သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်အောက်လွှတ်တော်ဆုံးဖြတ်ချက်ကို တဦးတည်းသောကန့်ကွက်သူ


အရီဇိုးနားပြည်နယ် ရီပါဘလစ်ကန်အမတ် Andy Biggs
အရီဇိုးနားပြည်နယ် ရီပါဘလစ်ကန်အမတ် Andy Biggs

မြန်မာစစ်တပ်က လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ကြောင်း အမေရိကန်အောက်လွှတ်တော်က ဆုံးဖြတ်ခဲ့ပြီး ရိုက်တာသတင်းသမား ၂ ယောက်ကို အမြန်ဆုံး လွှတ်ပေးဖို့ ကြာသပတေးနေ့တုန်းက တောင်းဆို ဆုံးဖြတ်ချိန်မှာ လွှတ်တော်တွင်း ကန့်ကွက်မဲပေးခဲ့သူ တယောက်ပဲ ရှိခဲ့ပါတယ်။ အရီဇိုးနားပြည်နယ် ရီပါဘလစ်ကန်အမတ် Andy Biggs ကဖြစ်ပြီး၊ ဒီတကြိမ်တင်မက အရင်နှစ်တုန်းက မြန်မာအရေး အောက်လွှတ်တော်မဲခွဲစဉ်တုန်းကလည်း ကန့်ကွက်မဲပေးခဲ့ သူပါ။ သူက ဘာကြောင့် ကန့်ကွက်မဲပေးခဲ့ရသလဲဆိုတာ rollcall.com မှာရေးသားထားတဲ့ John Donnelly ရဲ့ သတင်းဆောင်းပါးကို အခြေခံပြီး မအိသန့်စင်က တင်ပြပေးထားပါတယ်။

အင်းဒင်ရွာ လူသတ်မှုကို ဖော်ထုတ်ခဲ့တဲ့အတွက် ထောင်ကျခံနေရတဲ့ ရိုက်တာသတင်းသမား ၂ ယောက်ကို အမြန်လွှတ်ပေးဖို့ တောင်းဆိုထားတဲ့ အမေရိကန်အောက်လွှတ်တော်က ကြာသတေးနေ့တုန်းက အတည်ပြု လိုက်တဲ့ ဥပဒေမူကြမ်းကို ၃၉၄ မဲ ထောက်ခံထားပေမယ့် တဦးတည်းသော ကန့်ကွက်မဲ ပေးခဲ့တဲ့သူကတော့ အရီဇိုးနားပြည်နယ် ရီပါဘလစ်ကန်အမတ် Andy Biggs ပဲ ဖြစ်ပါတယ်။ အမေရိကန်အောက်လွှတ်တော်က အခုလို ဥပဒေမူကြမ်းထုတ်ပြန်လိုက်တာဟာ နိုင်ငံတကာရာဇဝတ်ခုံရုံးကနေ မြန်မာနိုင်ငံအပေါ် ဒီအရေးနဲ့ ပတ်သက်ပြီး ပြစ်ဒဏ်ချမှတ်ဖို့ကို ထောက်ခံအားပေးလိုက်တဲ့သဘော သက်ရောက်သွားတဲ့အတွက် ဒီဆုံးဖြတ်ချက်ကို Biggs က ကန့်ကွက်မဲပေးခဲ့တာလို့ ဆိုပါတယ်။

Biggs ရဲ့ ပြောရေးဆိုခွင့်ရှိသူ Daniel Stefanski ရဲ့ အဆိုအရတော့ Biggs က ဒီဥပဒေကြမ်းရဲ့ အနှစ်ချုပ် ရည်ရွယ်ချက်ကိုတော့ ထောက်ခံပါတယ်။ မြန်မာစစ်တပ်က ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်မှုဟာ လူမဆန်ဘူးလို့ Biggs က ယူဆပါတယ်။ ရိုက်တာသတင်းထောက်တွေကို ဖမ်းဆီးထောင်ချတာကလည်း အင်မတန်ဆိုးရွားတဲ့ လုပ်ရပ်လို့ သူက ခံယူပါတယ်။ အမေရိကန်အကြီးအကဲတွေအနေနဲ့လည်း မြန်မာနိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှု ရပ်တန့်အောင်နဲ့ ရိုက်တာသတင်းထောက် ၂ ယောက်ကို လွှတ်ပေးဖို့ သံတမန်ရေးဖိအားတွေ တိုးမြှင့်လုပ်ဆောင်သင့်တယ်လို့လည်း ဆိုပါတယ်။

ဒါပေမယ့် နိုင်ငံတကာရာဇဝတ်မှုဆိုင်ရာသတ်မှတ်ချက်တွေ၊ ဥပဒေတွေအရ မြန်မာနိုင်ငံရဲ့ လူမျိုးတုံးသတ်ဖြတ်မှု အခြေအနေကို ဖြေရှင်းဖို့ ကုလသမဂ္ဂရရဲ့ အကြံပြုချက်တွေကိုတော့ Biggs က သဘောမတူတဲ့အကြောင်း ပြောခွင့်ရ Stefanski က ပြောပါတယ်။ ဒီဥပဒေကြမ်းကို အတည်ပြုလိုက်တာဟာ ICC လို့ခေါ်တဲ့ နိုင်ငံတကာ ရာဇဝတ်ခုံရုံးကနေ မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ဖို့ သုံးသပ်နေတဲ့အချက်ကို ထောက်ခံအားပေးသလို ဖြစ်နေတဲ့ အတွက် သူက ဒီဥပဒေကြမ်းကို ကန့်ကွက်ခဲ့တာပါ။ နိုင်ငံတကာရာဇဝတ်ခုံရုံးဆိုတာက နိုင်ငံတနိုင်ငံရဲ့ ခုံရုံး ကနေ နိုင်ငံတွင်းက စစ်ရာဇဝတ်မှု၊ လူမျိုးတုံးသတ်ဖြတ်မှု ကိစ္စရပ်တွေကို မဖြေရှင်းနိုင်တော့မှ သီးခြားနိုင်ငံတွေ ဒါမှမဟုတ် ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ တိုက်တွန်းချက်နဲ့ တခြားနိုင်ငံရေးအပေါ် ဆုံးဖြတ်ချက်ချပေးရတာ ဖြစ်ပါတယ်။ နိုင်ငံတကာရာဇဝတ်ခုံရုံးရဲ့ အဖွဲ့ဝင်လည်းမဟုတ်တဲ့ အမေရိကန်အနေနဲ့ နိုင်ငံတကာအဖွဲ့အစည်း တွေက အမေရိကန်ရဲ့ အချုပ်အခြာအာဏာနဲ့ ဆုံးဖြတ်ချက်အပေါ် လွှမ်းမိုးဖို့မသင့်ဘူးလို့ Biggs က ယူဆကြောင်း Stefanski က ပြောပါတယ်။

ကြာသပတေးနေ့တုန်းက ဆုံးဖြတ်ခဲ့တဲ့ ဥပဒေကြမ်းမတိုင်ခင် အရင်တုန်းကလည်း Biggs က မြန်မာအရေးနဲ့ ပတ်သက်ပြီး လွှတ်တော်ရဲ့ မဲခွဲမှုတွေမှာ ကန့်ကွက်မဲ ပေးခဲ့ဖူးပါသေးတယ်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလတုန်းက မြန်မာနိုင်ငံတွင်း ရိုဟင်ဂျာတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်နေမှုကိုရှုတ်ချတဲ့ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်မှာ ထောက်ခံမဲ ၄၂၃ မဲ ပေးခဲ့ပေမယ့် Biggs နဲ့ တခြား ရီပါဘလစ်ကန် ၂ ယောက်တို့ကတော့ ကန့်ကွက်မဲပေးခဲ့ပါတယ်။ အဲဒီတုန်းက Biggs က ဘာကြောင့် ကန့်ကွက်မဲ ပေးခဲ့ရသလဲဆိုတဲ့ အသေးစိတ်ကို သူ့ ပြောခွင့်ရက သေချာ မရှင်းပြခဲ့ပေမယ့် Biggs အနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရဲ့ အချက်အလက် ရှာဖွေရေးအဖွဲ့ ဖွဲ့စည်းရေးနဲ့ ကုလသမဂ္ဂရဲ့ တခြား အကြံပြုချက်တွေကို သူက မထောက်ခံတဲ့အတွက် အခုလို ကန့်ကွက်မဲ ပေးခဲ့ရတာဖြစ်တယ်လို့ ခန့်မှန်းကြပါတယ်။

