သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်မှာ တိုက်ပွဲငြိမ်နေပေမယ့် ဒုက္ခသည်တွေ အိမ်မပြန်ရဲသေး


ရခိုင်စစ်ဘေးဒုက္ခသည်မိသားစုမြင်ကွင်း (ဒီဇင်ဘာ ၂၃၊၂ဝ၁၈)
ရခိုင်စစ်ဘေးဒုက္ခသည်မိသားစုမြင်ကွင်း (ဒီဇင်ဘာ ၂၃၊၂ဝ၁၈)

{{zawgyi/unicode}}

ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ကြား ပစ်ခတ်တိုက်ခိုက်မှုတွေ ဒီရက်ပိုင်းအတွင်း ရပ်တန့်သွားပေမဲ့ စစ်ဘေးဒုက္ခသည်တွေ နေရပ်မပြန်နိုင်သေးတဲ့အကြောင်း နိုင်ကွန်းအိန် က သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်က နေရာတော်တော်များများမှာ မကျင်းပနိုင်ခဲ့တဲ့ ရွေးကောက်ပွဲတွေ ပြန်လည်ကျင်းပနိုင်မယ့် အခြေအနေတွေ ဖန်တီးဖို့ AA အဖွဲ့ရဲ့ ကမ်းလှမ်းချက်ကို တပ်မတော်က ကြိုဆိုလိုက်ပြီးနောက် ရက်သတ္တတပတ်လောက်ကြာအောင် တိုက်ပွဲတွေရပ်ဆိုင်းနေပါတယ်။ စစ်ရေးတင်းမာမှုတွေ လျော့ပါးသွားပေမဲ့လည်း တိုက်ပွဲတွေကြောင့် တိမ်းရှောင်ခဲ့ကြရတဲ့ သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေကတော့ နေရပ်ပြန်ဖို့ စိုးရိမ်နေကြဆဲပါ။ မြောက်ဦးမြို့နယ် တိမ်ညိုစစ်ရှောင်စခန်းတာဝန်ခံ ဦးဝေလအောင်ကတော့ လုံခြုံရေးအတွက် စိုးရိမ်နေကြဆဲ ဖြစ်တာကြောင့် ဒုက္ခသည်တွေ မပြန်ရဲကြသေးဘူးလို့ ပြောပါတယ်။

“နေရပ်ကိုပြန်တဲ့သူမရှိသေးဘူး။ တဖက်မှာအပစ်ခတ်တွေရပ်စဲထားတယ်ဆိုပေမဲ့ တဖက်မှာတပ်တွေက ကျွန်တော်တို့ တိမ်ညိုရွာထဲမှာဘဲ နေရာယူထားတယ်လေ။ ပြည်သူတွေအနေနဲ့ တဖက်မှာအပစ်ခတ်ရပ်စဲထားတာ ဘယ်လိုအစီစဉ်တွေရှိတယ် သူတို့လဲတိတိကျကျမသိနိုင်ဘူး။ သူတို့ကလက်ရှိအချိန်ထိ ယုံကြည်လို့ရတဲ့ အနေအထားမရှိသေးဘူးဗျာ။”

ကျောက်တော်မြို့နယ်က လူဦးရေ(၈၀၀၀) လောက်ရှိတဲ့ ညောင်ချောင်း စစ်ရှောင်စခန်းက ဒုက္ခသည်တွေကတော့ နေရပ်ပြန်နိုင်မယ့်အခြေအနေ မရှိသေးတာကြောင့် မပြန်ကြတာလို့ စခန်းတာဝန်ရှိသူတဦးကပြောပါတယ်။

“မရှိဘူးခင်ဗျ။ ကျွန်တော်တို့Campမှာရှိတဲ့ ဒီကျေးရွာအုပ်စုတွေက တချို့ရွာတွေဆို မီးလောင်တဲ့အထဲပါသွားပြီး။ ကျွန်တော်တို့ဆီမှာရှိတဲ့စစ်ဘေးရှောင်တွေဟာ အထက်တင်းမတို့ပေါ့နော် ပလက်ဝနယ်အောက် ဒီမီး၀ မီးလက်ဝတို့ ဖက်က။ အခုပြန်သွားတာမရှိဘူးသူတို့က။”

အလားတူ ကျောက်တော်မြို့နယ် တောင်မင်းစစ်ရှောင်စခန်းရောက် စစ်ရှောင်တွေလဲနေရပ်မပြန်ရဲသေးဘူးလို့ စခန်းတာဝန်ခံဦးအောင်ကျော်ဝင်းက ပြောပါတယ်။
ပြီးခဲ့တဲ့လတွေတုန်းက တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ ရသေ့တောင်မြို့နယ် ကျောက်တန်းနဲ့ အောင်သာစည်ကျေးရွာဖက်မှာလဲ တိုက်ပွဲတွေငြိမ်သက်နေပေမဲ့ စိတ်ချရတဲ့အခြေအနေမရှိဘူးလို့ကျောက်တန်းရွာသား တဦးကပြောပါတယ်။

“ကျောက်တန်းဖက်မှာတော့ အခုတော့ဘာမှမဖြစ်ကြဘူးခင်ဗျ။ တည်ငြိမ်နေတယ်။ ရွာသားတွေကတော့ သိပ်မသွား ရဲကြဘူး။ ဒီ Bilateral မထိုးသမျှကာလပါတ်လုံး စိတ်မချရဘူးဖြစ်နေလို့လေ။”

ကျောက်တန်း အောင်သာစည်ရွာသားတွေဟာ ရသေ့တောင်မြို့စစ်ရှောင်စခန်းမှာ ရှိနေဆဲလို့သူကဆိုပါတယ်။

ရသေ့တောင်မြို့ စစ်ရှောင်တွေကိုအကူညီပေးနေတဲ့ ကိုဘက္ကာကတော့ စစ်ရှောင်ရွာသားတွေနေရပ်မပြန်ရဲကြတာဟာ လုံခြုံရေးနဲ့ မိုင်းအန္တရာယ်ကြောင့်လို့ ပြောပါတယ်။

“စစ်ဘေးရှောင်တွေဟာ ကိုယ့်ရပ်ကိုယ့်ရွာကို ပြန်တာတော့မရှိသေးဘူး။ မြေမြုတ်မိုင်းပြဿနာကတော်တော်ရှိတယ်ဗျ။ အရင့်အရင်တုန်းက ကိုယ်ယာကိုယ့်လယ် နွားကျောင်းရင်းနဲ့မိုင်းနင်မိသူတွေရှိတယ်။ ကိုယ့်ရွာကိုဝင်ရင်းနဲ့ မိုင်းနင်းမိ တဲ့သူတွေရှိတယ်။ အဲဒီဖြစ်စဉ်ကြောင့် ပြန်ရဲတဲ့သူလဲ သိပ်ရှိမှာမဟုတ်ဘူး။ ဒီဟာတွေရှင်းလင်းရေးလုပ်ပြီးမှသာ ပြန်ရဲမဲ့ အနေအထားရှိတာပေါ့။ ”

တပ်မတော်နဲ့ရခိုင်လက်နက်ကိုင်AAအဖွဲ့တို့အကြားစစ်ရေးတင်းမာမှုဖြစ်စဉ်အတွင်း မြေမြုတ်မိုင်းနင်းမိလို့ သေဆုံး ထိခိုက်သူ(၃၅)ဦးရှိနေပြီး စစ်ရှောင်ဦးရေ(၂၃၀၀၀၀ ) ကျော်ရှိနေပြီးလို့လဲ ရခိုင်လူမှုအဖွဲ့အစည်းတွေက ထုတ်ပြန်ထား ပါတယ်ခင်ဗျာ။

.......................................

တိုက်ရိုက် လင့်ခ်


{{Unicode}}











XS
SM
MD
LG