သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခရိုင်းမီးယားရေတပ် ယူကရိန်းတိုက်ခိုက်မှုအတွက် အမေရိကန်နဲ့ ဗြိတိန်ကို ရုရှားစွပ်စွဲ


ယူကရိန်းရုရှားစစ်ပွဲမြင်ကွင်း (စက်တင်ဘာ ၂၆၊ ၂၀၂၃)
ယူကရိန်းရုရှားစစ်ပွဲမြင်ကွင်း (စက်တင်ဘာ ၂၆၊ ၂၀၂၃)

ရုရှားသိမ်းပိုက်ထားတဲ့ ခရိုင်းမီးယားဒေသက ရုရှားပင်လယ်နက် ရေတပ်စခန်း ဌာနချုပ်ရှိရာနေရာကို ပြီးခဲ့တဲ့ သီတင်းပတ်ထဲ ယူကရိန်းရဲ့ တိုက်ခိုက်ခဲ့မှုမှာ အမေရိကန်နဲ့ ဗြိတိန်တို့က ကူညီခဲ့တယ်လို့ ရုရှားဘက်က စွပ်စွဲခဲ့ပါတယ်။

ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maria Zakharova ကတော့ အဆိုပါ တိုက်ခိုက်မှုဟာ နေတိုးရဲ့ ဂြိုလ်တုနဲ့ ကင်းထောက် လေယာဉ်တွေကဲ့သို့ အနောက်နိုင်ငံတွေရဲ့ ထောက်လှမ်းရေး နည်းလမ်းတွေကို အသုံးပြုတိုက်ခိုက်တဲ့ ကြိုတင်စီစဉ် တိုက်ခိုက်မှုမျိုးလို့ ပြောပါတယ်။

မစ်ဇိုင်းဒုံးနဲ့ ပစ်ခတ်ရာမှာ အမေရိကန်နဲ့ ဗြိတိန်ထောက်လှမ်းရေးတို့က အကူအညီပေးခဲ့တယ်လို့လည်း ပြောပါတယ်။ ယူကရိန်းကို အမေရိကန်နဲ့ တခြား အနောက်နိုင်ငံတွေက စစ်လက်နက်ပစ္စည်းတွေနဲ့ လေ့ကျင့်ရေးတွေ ထောက်ပံ့ပေးထားပေမဲ့ တိုက်ခိုက်မှုမှာတော့ တိုက်ရိုက်ပါဝင်ခဲ့တာမျိုး မရှိဘူးလို့ အမေရိကန်အရာရှိတွေက ငြင်းဆိုထားပါတယ်။

မေလတုန်းက ရုရှားကို ဒရုန်းနဲ့ တိုက်ခိုက်မှုမှာ အမေရိကန် ပါဝင်ခဲ့တယ်လို့ ရုရှားက စွပ်စွဲခဲ့ရာမှာလည်း အိမ်ဖြူတော် အမျိုးသား လုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ John Kirby က ဒီစွပ်စွဲချက်ဟာ အခြေအမြစ်မရှိဘူးလို့ တုန့်ပြန်ခဲ့ပါတယ်။ ရုရှားကာကွယ်ရေး ဝန်ကြီးဌာနပိုင် ရုပ်မြင်သံကြားမှာတော့ ရုရှားပင်လယ်နက်ရေတပ်က တပ်မှူး ရေတပ်ဗိုလ်ချုပ်ကြီး Viktor Sokolov က သူ့ရဲ့ ရေတပ်က လုပ်ငန်းဆောင်တာတွေကို အောင်မြင်အောင် စွမ်းဆောင်နိုင်တယ်လို့ ပြောဆိုထားတဲ့ ရုပ်သံဖိုင်ကို ဒီနေ့ပဲ ထုတ်လွှင့် ပြသခဲ့ပါတယ်။

ခရိုင်းမီးယား ရေတပ်ဌာနချုပ်ကို မစ်ဇိုင်းဒုံးနဲ့ တိုက်ခိုက်ရာမှာ ရုရှားရေတပ်ဗိုလ်ချုပ်ကြီး သေဆုံးခဲ့တယ်လို့ ယူကရိန်းဘက်က အခိုင်အမာပြောပြီးနောက် ရုရှားရုပ်သံမှာ ဒုတိယမြောက်နေ့အဖြစ် ထပ်မံထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG