သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သြစတြေးလျ အာဆီယံအစည်းအဝေး ရေကြောင်းလုံခြုံရေးဆွေးနွေး


ဩစတေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာကျင်းပနေတဲ့ သြစတြေးလျ−အာဆီယံ အထူးထိပ်သီးဆွေးနွေးပွဲအတွင်းတွေ့ရတဲ့ ဩစတေးလျနဲ့ အာဆီယံနိုင်ငံခေါင်းဆောင်များ (မတ် ၅၊ ၂၀၂၄)
ဩစတေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာကျင်းပနေတဲ့ သြစတြေးလျ−အာဆီယံ အထူးထိပ်သီးဆွေးနွေးပွဲအတွင်းတွေ့ရတဲ့ ဩစတေးလျနဲ့ အာဆီယံနိုင်ငံခေါင်းဆောင်များ (မတ် ၅၊ ၂၀၂၄)

ပစိဖိတ်ဒေသနဲ့ အရှေ့တောင်အာရှနိုင်ငံတွေမှာ ကာကွယ်ရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေ အကြီးအကျယ် ရင်ဆိုင်လာနေရတာမို့ အာဆီယံနဲ့ ရေကြောင်းလုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေမှာ ငွေကြေး အမြောက်အများ တိုးမြှင့်သုံးစွဲသွားမယ်လို့ သြစတြေးလျနိုင်ငံက ပြောဆိုလိုက်ပါတယ်။ ၃ ရက်ကြာ ကျင်းပနေတဲ့ သြစတြေးလျ−အာဆီယံ အထူးထိပ်သီးဆွေးနွေးပွဲ စတင်တဲ့ တနင်္လာနေ့မှာ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးက အဲဒီလိုကြေညာလိုက်တာပါ။ ဒေသတွင်း လုံခြုံရေးနဲ့ စီးပွားရေးဆိုင်ရာ ကိစ္စရပ်တွေကို အဓိကထား ဆွေးနွေးနေကြတဲ့ ဒီထိပ်သီး ဆွေးနွေးပွဲအကြောင်း Phil Mercer ပေးပို့တဲ့ သတင်းနဲ့အတူ နောက်ဆုံးရ သတင်းတွေကို စုစည်းပြီး မခင်ဖြူထွေးက တင်ပြပေးပါမယ်။

အရှေ့တောင်အာရှနဲ့ ပစိဖိတ်ဒေသနိုင်ငံတွေဟာ သူတို့ရဲ့ အသက်မွေးဝမ်း ရပ်တည်မှုနဲ့ ကူးသန်းရောင်းဝယ်မှုတွေမှာ တောင်တရုတ်ပင်လယ်ပြင် လွတ်လပ်တဲ့ ရေကြောင်းသွားလာမှု အပါအဝင် ဒေသတွင်း ပင်လယ် သမုဒ္ဒရာတွေ နဲ့ မြစ်ချောင်းတွေကို မှီခို နေကြရတာ ဖြစ်ပြီး ဒီလို ရေကြောင်းသွားမှုတွေမှာ လုံခြုံရေးအရ ခြိမ်းခြောက်မှုတွေ တိုးလာနေတယ်လို့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Penny Wong က ပြောပါတယ်။ ဒါကြောင့် သြစတြေးလျနဲ့ အာဆီယံနိုင်ငံတွေကြား ရေကြောင်းလုံခြုံရေးဆိုင်ရာ သဘောတူညီချက် ပူးပေါင်း ဆောင်ရွက်မှုတွေမှာ နောက်ထပ် သြစတြေးလျဒေါ်လာ သန်း ၆၀ ကျော်၊ (အမေရိကန်ဒေါ်လာ သန်း ၄၀ ကျော်) ထပ်တိုး သုံးစွဲသွားမယ်လို့ သြစတြေးလျ−အာဆီယံ အထူးထိပ်သီးဆွေးနွေးပွဲ စတင်တဲ့ တနင်္လာနေ့မှာ ဝန်ကြီး Wong က ကြေညာသွားတာပါ။