အလားတူပဲ ကုလသမဂ္ဂအပေါ် အမေရိကန်က ငွေကြေးထောက်ပံ့ပေးနေမှုကို ရပ်ပစ်ဖို့ တက္ကဆက်ပြည်နယ် ဆိုင်ရာ ရီပါဘလစ်ကန်အမတ် Brian Babin ရဲ့ ဆုံးဖြတ်ချက်ကိုလည်း Biggs က ဗာဂျီးနီးယားပြည်နယ်ဆိုင်ရာ ရီပါဘလစ်ကန် Tom Garrett နဲ့အတူ ပူးတွဲထောက်ခံခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စု အောက်လွှတ်တော်မှာ Ohio ပြည်နယ် ရီပါပလင်ကန် အောက် လွှတ်တော် အမတ် Steve Chabot က ၂၀၁၈ စက်တင်ဘာလ ၂၇ က ကနဦး တင်သွင်းခဲ့တဲ့ ဆုံးဖြတ်ချက်အမှတ် (၁၀၉၁) ရဲ့ နောက်ဆုံးဖြည့်စွက်ပြင်ဆင်ထားတဲ့ဆုံးဖြတ်ချက်ဖြစ်တဲ့ ရခိုင်ပြည်နယ်မှာ သြဂုတ်လကဖြစ်ပွားခဲ့တဲ့ ရိုဟင်ဂျာတွေအပေါ် ရက်စက်တဲ့လုပ်ရပ်ဟာ လူမျိုးတုံးသတ်ဖြတ်မှုမြောက်တယ်ဆိုတာကို အသိအမှတ်ပြုပြီး အင်းဒင်ကျေးရွာ ရိုဟင်ဂျာ ၁၀ ဦးအသတ်ခံရမှုကို စုံစမ်းဖော်ထုတ်မှုကြောင့် ထောင်ဒဏ် ၇ နှစ်ကျခံနေရတဲ့ Reuters သတင်းထောက် ၂ ဦးဖြစ်ကြတဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို မြန်မာအစိုးရကအမြန်ဆုံး ပြန်လွှတ် ပေးဖို့ တောင်းဆိုတဲ့ ဆုံးဖြတ်ချက်ကို အမေရိကန် အောက်လွှတ်တော်မှာ ဒီဇင်ဘာလ (၁၁) ရက်နေ့က ရီပတ်ပလီကန် နဲ့ ဒီမိုကရက် အောက်လွှတ်တော် အမတ်တွေက ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ လူ့အခွင့်အရေးဆိုင်ရာ ရာဇဝတ်မှု ကျူးလွန်တဲ့ သက်ဆိုင်သူတွေကိုလည်း အရေးယူဖို့ တိုက်တွန်းထားတာပါ။ ဒီဆုံးဖြတ်ချက် အမှတ် ၁၀၉၁ နဲ့ပတ်သက်လို့ ဒီဇင်ဘာလ ၁၁ ရက်နေ့တုန်းက အသံနဲ့မဲခွဲသဘော တူညီခဲ့ကြ ပေမယ့် ပိုခိုင်မာမှုရှိအောင် မှတ်တမ်းတင် ဆုံးဖြတ်တာကိုတော့ ဒီဇင်ဘာလ ၁၃ ရက် ကြာသပတေးနေ့မှာ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

ရိုက်တာသတင်းထောက် ၂ ယောက် ဖမ်းဆီးထောင်ကျအခံရတဲ့ ၁ နှစ်မပြည့်ခင် တရက်အလိုမှာပဲ အောက် လွှတ်တော်ရဲ့ ဥပဒေမူကြမ်းထွက်ပေါ်လာတာပါ။ တချိန်တည်းမှာပဲ အထင်ကရ Time မဂ္ဂဇင်းကြီးကလည်း တခြားသတင်းထောက်တွေနဲ့အတူ အမှန်တရားကို ကာကွယ်ကြသူတွေအနေနဲ့ ရိုက်တာသတင်းထောက် ၂ ယောက်တို့ကို ၂၀၁၈ ခုနှစ်အတွက် အထူးခြားဆုံးပုဂ္ဂိုလ်များစာရင်းမှာ ထည့်သွင်းခဲ့ပါတယ်ရှင်။

please wait

No media source currently available

0:00 0:03:45 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG