သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၂၄ ဘဏ္ဍာနှစ်အတွက် ဒုက္ခသည် ၁၂၅၀၀၀ အမေရိကန်လက်ခံမည်


အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့တော်
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့တော်

အောက်တိုဘာ ၁ ရက်စတင်မယ့် ၂၀၂၄ ခုနှစ် ဘဏ္ဍာနှစ်အတွင်း အမေရိကန်ပြည်ထောင်စုက ဒုက္ခသည် ၁ သိန်း ၂ သောင်းခွဲ ကို လက်ခံဖို့ သမ္မတ Joe Biden က စက်တင်ဘာလ ၂၉ ရက် သောကြာနေ့က လက်မှတ်ထိုး အတည်ပြုလိုက်ပါတယ်။

ကမ္ဘာကြီးမှာ စစ်ပွဲတွေ၊ ဖိနှိပ်မှုတွေ၊ မတည်ငြိမ်မှုတွေကြောင့် ဘယ်တုန်းကမှ မကြုံဖူးလောက်အောင် နေရပ်စွန့်ခွာ ထွက်ပြေးရသူ အရေအတွက် စံချိန်တင်အောင် များပြားနေတာကြောင့် ဒုက္ခသည်တွေကို လက်ခံရေး သမ္မတ Biden ရဲ့ သဓိဌာန်ခိုင်မာတယ်ဆိုတာ ပြသတဲ့အနေနဲ့ ဒုက္ခသည် ၁ သိန်းကျော် လက်ခံဖို့ သမ္မတက လက်မှတ်ထိုးခဲ့တာလို့ နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ကြေညာချက် ထုတ်ပြန်ပါတယ်။

သမ္မတ အမိန့်အရ လက်တင် အမေရိကားနဲ့ ကာရီဘီယံ ကျွန်းနိုင်ငံတွေက ထွက်ပြေးလာကြသူတွေ အမေရိကန်ပြည်ထောင်စုမှာ အခြေချနိုင်ရေး အားထုတ်ဆောင်ရွက်မှုတွေကို အဆပေါင်းများစွာ တိုးမြှင့်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် Afghanistan နဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ၊ လူ့အခွင့်အရေးကို ကာကွယ်လှုပ်ရှားသူတွေ၊ ဘာသာယုံကြည်ချက်ကြောင့် ဖိနှိပ်ခံရသူတွေနဲ့ လိင်တမူကွဲပြားသူ LGBTQ+ အသိုင်းအဝန်းက သူတွေလို အထူးစိုးရိမ်စရာလို့ သတ်မှတ်ထားသူတွေကို ပိုတိုးမြှင့်လက်ခံဖို့ အမေရိကန်အစိုးရက ဆက်ပြီး အာရုံစိုက် လုပ်ဆောင်သွားမှာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး Blinken ကပြောပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ ဒုက္ခသည်တွေကို အစဉ်တစိုက် လက်ခံ ကြိုဆိုနေတဲ့တိုင်းပြည်ဖြစ်တယ်ဆိုတာကို သမ္မတ ပြသခဲ့တာဖြစ်တယ်လို့လည်း ဝန်ကြီး Blinken ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒုက္ခသည်ဆိုင်ရာ ဥပဒေကို ၁၉၈၀ ခုနှစ်မှာ အတည်ပြုပြီးတဲ့နောက်ပိုင်း အမေရိကန်ပြည်ထောင်စုက လက်ခံထားတဲ့ ဒုက္ခသည်ပေါင်း ၃ သန်းကျော်ကို လက်ခံခဲ့ပြီးဖြစ်တယ်လို့လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၂၀၂၄ ဘဏ္ဍာနှစ်အတွက် ဒုက္ခသည် ၁၂၅၀၀၀ အမေရိကန်လက်ခံမည်
please wait

No media source currently available

0:00 0:01:28 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG