ်က ကျနော်တို့နားလည်တာက နိုင်ငံခြားသားအတွက်ပဲ။ ခုက ထပ်ပြီးတော့ တဆင့်တိုးလာတယ် ပုံစံ ၄။ ပုံစံ၄က ပိုဆိုးတယ်။ နောက်တခုက လုံခြုံရေးအာမခံချက်။ ”

လောလောဆည်မှာ မြန်မာအစိုးရက တဖက်နိုင်ငံက ပြန်လည် ဝင်ရောက်လာသူတွေကို လှဖိုးခေါင် ကြားစခန်းမှာ လက်ခံပြီးမှ ပြန်လည်နေရာချထားမှာဖြစ်သလို နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်အရ National Verification Card (NVC )ကဒ်ထုတ်ပေးပြီးမှာ နိုင်ငံသားစိစစ်လက်ခံမှာဖြစ်ပါတယ်။ နောက်လုံခြုံရေးအတွက် တောင်းဆိုတာကတော့ သူတို့တွေကို ARSA အကြမ်းဖက်သမားအဖြစ် စွပ်စွဲပြီး ဖမ်းဆီးမှာ စိုးရိမ်တာကြောင့်လို့ ပြောပါတယ်။

ဒီမှာ နေထိုင်နေသူတွေဟာ ၆ထောင်ကျော်လောက်ရှိတယ်လို့ ပြောပေမဲ့ လက်ရှိမှာ ၃၅၀၀လောက်သာရှိနိုင် ကြောင်းလည်း မြန်မာအာဏာပိုင်တွေဖက်က ခန့်မှန်းထားတာပါ။

မောင်းတောခရိုင် ဒုခရိုင်အုပ်ချုပ်ရေးမှုးဦးရဲထူးကတော့ သူတို့ တောင်းဆိုချက်တွေ နဲ့ပတ်သက်ပြီး အစိုးရဖက်က ဆွေးနွေးဖို့ ဆောင်ရွက်ခဲ့ကြောင်း အခုလို ပြောပါတယ်။

“ဗိုလ်ချုပ်အောင်စိုးတို့ ရောက်လာတယ်။ ပြည်ထဲရေးဒုဝန်ကြီးပေါ့။ ညှိဖို့အတွက် သူတို့ သွားတွေ့တယ်။ ကျနော်တို့ကလည်း ကြိုတင်ပြီးတော့ စာရင်းတွေ ပြုစုပေး။ မင်းတို့ဆီမှာ အိမ်ထောင်စု၊ လူဦးရေစာရင်း အတိအကျ ငါတို့ကို ပြုစုပေးဆိုရင်။ ပြောတုံးကတော့ ဟုတ်ကဲ့။ ဟုတ်ကဲ့။ ပြောတယ်။ တကယ်တမ်းစာရင်းက တခုမှ ရောက်မလာဘူး။ မင်းတို့ လိုလားချက်နဲ့ပတ်သက်ပြီးတော့ ညှိမယ်။ ငါတို့ တောင်ပြိုစခန်းမှာပဲ တောင်ပြိုစခန်းဆိုတာ လက်ခံစခန်းပြောတာပါ။ အဲဒီလက်ခံစခန်းမှာပဲ သူတို့ ဆီက ကိုယ်စားလှယ်တွေ လာ လာပြီးတွေ့ပြီးတော့ ညှိနှိုင်းကြမယ်။ မင်းတို့ လိုအပ်ချက်အပေါ်မှာ ဒီဖက်က ဖြည့်ဆည်းပေးနိုင်တာလည်း ပြင်ဆင်ပြောင်းလဲပေးနိုင် တာလည်း ပြောမယ်ဆိုပြီး လုပ်ပေးမယ်။ အဲဒီနေ့က မအောင်မြင်ခဲ့ဘူးဗျ။ ၃ကြိမ်တောင် သွားတယ်။ သူတို့သွားတွေ့တယ်။ မနက်ခင်းပိုင်းသွားတယ်။ နေ့ခင်းပိုင်းပြောလိုက် ညနေဖက်သွားတယ်။ ဒါပေမဲ့ ၃ကြိမ်ထိတောင် မအောင်မြင်တဲ့ အတွက်ကြောင့် နောက်ဆုံး ဒုဝန်ကြီးတို့လည်း ပြန်သွားရတဲ့အနေအထားပါ။”

မောင်းတောခရိုင် ဒုခရိုင်အုပ်ချုပ်ရေးမှုးဦးရဲထူးဟာ တောင်ပြိုလက်ဝဲ ကြိုဆိုရေးစခန်းမှာ စီမံအုပ်ချုပ်မှုတာဝန်ကို ယူထားသူလည်း ဖြစ်ပါတယ်။

ဒီလ ၁၄ရက်နေ့ကတော့ နယ်စပ်မျဉ်းပေါ်မှာ ရောက်ရှိနေတဲ့ လူ ၅ဦးပါ မိသားစုတစုဟာ တောင်ပြိုလက်ဝဲမြို့ လက်ခံရေးစခန်းကနေတဆင့် မောင်တောမြို့ကို ပြန်လည် ရောက်ရှိခဲ့ပါတယ်။

