သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

နိုင်ငံတော်တရားရုံးချုပ် တရားသူကြီး Kennedy အနားယူ


နိုင်ငံတော်တရားရုံးချုပ် တရားသူကြီး Kennedy

အသက်(၈၁)နှစ်အရွယ်ရှိ နိုင်ငံတော်တရားရုံးချုပ် တရားသူကြီး Anthony McLeod Kennedy ဟာ ရာသက်ပန် ထမ်းဆောင်ခွင့်ရှိတဲ့ ရာထူးက အနားယူတော့မယ်လို့ ဗုဒ္ဓဟူးနေ့မနက်က ပြောလိုက်ပါတယ်။ ဇူလိုင်လကုန်မှာ အနားယူမယ့် တရားသူကြီး Kennedy ဟာ နိုင်ငံတော်တရားရုံးချုပ်ရဲ့ တရားသူကြီး(၉)ဦးအနက် Republican သမ္မတခန့်အပ်တဲ့ သမရိုးကျအမြင် ရှိသူဖြစ်ပေမယ့်၊ တရားသူကြီး Kennedy ကပေးတဲ့ ဆုံးဖြတ်ချက်မဲတွေဟာ သဘောထားပွင့်လင်းမှုနဲ့ သမရိုးကျအမြင် နှစ်မျိုးစလုံးကို သူ့ယုံကြည်ချက်အတိုင်း ပေးလေ့ ရှိပါတယ်။ ဒါကြောင့် သူ့နေရာမှာ သမ္မတထရမ့်က အစားထိုး ခန့်အပ်မယ့်သူဟာ တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်တွေအပေါ် သက်ရောက်မှု ရှိစေချင်တယ်လို့ သုံးသပ်ကြပါတယ်။ အပြည့်အစုံကို ဒေါ်လှလှသန်းက တင်ပြထားပါတယ်။

နိုင်ငံတော်တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်တွေမှာ လစ်ဘရယ်နဲ့ ကွန်ဆာဗေးတစ် နှစ်ဖက်စလုံးကို တယူသန်စွဲ မကျပဲ အရေးပါတဲ့မဲပေးလေ့ ရှိတဲ့ တရားသူကြီး Anthony Kennedy ဟာ ဂျူလိုင်လကုန်မှာ အနားယူတော့မယ်လို့ ဗုဒ္ဓဟူးနေ့က ကြေညာခဲ့တာဖြစ်ပါတယ်။ ဒါ့ကြောင့် နိုင်ငံ့ရဲ့ဖွဲ့စည်းပုံကို ကာကွယ်စောင့်ရှောက်ရာမှာ အမြင့်ဆုံးတာဝန်ရှိတဲ့ နိုင်ငံတော် တရားရုံးချုပ်ကို ပုံဖေါ်နိုင်ဖို့ သမ္မတထရမ့်အနေနဲ့ ဒုတိယအကြိမ် အခွင့်အရေး ရလိုက်တာပဲဖြစ်ပါတယ်။ အသက် (၈၁)နှစ်အရွယ် တရားသူကြီး Kennedy ထုတ်ပြန်တဲ့ ကြေညာချက်မှာ သူဟာ ဇူလိုင်လ(၃၁)ရက်နေ့က စတင်အနားယူတော့မှာဖြစ်ပြီး နိုင်ငံတော်တရားရုံးချုပ် တရားသူကြီးအဖြစ် နှစ်(၃၀)တာဝန်ထမ်းဆောင်မှု အပါအဝင် တရားရေးဌာနမှာ (၄၃)နှစ်တာ တာဝန်ထမ်းခဲ့တဲ့အတွက် ဂုဏ်ယူမိကြောင်း ဖေါ်ပြထားပြီး သူ့မိသားစုအတွက် အချိန်ပိုပေးချင်တဲ့ အတွက် အခုလို အနားယူဖို့ ဆုံးဖြတ်လိုက်တာလို့ ဖေါ်ပြထားပါတယ်။

ဒါ့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရာမှာ အမှုတိုင်းကို လေ့လာသုံးသပ် အကဲဖြတ်ခွင့် ရခဲ့တဲ့အတွက်ကြောင့်လည်း ကျေးဇူးတင်ကြောင်း သူ့ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ သမ္မတ Ronald Reagan လက်ထက်က ခန့်အပ်ခဲ့တဲ့ တရားသူကြီး Kennedy အနားယူမှုနဲ့ ပတ်သက်လို့ သမ္မတထရမ့်က တရားသူကြီးရဲ့ လုပ်ဆောင်ချက်တွေကို ချီးကျူးလိုက်ပြီး လစ်လပ်သွားတဲ့နေရာမှာ အမြန်ဆုံး အစားထိုးခန့်အပ်နိုင်ဖို့ လုပ်ဆောင်သွားမယ်လို့ အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

အမေရိကန် နိုင်ငံတော်တရားရုံးချုပ် တရားသူကြီးများ
အမေရိကန် နိုင်ငံတော်တရားရုံးချုပ် တရားသူကြီးများ

“ တရားသူကြီး Kennedy နဲ့ ကျွန်တော် သိကျွမ်းခဲ့တာ ကြာပါပြီ။ သူ့ကိုလည်း လေးစားခဲ့တာ ကြာပါပြီ။ နိုင်ငံတော် တရားရုံးချုပ်ရဲ့ ထူးချွန်တဲ့ တရားသူကြီး တဦးလည်း ဖြစ်ပါတယ်။ အမြင်လည်း သိပ်ကျယ်တယ်။ စာနာ ကြင်နာမှုလည်း သိပ်ရှိတဲ့ သူပါ။ သူ့ကို သတိရနေကြမှာပါ။ သူအနားယူမှာမို့ နိုင်ငံတော် တရားရုံးချုပ် တရားသူကြီးအသစ် အစားထိုး ခန့်အပ်နိုင်ဖို့ အမြန်ဆုံး ရှာဖွေရမှာ ဖြစ်ပါတယ်။ သူ့လို ထူးချွန်သူ တဦး ရွေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ”

ကျန်းမာရေးကြောင့် လွန်ခဲ့တဲ့နှစ်က ကွယ်လွန်ခဲ့တဲ့ ရှေးရိုးဝါဒီ နိုင်ငံတော် တရားရုံးချုပ် တရားသူကြီး Antonin Scalia နေရာမှာ ရှေးရိုးစွဲ တရားသူကြီး Neil Gorsuch ကို သမ္မတ Trump က ပထမအနေနဲ့ ခန့်အပ်ခွင့် ရခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံတော် တရားရုံးချုပ် တရားသူကြီး နေရာတွေ လစ်လပ်တိုင်း ဒီမိုကရက်ပါတီက သမ္မတ ဒါမှမဟုတ် ရီပတ်ဘလစ်ကင် ပါတီက သမ္မတတို့က အမည်တင်သွင်း ခဲ့ကြတာ ဖြစ်ပြီး အထက်လွှတ်တော်က ကြားနာစစ်ဆေးကာ အတည်ပြု ပေးရတာဖြစ်ပါတယ်။ အထက်လွှတ်တော် အမတ်အများစု ခေါင်းဆောင် Mitch McConnell က တရားသူကြီးအသစ် အစားထိုး ခန့်အပ်ဖို့ အမြန်လုပ်ဆောင် သွားမယ်လို့ အခုလိုလွှတ်တော်မှာ ပြောဆိုပါတယ်။

“ အထက်လွှတ်တော် အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဌာန်းချက်အရ သမ္မတ Trump အမည်တင်သွင်းမယ့် တရားသူကြီးသစ်ကို အကြံပေးဖို့ အတည်ပြုဖို့ အသင့်ရှိပါတယ်။ တရားသူကြီး Kennedy ရဲ့ နေရာမှာ အစားထိုးမယ့်သူ ခန့်အပ်ဖို့ ဒီလာမယ့် ဆောင်းဦးပေါက်မှာ မဲခွဲ ဆုံးဖြတ်မှာ ဖြစ်ပါတယ်။ ”

သမ္မတ Trump က တရားသူကြီး အသစ်ကို အမည်တင်သွင်းရာမှာ သူအရင် ထုတ်ပြန်ခဲ့တဲ့ တရားသူကြီး ၂၅ ဦး ထဲက အမည်စာရင်းကနေ ရွေးမယ်လို့ ပြောပါတယ်။ သမ္မတ Trump အနေနဲ့ တရားသူကြီး ကနေဒီရဲ့ နေရာမှာ ရှေးရိုးစွဲ တဦးကို ခန့်အပ်ခြင်းအားဖြင့် ရာသက်ပန်ရာထူး ဖြစ်တဲ့ နိုင်ငံတော် တရားရုံးချုပ်ရဲ့ အနေအထားကို ပုံသွင်းခွင့် ရရှိမှာ ဖြစ်တဲ့ အတွက်ကြောင့် လစ်ဘရယ်တွေ ကြား စိုးရိမ်မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။ အထူးသဖြင့် Roe vs Wade ဆိုတဲ့ ပဋိသန္ဓေ ဖျက်ချပိုင်ခွင့် ဥပဒေ၊ လိင်တူများ အခွင့်အရေး ဆိုင်ရာ ဥပဒေတွေနဲ့ ပတ်သက်လို့ ရှေ့ရေး ပြောင်းလဲမှုတွေ ဖြစ်စေနိုင်တာကို စိုးရိမ်မကင်း ဖြစ်နေကြတာ ဖြစ်ပါတယ်။

လက်ရှိတရားသူကြီး ၉ ဦးအနက် ရီပတ်ဘလစ်ကင်သမ္မတတွေက ခန့်အပ်ခဲ့တဲ့ တရားသူကြီး ၅ ဦးရှိပြီး ဒီမိုကရက်သမ္မတတွေက ခန့်အပ်ခဲ့တဲ့ တရားသူကြီး ၄ ဦး ရှိတာ ဖြစ်ပါတယ်။ အဲဒီအနက် ရီပတ်ဘလစ်ကင် သမ္မတ ခန့်အပ်ခဲ့တဲ့ တရားသူကြီး ကနေဒီ အနေနဲ့ ၂ ဖက်ကို မျှပြီး မဲပေးလေ့ ရှိတာ ဖြစ်ပါတယ်။ ဒါကြောင့် သမ္မတ Trump လက်ထက်မှာ ရှေးရိုးစွဲဝါဒီ တရားသူကြီး တဦးကို ခန့်အပ်လို့ ရှိရင် နိုင်ငံတော် တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်တွေမှာ အတော်လေး သက်ရောက်မှုတွေ ရှိလာနိုင်မှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG