ရခိုင်မြောက်ပိုင်း လေဘေးသင့် ဒုက္ခသည်တွေ အကူအညီလိုအပ်နေ
{{Zawgyi/Unicode}}
ရခိုင်မြောက်ပိုင်းမှာ မကြာသေးခင်က လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားတဲ့ စစ်ဘေးဒုက္ခသည်တွေရဲ့ နေအိမ်တွေ ခုချိန်ထိ မပြင်နိုင်သေးတဲ့အတွက် နေထိုင်ဖို့ အခက်ကြုံနေကြတယ်လို့ စစ်ဘေးဒုက္ခသည်တွေက ပြောပါတယ်။ ရခိုင်မြောက်ပိုင်းမှာ ရှိတဲ့ စစ်ဘေးဒုက္ခသည်တွေရဲ့ နေအိမ်တွေဟာ ဝါးနဲ့ ဆောက်လုပ်ထားတာဖြစ်လို့ ခိုင်ခန့်မှုမရှိတာကြောင့် လာမယ့် မိုးရာသီမတိုင်ခင် ပြုပြင်ဖို့ လိုအပ်တယ်လို့လည်း စစ်ဘေးဒုက္ခသည်တွေကပြောဆိုကြပါတယ်။ ရန်ကုန်ကလာတဲ့ သတင်း ကိုရဲမွန် ကတင်ပြပေးပါမယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ပြီးခဲ့ဲတဲ့ ရက်ပိုင်းအတွင်း လေပြင်းတိုက်ခတ်ခဲ့တာကြောင့် ကျောက်တော်၊ မြောက်ဦး၊ မင်းပြားစတဲ့ မြို့နယ်တွေမှာ ရှိတဲ့ စစ်ဘေးဒုက္ခသည်စခန်းတွေက နေအိမ် တစ်ထောင်နီးပါး ပျက်စီးသွားခဲ့ပါတယ်။ နေအိမ်ရာနဲ့ချီ ပျက်စီးခဲ့တဲ့ မြောက်ဦးမြို့နယ်အတွင်းက စဉ်းဘောကိုင်း စစ်ဘေးဒုက္ခသည်စခန်းမှာ အခုအချိန်ထိ မပြုပြင်နိုင်သေးတာကြောင့် နေထိုင်ဖို့ ခက်ခဲနေကြပါတယ်။ နေအိမ်တွေပြုပြင်ဖို့အတွက် အစိုးရကို တင်ပြထားတာရှိပေမယ့် အခုအချိန်ထိ တစုံတရာ အကြောင်းမပြန်သေးဘူးလို့ စဉ်းဘောကိုင်း စစ်ဘေးဒုက္ခသည်စခန်းတာဝန်ခံ ဦးညီပုက ပြောပါတယ်။
“ အစိုးရဖက်ကိုလည်း စာရင်းတွေ တင်ပြထားတာရှိပါတယ်။ ဒါပေမယ့်အခုအထိတော့ အကြောင်းပြန်တာမရှိသေးပါဘူး၊ အကုန်လုံးက လုံးဝနေလို့မရအောင် ပျက်စီးသွားတာက ၃၀လောက်ရှိတယ်။ ပြီးတော့ အမိုးလန် အကာလန် ၉၉လုံးရှိတယ်၊ နည်းနည်းပြုပြင်လို့ရတဲ့ ဟာတွေကျတော့ ပြုပြင်ထားတယ်၊ ဒါပေမယ့်လည်း ကိုယ်တိုင်ကလည်း ငွေကြေးအခက် အခဲရှိတယ် အဖွဲ့အစည်းတွေကလည်း ဘာမှထောက်ပံ့ပေးတာမရှိသေးဘူး၊ အဲဒါကြောင့် အဲဒါတွေကတော့ အဲအတိုင်းပဲ ထားရသေးတယ်”
အလားတူ ကျောက်တော်မြို့နယ်အတွင်းက တော်မင်းကလား စစ်ဘေးဒုက္ခသည်စခန်းမှာ ဆိုရင်လည်း ပျက်စီသွားတဲ့နေအိမ်တွေကို အခုထိ မပြုပြင်ရသေးဘူးလို့ စစ်ဘေးဒုက္ခသည်တွေက ပြောပါတယ်။
အဲဒီစစ်ဘေးဒုက္ခသည်စခန်းမှာ ရှိတဲ့နေအိမ်တွေဟာ ဝါးနဲ့ဆောက်လုပ်ထားတာဖြစ်ပြီး လာမယ့် မိုးရာသီမတိုင်ခင် အသစ်ပြန်ဆောက်ဖို့ လိုအပ်နေတယ်လို့လည်း စစ်ဘေးဒုက္ခသည်တစ်ဦးဖြစ်တဲ့ မအေးအေးခိုင်က ပြောပါတယ်။
“ ပျက်သွားတဲ့ နေအိမ်တွေကတော့ ဒီအတိုင်းပဲ ရှိသေးတယ်၊ နည်းနည်းပါးပါးတော့ ပြုပြင်ထားရတယ်၊ ပြန်မဆောက်ရသေးပါဘူး။ အဖွဲ့အစည်းတွေက ဝါးတွေဘာတွေပေးမှ ဆောက်ရမှာလေ၊ အိမ်တွေကတော့ ပြန်မဆောင်ရင်တော့ နေလို့မရတော့ဘူး အိမ်တိုင်း အိမ်တိုင်းပဲ အဲဒါကတော့ အခုမိုးရွာရင်လည်း မိုးယိုမှာပဲ အကုန်လုံး လေတိုက်လို့ ပျက်သွားတဲ့ အိမ်က ၈၀ ရှိတယ်။ လက်ရှိပြန်ပြုထားတာကလည်း ဝါးအသစ်တွေနဲ့ ပြုပြင်ထားတာမဟုတ်ဘူး။ ပျက်သွားတဲ့နေရာကိုပဲ နှီးတွေနဲ့ ချည်ထားတာ၊ ဒါပေမယ့် မိုးအများကြီးရွာလာရင်တော့ နေလို့မရပါဘူး၊ ဝါးနဲ့ တာပေါ်လိပ်နဲ့ လုပ်ထားတာဆိုတော့လေ၊ အခုလေးလပိုင်းကုန်ရင် မိုးကလာတော့မှာ ဘယ်လိုမှအဆင်မပြေဘူးနော်”
လူဦးရေ ၃ထောင်ကျော်နေထိုင်တဲ့ ကျောက်တော်မြို့နယ်အတွင်းက ညောင်ချောင်း စစ်ရှောင်စခန်း မှာလည်း ပျက်စီးသွားတဲ့နေအိမ်ကို ကိုယ်ထူကိုယ်ထစနစ်နဲ့ နေလို့ရအောင် ပြုပြင်ထားတာဖြစ်တယ်လို့ စစ်ဘေးဒုက္ခသည်တွေက ပြောပါတယ်။ ဒါပေမဲ့လည်း စခန်းတခုလုံးမှာရှိတဲ့ နေအိမ်တွေအကုန်လုံး ယိုယွင်းပျက်စီးနေတာကြောင့် တာဝန်ရှိသူတွေအနေနဲ့ လာမယ့်မိုးရာသီမတိုင်ခင် အသစ်ပြန်ဆောက်ပေးဖို့ လိုအပ်တယ်လို့လည်း ညောင်းချောင်းစစ်ဘေးဒုက္ခသည်စခန်းတာဝန်ခံ ကို သန်းအေး ကပြောပါတယ်။
“ အိမ်တွေက ကြာပြီဖြစ်လို့ ခြေတံရှည်တိုင်တွေက အကုန်လုံးအောက်ခြေကနေ ပျက်နေပြီပေါ့၊ မိုးရာသီဆိုရင်တော့ အခက်အခဲရှိတာပေါ့၊ မိုးရွာတာနဲ့ လေပြင်းတိုက်တာတို့ကတော့ ခန့်မှန်းလို့မရဘူး။ နောက်တကြိမ်ဆိုရင် အကုန်လုံးပျက်စီးသွားနိုင်တယ်၊ ပြည်သူတွေက စစ်ဘေးသင့်လို့ ဒီကိုရောက်လာတာပေါ့နော်၊ တဲအိမ်တွေကလည်း အကုန်လုံးခိုင်ခန့်မှုမရှိတော့ဘူး၊ မိုးရာသီကိုဖြတ်ရမှာဆိုတော့ သူတို့လည်း စိုးရိမ်နေကြတယ်၊ ကျနော်အနေနဲ့ တဲအိမ်တွေကို UNRCRပဲဖြစ်ဖြစ် ဘာအဖွဲ့အစည်းပဲ ဖြစ်ဖြစ် NGOအဖွဲ့အစည်းပဲဖြစ်ဖြစ် အိမ်တွေကို အသစ်ပြန်ဆောက် ပေးစေချင်ပါတယ်။”
လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားတဲ့ နေအိမ်တွေကို ပြန်ဆောက်ဖို့အတွက် သက်ဆိုင်တာဝန်ရှိသူတွေနဲ့ အဖွဲ့အစည်းတစ်ချို့ကို အကူအညီတောင်းထားပေမယ့် အခုအချိန်ထိ တစ်စုံတစ်ရာ လာရောက်ကူညီပေးတာမရှိသေးဘူးလို့လည်း စစ်ဘေးဒုက္ခ သည်တွေက ပြောဆိုကြပါတယ်။
ရခိုင်ပြည်နယ်မှာ ၂၀၁၈ ခုနှစ် အကုန်ပိုင်းလောက်ကစပြီး ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ အစိုးရတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့တာကြောင့် ရခိုင်မြောက်ပိုင်းက သိန်းနဲ့ ချီတဲ့ဒေသခံတွေ နေရပ်စွန့်ခွာ ထွက်ပြေးပြီး ပြည်တွင်းဒုက္ခသည်စခန်းတွမှာ နေထိုင်နေကြရတာဖြစ်ပါတယ်။
လက်ရှိမှာ တိုက်ပွဲတွေ ရပ်တန့်နေပေမဲ့လည်း စစ်ဘေးဒုက္ခသည်၇သောင်းကျော်လောက် နေရပ်မပြန်နိုင်သေးပဲ စစ်ဘေးဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြရတာလည်းဖြစ်ပါတယ်။
................................................
{{Zawgyi/Unicode}}