သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Nagorno-Karabakh ဒေသက အာမေးနီးယားအားလုံးနီးပါးထွက်ပြေး


Nagorno-Karabakh ဒေသက ထွက်ပြေးလာတဲ့ အာမေးနီးယားလူများတချို့
Nagorno-Karabakh ဒေသက ထွက်ပြေးလာတဲ့ အာမေးနီးယားလူများတချို့

အဇာဘိုင်ဂျန်နိုင်ငံထဲက Nagorno-Karabakh ဒေသကို အဇာဘိုင်ဂျန်အစိုးရက ပြန်လည်ထိန်းချုပ်ခဲ့ပြီးနောက် အဲဒီဒေသမှာ နေထိုင်နေကြသူ အားလုံးနီးပါး အာမေးနီးယားနိုင်ငံဘက်ကို ထွက်ပြေးရောက်ရှိနေပြီလို့ အာမေးနီးယားက ဒီနေ့ စနေနေ့မှာ ပြောကြားလိုက်ပါတယ်။ အာမေးနီးယားနွယ်ဖွားတွေ အဓိက နေထိုင်ကြတဲ့ Nagorno-Karabakh ဒေသကနေ ပြီးခဲ့တဲ့သီတင်းပတ်ကစလို့ ထွက်ပြေးလာသူ ဒီနေ့ စနေနေ့မှာ ၁ သိန်းကျော်သွားပြီလို့ အာမေးနီးယားဝန်ကြီးချုပ်ရဲ့ ပြောခွင့်ရ Nazeli Baghdasaryan က ပြောပါတယ်။

Nagorno-Karabakh မှာ စုစုပေါင်း လူဦးရေ ၁ သိန်း ၂ သောင်းဝန်းကျင်ရှိတာ ကြောင့် အဲဒီဒေသမှာ နေထိုင်သူ အားလုံးနီးပါး ထွက်ပြေးသွားကြတာဖြစ်ပါတယ်။ အဇာဘိုင်ဂျန်အောက်က ခွဲထွက်လိုတဲ့ Nagorno-Karabakh ဒေသအုပ်ချုပ်သူ အာမေးနီးယားနွယ်ဖွားတပ်တွေနဲ့ အဇာဘိုင်ဂျန်အစိုးရတပ်တွေ ပြီးခဲ့တဲ့ သီတင်းပတ်မှာ တိုက်ပွဲဖြစ်ခဲ့ပြီး အစိုးရတပ်တွေက ဒီဒေသကို ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

အဇာဘိုင်ဂျန်အုပ်ချုပ်မှုအောက် ပြန်ရောက်ရင် အာမေးနီးယားလူမျိုးတွေကို ဖိနှိပ်မှာ စိုးရိမ်ပြီး ခုလို အိမ်နီးချင်း အာမေးနီးယားနိုင်ငံဘက်ကို ထွက်ပြေးနေကြတာပါ။ Nagorno-Karabakh ဒေသဟာ အဇာဘိုင်ဂျန်နယ်နိမိတ်ထဲမှာရှိတယ်လို့ နိုင်ငံတကာက အသိအမှတ်ပြုထားပေမဲ့ သီးခြားခွဲထွက်လိုတဲ့ အာမေးနီးယားနွယ်ဖွားတွေက ဒီဒေသနေရာတော်တော်များများကို အရင်က အုပ်ချုပ်နေတာဖြစ်ပါတယ်။ Nagorno-Karabakh ကို သီးခြားခွဲထွက်နိုင်ငံအဖြစ် ကြေညာထားတဲ့ ခွဲထွက်ရေးအဖွဲ့က သူတို့အဖွဲ့ကို ဒီနှစ်မကုန်ခင် ဖျက်သိမ်းပြီး သီးခြားခွဲထွက်နိုင်ငံဆိုတာကိုလည်း ပယ်ဖျက်မယ်လို့ အဖွဲ့အကြီးအကဲက စက်တင်ဘာ ၂၈ ရက်က ကြေညာခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG