သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီနဲ့ အာဆီယံအသင်း ဆက်ဆံရေး တိုးမြှင့်လာတဲ့အပေါ် APHR စိုးရိမ်


လာအိုနိုင်ငံ Luang Prabang မြို့မှာကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအတွင်း တွေ့ရတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် တာဝန်ရှိသူများ (ဇန်နဝါရီ ၂၉၊ ၂၀၂၄)
လာအိုနိုင်ငံ Luang Prabang မြို့မှာကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအတွင်း တွေ့ရတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် တာဝန်ရှိသူများ (ဇန်နဝါရီ ၂၉၊ ၂၀၂၄)

အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံက မြန်မာစစ်ကောင်စီနဲ့ ဆက်ဆံရေး တိုးမြှင့်လာတဲ့အပေါ် စိုးရိမ်ကြောင်း အာဆီယံလူ့အခွင့်အရေး လွှတ်တော်အမတ်များအဖွဲ့က ပြောလိုက်ပါတယ်။ ဆက်ဆံရေးတွေ တိုးမြှင့်လာနေတာဟာ တရားမဝင် စစ်ကောင်စီကို တရားဝင်ဖြစ်လာအောင် လုပ်ဆောင်ပေးရာ ရောက်တယ်လို့လည်း APHR အဖွဲ့က ဒီကနေ့ မတ်လ ၁၉ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပြောဆိုခဲ့တာပါ။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်က အရပ်သားအစိုးရကို ဖယ်ရှားပြီး အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီကို အာဆီယံအစည်းအဝေးတွေ တက်ခွင့်မပေးဘဲ နိုင်ငံရေးအရ ကိုယ်စားပြုသူ မဟုတ်သူကိုသာ တက်ရောက်ခွင့် ပြုထားတာ ဖြစ်ပါတယ်။ အာဆီယံရဲ့ ဆုံးဖြတ်ချက်ကို လက်မခံတဲ့ စစ်ကောင်စီက အစောပိုင်းမှာ အစည်းအဝေးတွေကို ကိုယ်စားလှယ်လွှတ်ဖို့ ငြင်းဆန်ခဲ့ပေမဲ့ နောက်ပိုင်းမှာ စေလွှတ်ခဲ့တာပါ။

အာဆီယံ အလှည့်ကျဥက္ကဋ္ဌ လာအိုနိုင်ငံမှာ ဒီနှစ်ဆန်း ကျင်းပခဲ့တဲ့ နိုင်ငံခြားရေး ဝန်ကြီး အစည်းအဝေးနဲ့ ကာကွယ်ရေးဝန်ကြီး အစည်းအဝေးတွေမှာ စစ်ကောင်စီက ကိုယ်စားလှယ်တွေ စေလွှတ်ခဲ့ပါတယ်။

စစ်ကောင်စီက ပြည်သူတွေအပေါ် စိုးရိမ်ဖွယ်ကောင်းလောက်တဲ့အထိ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေတယ်ဆိုတဲ့ ဘယ်လိုမှ ငြင်းလို့မရနိုင်တဲ့ သက်သေ အထောက်အထားတွေ ရှိနေပါလျက်နဲ့ အာဆီယံဟာ ထိတွေ့ ဆက်ဆံမှုတွေ ဆက်လက် လုပ်ဆောင်နေကြောင်း၊ ဒါဟာ ရက်စက် ကြမ်းကြုတ်တဲ့ စစ်တပ်ကို သတ္တိပြောင်မြောက်စွာ ခုခံ တွန်းလှန်နေကြတဲ့ မြန်မာပြည်သူတွေကို ပါးရိုက်လိုက်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ APHR ပူးတွဲဥက္ကဋ္ဌ၊ မလေးရှား လွှတ်တော်အမတ်ဟောင်း Charles Santiago က ကြေညာချက်မှာ ပြောဆိုခဲ့တာပါ။

မြန်မာပဋိပက္ခအတွက် ထိုင်းနိုင်ငံက ဦးဆောင် လုပ်ကိုင်ပေးဖို့ အာဆီယံက တာဝန်ပေးထားခြင်း မရှိတဲ့အတွက် မြန်မာ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို ထိုင်းနိုင်ငံက ဦးဆောင်ကျင်းပသွားမယ် - လို့ မကြာသေးခင်က Time မဂ္ဂဇင်းနဲ့ ပြုလုပ်တဲ့ မေးမြန်းခန်းမှာ ထိုင်းဝန်ကြီးချုပ် Srettha Thavisin(ဆက်ဿာ သာဗီဆင်) ရဲ့ ပြောဆိုချက်အပေါ် စိုးရိမ်မိကြောင်းလည်း APHR ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG