သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ဒေသ တိုက်ပွဲများငြိမ်သက်


မြောက်ဦးမြို့ စစ်ရှောင်ဒုက္ခသည်စခန်းမြင်ကွင်း
မြောက်ဦးမြို့ စစ်ရှောင်ဒုက္ခသည်စခန်းမြင်ကွင်း

{{Zawgyi/Unicode}}

ရခိုင်ပြည်နယ်မှာ မကြာသေးခင်ရက်တွေကစလို့ စစ်ရေးတင်းမာမှုတွေ လျော့ကျလာတာကြောင့် စစ်ဘေးဒုက္ခသည် တချို့ နေရပ်ပြန်နေချိန်မှာပဲ မိုင်းပေါက်ကွဲမှုတခုကြောင့် ထိခိုက်သေဆုံးမှုတွေ ကြုံခဲ့ရတဲ့အကြောင်း နိုင်ကွန်းအိန် ကသတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်မှာ နိုဝင်ဘာလ ၈ ရက်နေ့က ရွေးကောက်ပွဲ မကျင်းပဖြစ်ခဲ့တဲ့ မဲဆန္ဒနယ်မြေတွေမှာ ပြန်လည်ကျင်းပနိုင်မယ့် အခြေအနေတွေ ဖန်တီးဖို့ AA ရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ တပ်မတော်တို့ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ အပြန်အလှန် ထုတ်ပြန်ချက်တွေ ထွက်ပေါ်ခဲ့ပြီးနောက် တိုက်ပွဲတွေလည်း ငြိမ်သက်နေပါတယ်။ အခြေအနေတွေ တည်ငြိမ်လာတာနဲ့အမျှ သွားလာလှုပ်ရှားမှုတွေလည်း ရှိနေပြီလို့ ရသေ့တောင်မြို့နယ် စေတီပြင် ရွာသား တဦးကပြောပါတယ်။

“အခုကတော့ တိုက်ပွဲကတော့လုံးဝကိုရပ်သွားတာဘဲ။ ရေတပ်ကဇက်သင်္ဘောတွေ သူတို့ကသွားနေတာဘဲ ဒါပေမဲ့ မပစ်တော့ဘူးအခုက။ မေယုမြစ်ကြောင်းကိုတော့ ဒီနေ့ဖွင့်ပေးလိုက်ပြီးပြောတယ်။ ကျွန်တော်တို့ဖက်ကသွားတဲ့ မော်တော်တွေလဲ နဲနဲသတင်းပို့ရတာဘဲရှိတယ်။ ဒီနေ့သွားလို့ရပြီးလို့ပြောတယ်။”

အလားတူမင်းပြားမြို့နယ် လေးမြို့မြစ်ဖက်မှာလဲ ရေတပ်သင်္ဘောတွေပစ်ခတ်မှုမရှိတော့ ဘူးလို့မြို့ခံတွေက ပြောပါ တယ်။

ဒါပေမဲ့ ရခိုင်ပြည်နယ်စစ်တွေ ကျောက်တော်နဲ့ ချင်းပြည်နယ်ပလက်ဝကိုဆက်သွယ်ထားတဲ့ ကုလားတန်မြစ်ကြောင်းလမ်း ကတော့ပိတ်ပင်ထားဆဲလို့ ပလက်ဝဒေသခံ ဦးကျော်မင်းကဆိုပါတယ်။

“ကုလားတန်မြစ်ကလုံးဝမပြေပါ။ ကျောက်တော်ဖက်က တက်တော့မယ်ဆိုရင် အဲဒီဟိုဟာဂိတ်တွေကို သူတို့နဲ့ညှိလို့ ရတဲ့ သူကျရင်တော့ နဲနဲသွားလို့ရတယ်။ ဒါပေမဲ့ငွေတော့ပေးရတယ် တပ်မတော်ဖက်က။”

လက်ရှိရခိုင်ပြည်နယ်ထဲ ပစ်ခတ်မှုတွေလျော့ကျလာလို့ ကျောက်ဖြူနဲ့ရမ်းဗြဲဒေသက စစ်ရှောင်ရွာသားတွေ နေရပ်ကို ပြန်ကြပြီးလို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးကျော်လွင်ကပြောပါတယ်။

“ရမ်းဗြဲဖက်လဲပြန်နေကြပြီး။ စနဲဖက်မှာလဲပြန်နေကြပြီးဗျကိုယ့်ရွာကို။ အဲဒီမှာက လယ်ယာမြေမှာက စပါးတွေရိတ်သိမ်း နေချိန်ဖြစ်နေတာ။ အခြေအနေနဲနဲလေးတည်ငြိမ်လာတာနဲ့ သူတို့ပြတန်ဖို့အကုန်လုံးကြိုးစားနေကြပြီး။ ပြန်လဲပြန်နေ ကြပါပြီး။”

ရမ်းဗြဲမြို့နယ်၊ ကုလားပုန်းကျေးရွာအုပ်စု၊ ကုလားပုန်း၊ မြို့ချွိန်၊ မော်ရုံ၊ ငညိုကိုင်း စတဲ့ကျေးရွာမှာ ဒီလဆန်းက တပ်မတော်ကနေ မသင်္ကာသူတွေကိုဖမ်းဆီးခဲ့တဲ့ဖြစ်စဉ်ကြောင့် ရွာသားထောင်ချီဟာ ရွာကနေတိမ်းရှောင်နေကြပြီး ငြိမ်သက်လာတဲ့ အခြေအနေကြောင့် နေရပ်ပြန်လာကြတာလို့ဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေ ရပ်တန့်နေချိန်မှာပဲ ဒီကနေ့နေ့လယ်ပိုင်းမောင်တောမြို့နယ်မှာ မိုင်းပေါက်ကွဲမှု ကြောင့် အရပ်သားတွေ ထိခိုက်မှုတွေ ရှိခဲ့တဲ့ သတင်းတွေလည်း ထွက်ပေါ်လာပါတယ်။ မိုင်းပေါက်ကွဲမှုကြောင့် ကထိန်ပွဲက ပြန်လာသူတွေလိုက်ပါလာတဲ့ ကားတစ်စီး ပျက်စီးသွားပြီး ၃ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိသွားကြောင်းလည်း ဒေသခံ နံ့သာတောင်ဆရာတော်ကမိန့်ပါတယ်။

“မိုင်းခွဲခံရတယ်ဟုတ်တယ်။ အဲဒီတောင်ပြိုလက်ဝဲပေါ့။ သာယာကုန်းကျေးရွာက ကထိန်ကပြန်တဲ့အခါမှာ အဲဒီသာယာကုန်းရွာ သဲချောင်းကားလမ်မှာပေါ့။ အဲတာမိုင်းကွဲပြီးတော့ (၃)ဦးကသေသွားတယ်။ (၆)ဦးကအပြင်းထန်ဒဏ်ရာရတယ်။ အော်အခုမောင်တောဆေးရုံကိုပို့လိုက်တယ်ခင်ဗျ။ ”

သာယာကုန်း ကထိန်က အပြန် သဲချောင်းအနီးမိုင်းပေါက်ကွဲတာဖြစ်ပြီး ဘယ်အဖွဲ့ထောင်ထားတဲ့မိုင်းဆိုတာ မသိရသေးဘူးလို့ ဆရာတော်က မိန့်ပါတယ်။

ပြီးခဲ့တဲ့ရက်တွေမှာလဲ မြေပုံမြို့နယ် လီသွန်ကျေးရွာနဲ့ စညင်းရွာဘက်ကိုသွားတဲ့ ကားလမ်းဘေး စစ်လက်ကျန်ဗုံးလို့ ယူဆရတဲ့ ဗုံးပေါက်ကွဲလို့ လမ်းပြင်လုပ်သားတဦးသေဆုံးပြီးနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သလို အမ်းမြို့နယ် ဒလက်ချောင်းကျေးရွာအုပ်စု နတ်မော်ကျေးရွာအတွင်းမိုင်းပေါက်ကွဲမှုုကြောင့် ဒေသခံသက်ကြီးတစ်ဦး ဒဏ်ရာအပြင်းအထန်ရရှိသွားခဲ့ပါတယ်။

လက်ရှိတပ်မတော်ဖက်ကရော ရခိုင်လက်နက်ကိုင်အဖွဲ့ဖက်ကပါ အပစ်ခတ်ရပ်စဲရေးထုတ်ပြန်ပြီးနောက်ပိုင်း ရခိုင်ပြည်နယ်အတွင်းပစ်ခတ်တိုက်ခိုက်မှုတွေလျှော့ကျနေပေမဲ့ စစ်ပွဲရဲ့အကျိုးဆက် မြေမြုတ်မိုင်းနဲ့ စစ်လက်ကျန် လက်နက်တွေကြောင့် အရပ်သား ထိခိုက်မှုတွေရှိနေဆဲဖြစ်ပါတယ်။

...........................................















ရခိုင်ဒေသ တိုက်ပွဲများငြိမ်သက်
please wait

No media source currently available

0:00 0:03:15 0:00
တိုက်ရိုက် လင့်ခ်


XS
SM
MD
LG