"ရန်လိုခြိမ်းခြောက်မှုတွေ ပိုပြီးတော့ ကြံ့ကြံ့ခံ ကာကွယ်နိုင်ဖို့ နဲ့ ကျမတို့ အားလုံး မှီခို အသုံးပြုနေရတဲ့ ရေလမ်းကြောင်းတွေ ဆက်ပြီး တည်ရှိနေဖို့အတွက် အာဆီယံနိုင်ငံတွေနဲ့အတူ သြစတြေးလျက ပူးပေါင်း ဆောင်ရွက်နေပါတယ်။ လာမယ့် ၄ နှစ်အတွင်း ဒီလိုပူးပေါင်း ဆောင်ရွက်မှုတွေအတွက် နောက်ထပ် သြစတြေးလျဒေါ်လာ ၆၄ သန်း တိုးမြှင့် သုံးစွဲသွားမယ်ဆိုတာကို ဝမ်းမြောက်ဝမ်းသာ အသိပေးလိုပါတယ်။ ဒီအထဲမှာ သန်း ၄၀ ကတော့ သြစတြေးလျရဲ့ အရှေ့တောင်အာရှ ရေကြောင်းဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေး သုံးစွဲသွားဖို့ ဖြစ်ပါတယ်။”

ခုလို ကြေညာလိုက်တဲ့အပေါ် တောင်တရုတ် ပင်လယ်ပြင်မှာ တရုတ်နဲ့ နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ မလေးရှား၊ ဗီယက်နမ်နဲ့ ဖိလစ်ပိုင်နိုင်ငံတွေအပြင် အင်ဒိုနီးရှားနိုင်ငံကလည်း ကြိုဆိုခဲ့ပါတယ်။ ဒေသတွင်းမှာ မဟာဗျူဟာအရ အရေးပါတဲ့ တောင်တရုတ် ပင်လယ်ပြင်မှာ တရုတ်ရဲ့ ရန်လိုမှုတွေ တိုးလာနေတယ်လို့ ဒီနိုင်ငံတွေက ပြောဆိုထားသလို၊ ပြန်လည် ခုခံ ကာကွယ်ဖို့ ကြိုးစားနေကြတာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းကလည်း ဖိလစ်ပိုင်နဲ့ သြစတြေးလျနိုင်ငံ ပူးပေါင်းပြီး တောင်တရုတ်ပင်လယ်ပြင်ထဲမှာ ရေကြောင်း၊ လေကြောင်း ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ ပထမဆုံးအကြိမ် လုပ်ခဲ့ကြပါတယ်။

အာဆီယံ-ဩစတေးလျ ထိပ်သီးအစည်းအဝေးအတွင်း ရေကြောင်းဆိုင်ရာပူးပေါင်းဆောင်ရွက်မှုဆွေးနွေးပွဲမှာ အမှာစကားပြောကြားနေတဲ့ ဩစတေးလျနိုင်ငံခြားရေးဝန်ကြီး Penny Wong (မတ် ၄၊ ၂၀၂၄)
အာဆီယံ-ဩစတေးလျ ထိပ်သီးအစည်းအဝေးအတွင်း ရေကြောင်းဆိုင်ရာပူးပေါင်းဆောင်ရွက်မှုဆွေးနွေးပွဲမှာ အမှာစကားပြောကြားနေတဲ့ ဩစတေးလျနိုင်ငံခြားရေးဝန်ကြီး Penny Wong (မတ် ၄၊ ၂၀၂၄)

ဒေသတွင်း လုံခြုံရေးခြိမ်းခြောက်မှုအဖြစ် ပြောဆိုရာမှာ ဝန်ကြီး Penny Wong အနေနဲ့ တရုတ်နိုင်ငံကို နာမည်တပ် ပြောဆိုတာမျိုး မလုပ်ပေမဲ့ ပဋိပက္ခတွေ ဖြစ်အောင် လုပ်နေသူတွေကို အားလုံး စုစည်းမှုအားနဲ့ အထိရောက်ဆုံး တုံ့ပြန်သွားရမှာဖြစ်တယ်လို့ ထိပ်သီး ဆွေးနွေးပွဲ အပြင်ဘန်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး Enruque Manalo နဲ့ သီးသန့်တွေ့ဆုံပွဲမှာ ပြောဆိုခဲ့ပါတယ်။

"ကျမတို့ မဖြေရှင်းနိုင်ရင် ကြုံလာရနိုင်တဲ့ အခြေအနေက ရှင်းပါတယ်။ အခု ဂါဇာနဲ့ ယူကရိန်းမှာ ဖြစ်နေတဲ့ ဆိုးရွားတဲ့ ပဋိ့ပက္ခတွေကို ကြည့်ရင် သိနိုင်ပါတယ်။ ကျမတို့ ဒေသတွင်းမှာ ပြဿနာ ကြီးကြီးမားမား တခုဖြစ်လာရင် ကျမတို့ လူမှုအသိုင်းအဝိုင်းတွေနဲ့ စီးပွားရေးကို ထိခိုက် ပျက်ဆီးလာ မှာပါ။ ဒါကြောင့် ကျမတို့ ဒေသကို ဘယ်လိုပုံစံ ပုံဖော်ချင်သလဲ ဆိုတာက အားလုံးရဲ့ တာဝန်ပါ။ ဒေသတွင်း နိုင်ငံတခုချင်းစီရဲ့ ကိုယ်ပိုင် မျှော်မှန်းချက်တွေကို အကောင်အထည် ဖော်နိုင်စွမ်းရှိတဲ့၊ ဘယ်နိုင်ငံတခုကမှ လွှမ်းမိုး ထိန်းချုပ်မှု မရှိတဲ့၊ တည်ငြိမ်း အေးချမ်းပြီး ကြွယ်ဝတဲ့ ဒေသတခုဖြစ်ဖို့ အားလုံးမှာ တာဝန်ရှိပါတယ်။”

မတ်လ ၄ ရက်နေ့ကနေ ၆ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပတဲ့ ဒီထိပ်သီး ဆွေးနွေးပွဲကို သြစတြေးလျနိုင်ငံက အိမ်ရှင်အဖြစ်နဲ့ မဲလ်ဘုန်းမြို့မှာ ကျင်းပတာ ဖြစ်ပြီး အာဆီယံအဖွဲ့ဝင် နိုင်ငံတွေနဲ့ ရေကြောင်းဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စအပြင်၊ စီးပွား ဆက်ဆံမှု တိုးမြှင့်ရေး၊ ရာသီဥတုဖောက်ပြန် ပြောင်းလဲမှု တိုက်ဖျက်ရေးနဲ့ သန့်ရှင်းစွမ်းအင် သုံးစွဲရေးဆိုင်ရာ ကိစ္စရပ်တွေကိုလည်း ဆွေနွေးနွေးနေကြတာ ဖြစ်ပါတယ်။

သြစတြေးလျနဲ့ အာဆီယံကြား တရားဝင်ဆွေးနွေးဖက် မိတ်ဖက်နိုင်ငံတွေအဖြစ် တည်ရှိလာခဲ့တာ နှစ် ၅၀ ပြည့်တဲ့အချိန် ကျင်းပတဲ့ ဒီအထူးထိပ်သီးဆွေးနွေးပွဲမှာ အာဆီယံ အဖွဲ့ဝင်နိုင်ငံတခုဖြစ်တဲ့ မြန်မာနိုင်ငံတော့ မပါဝင်ပါဘူး။ စစ်တပ် အာဏာသိမ်းထားပြီး လက်နက်ကိုင် ပဋိပက္ခတွေ ပြင်းထန်နေတဲ့ တဲ့ မြန်မာနိုင်ငံက စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ခုလို ထိပ်သီး ဆွေးနွေးပွဲတွေမှာ တက်ရောက်ခွင့် အာဆီယံက ပိတ်ပင်ထားတာ ဖြစ်ပါတယ်။ ဒီထိပ်သီးဆွေးနွေးပွဲ ကျင်းပနေချိန်မှာပဲ သြစတြေးလျရောက် မြန်မာတချို့ စုဝေးပြီး မြန်မာစစ်ကောင်စီကို အာဆီယံက အားပေးထောက်ခံတာတွေ မလုပ်ဖို့ တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

ဆက်စပ်သတင်းများ ...

XS
SM
MD
LG