ပြန်လည်ဝင်ရောက်လာတဲ့ မိသားစုက အိမ်ထောင်ဦးစီးဖြစ်သူ ဦးအဲဖ်တာအာလွမ်က အခုလို ပြောပါတယ်။

“ ဒီက ကျနော်တို့ ထွေအုပ်ကလူတွေ၊ ကျနော်တို့ အဲဒီမှာ နယ်မြေခံ နယ်ခြားစောင့်ရဲ အကုန်လုံးပေါင်းပြီးတော့ ကြိုပါတယ်။ အဲဒီဂိတ်နားမှာ။ ဂိတ်ကနေ ကျနော်တို့ အစစ်ပြလိုက်တယ်။ အစစ်ပြပြီး ကျနော်တို့ လက်ခံရေးစခန်းကို ရောက်တယ်။ လက်ခံရေးစခန်းမှာ လုပ်ထုံးလုပ်နည်းနဲ့အညီ လဝက စစ်ပေးပါတယ်။ စစ်ပြီးတော့ ကျနော်တို့ NVC ထုတ်ပေးတယ်။ NVC က ကျနော်တို့ ၂၀၁၅တည်းက ကိုင်ပြီးသားပါ။ ဒါပေမဲ့ ဒါ date ကုန်သွားလို့ ပြန်လဲ ပေးတယ်။ လဲပြီးတော့ နိုင်ငံသားလျှောက်လို့ ရအောင်ဆိုပြီးတော့ file တွေ လုပ်ပေးတယ်။”

ဦးအဲဖ်တာအာလွမ်ဟာ အရင်က တောင်ပြိုလက်ယာက ကျေးရွာအုပ်ချုပ်ရေးမှုး တဦးဖြစ်ပြီး အခုလို ပြန်လာတဲ့နောက်မှာ တယ်လီဖုန်းက တဆင့် အမျိုးသားသစ္စာဖောက်ဆိုပြီး ခြိမ်းခြောက်တာတွေ ရှိကြောင်း၊လည်း ပြောပါတယ်။

မြန်မာအစိုးရဖက်က တဖက်နိုင်ငံကို ထွက်ပြေးသွားသူတွေကို လက်ခံဖို့အတွက် စခန်း ၂ခုကို ဒီနှစ် ဇန်နဝါရီလ ၂၃ရက်နေ့က စတင်ပြီး ဖွင့်လှစ်ခဲ့ပါတယ်။ ကုန်းလမ်းက ဝင်ရောက်လာသူတွေကို တောင်ပြိုလက်ဝဲ စခန်းက ကြိုဆိုလက်ခံဖို့နဲ့ ရေလမ်းက ဝင်ရောက်လာသူတွေကို ငါးခူရစခန်းကနေ လက်ခံဖို့ ပြင်ဆင်ထားပါတယ်။

မြန်မာနိုင်ငံကို ပြန်လည်လာရောက်သူတွေကတော့ ပထမဆုံး ရဲတပ်ဖွဲ့က စစ်ဆေးလက်ခံမှာဖြစ်ပါတယ်။ လူဝင်မှုကြီးကြပ်ရေးဌာနက လုပ်ထုံးလုပ်နည်းနဲ့အညီ စစ်ဆေးဆောင်ရွက် နိုင်ငံသားစိစစ်ရေးကဒ် NVC ကဒ် မရှိသူတွေကို ထုတ်ပေးမှာဖြစ်သလို နိုင်ငံသားလျှောက်ထားနိုင်ဖို့လည်း ပြင်ဆင် ဆောင်ရွက်ပေးထားပါတယ်။ ကြိုဆိုရေးစခန်းက NVC ကဒ်ထုတ်ပေးပြီးတဲ့နောက် မှာတော့ လှဖိုးခေါင်ကြားစခန်းမှာ ယာယီလက်ခံထားပြီး နောက်ပိုင်းမှာ ကျေးရွာသစ်တွေတည်ဆောက်ပြီး ပြန်လည် နေရာချထားမှာဖြစ်ပါတယ်။

မြန်မာအစိုးရဖက်ကတော့ ဘင်္ဂလားဒေ့ရှ်နဲ့ နှစ်နိုင်ငံ သဘောတူညီချက်အရ ဒုက္ခသည်တွေ လက်ခံဖို့အတွက် ဇန်နဝါရီလ ၂၃ရက်နေ့တည်းက အဆင်သင့်ရှိကြောင်း ပြောဆိုထားပြီး နိုင်ငံတကာကတော့ ဒုက္ခသည်တွေ နေရာချထားရေးနဲ့ လုံခြုံရေးအရ အသင့်မရှိသေးဘူးလို့ ထောက်ပြတာတွေ ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

VOA သတင်းထောက်ပေးပို့တဲ့ မောင်တောဒေသအခြေအနေ
please wait

No media source currently available

0:00 0:05:44 0:00
တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG