ပီရူး (Peru) နိုင်ငံမှာရောက်ရှိနေတဲ့ အမေရိကန်သမ္မတ Joe Biden ဟာ ဒီနေ့ သောကြာနေ့မှာ တောင် ကိုရီးယားနဲ့ ဂျပန်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ရှိနေပါတယ်။ လီမာ (Lima) မြို့တော်မှာကျင်းပတဲ့ APEC အာရှ-ပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ညီလာခံ ဘေးပန်းမှာ ခေါင်းဆောင် ၃ ယောက် သီးခြားတွေ့ဆုံကြမှာဖြစ်ပါတယ်။
ယူကရိန်းကို စစ်ဆင်နေတဲ့ ရုရှားဘက်ကနေတိုက်ဖို့ မြောက်ကိုရီးယားစစ်သား ထောင်နဲ့ချီကို စေလွှတ်ဖြန့်ချနေတဲ့ကိစ္စနဲ့မြောက်ကိုရီးယားနဲ့ Nuclear အန္တရာယ် ပိုကျယ်ပြန့်လာတဲ့ကိစ္စတွေကို ဆွေးနွေးကြမှာဖြစ်တယ်လို့ အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan က သမ္မတခရီးစဉ်နဲ့အတူပါသွားတဲ့ သတင်းထောက်တွေကို Air Force One လေယာဉ်ပေါ်မှာ ပြောကြားခဲ့ပါတယ်။ အလေးအနက်ထားသင့်တဲ့ ဒီကိစ္စတွေကို ခေါင်းဆောင်တွေ အလေးအနက်ထား ဆွေးနွေးကြမှာဖြစ်တယ်လို့ သူကပြောပါတယ်။
မြောက်ကိုရီးယားဘက်မှာ ထပ်လုပ်လာမယ့် Nuclear စမ်းသပ်မှုတွေ၊ ပဲ့ထိန်းတပ်ဒုံး စမ်းသပ်မှုတွေ အတွက် ၃ နိုင်ငံအနေနဲ့ ပြင်ဆင်ထားမယ့်ကိစ္စတွေ၊ အထူးသဖြင့် အမေရိကန်မှာ Donald Trump အစိုးရကို အာဏာလွှဲပြောင်းဖို့ ပြင်ဆင်နေချိန်မှာ မြောက်ကိုရီးယားဘက်က ရန်စတဲ့ လုပ်ရပ်တွေ အတွက် ပြင်ဆင်ထားနိုင်ဖို့လို့ ပြောပါတယ်။
သမ္မတ Biden ဟာ စနေနေ့ကျရင်လည်း တရုတ်သမ္မတ Xi Jinping နဲ့တွေ့ဆုံမှာဖြစ်ပါတယ်။ သမ္မတ Xi ကတော့လက်တင်အမေရိကမှာ ပထမဆုံး တရုတ်ငွေကြေးပံ့ပိုးမှုနဲ့ ဆောက်လုပ်ထားတဲ့ ဆိပ်ကမ်းကို ဒီနေ့ တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါတယ်။
Chancay မြို့မှာ ဒေါ်လာ ၃ ဘီလျံခွဲ အကုန်ကျခံဆောက်ထားတဲ့ ဆိပ်ကမ်းကြီးကို ပီရူးဝန်ကြီးချုပ်နဲ့ အတူ Lima မြိုတော်ကနေ ဖွင့်လှစ်ပေးခဲ့ပါတယ်။ တရုတ်ရဲ့ ခေတ်သစ်ပိုးလမ်းကြီး BRI စီမံကိန်းအရ ဆောက်လုပ်ထားတဲ့ အဆင့်မြင့်ဆိပ်ကမ်းကြီးက တရုတ်နဲ့ ပီးရူးနိုင်ငံကြား ရေကြောင်း ကုန်တင်ပို့မှုကို ပိုပြီး မြန်ဆန်စေမှာဖြစ်တယ်လို့ တရုတ်ဘက်က ပြောပါတယ်။
Forum