သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းစားနပ်ရိက္ခာ အရှေ့ဥရောပပိတ်ပင်မှု WTO ကို တိုင်ကြား


ယူကရိန်းစီးပွားရေးဝန်ကြီး Yulia Svyrydenko
ယူကရိန်းစီးပွားရေးဝန်ကြီး Yulia Svyrydenko

ယူကရိန်းနိုင်ငံက စားနပ်ရိက္ခာတင်ပို့မှုကို အရှေ့ဥရောပနိုင်ငံတချို့က ပိတ်ပင်ခဲ့တာနဲ့ပတ်သက်ပြီး ယူကရိန်းဟာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ကို တနင်္လာနေ့က တိုင်ကြားလိုက်ပါတယ်။

"ယူကရိန်းကုန်ပစ္စည်းတွေကို ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင်တနိုင်ငံချင်းက တားမြစ်လို့မရဘူးဆိုတာကိုသက်သေပြဖို့က ကျနော်တို့အတွက် အရေးကြီးတယ်။ ဒါကြောင့် သူတို့ကို WTO မှာ တိုင်ကြားတာပါ။" လို့ ယူကရိန်းစီးပွားရေးဝန်ကြီး Yulia Svyrydenko က ထုတ်ပြန်ပါတယ်။

ဒီယူကရိန်းကောက်ပဲသီးနှံပို့ကုန်ကိစ္စက ရုရှားရဲ့ကျူးကျော်စစ်စတင်ကတည်းက ယူကရိန်းကိုထောက်ခံပေးနေတဲ့ ဥရောပသမဂ္ဂထဲမှာ အဖွဲ့ဝင်နိုင်ငံတွေကြား သဘောထားကွဲလွဲနေတဲ့ အကြောင်းတခုဖြစ်ပါတယ်။ ဟန်ဂေရီ၊ ပိုလန်နဲ့ စလိုဗက်ကီးယားနိုင်ငံတွေက ယူကရိန်းရဲ့ကောက်နှံနဲ့အခြားစားနပ်ရိက္ခာထွက်ကုန်တွေ တင်သွင်းမှုကို အရင်အပတ်သောကြာနေ့က ပိတ်ပင်ခဲ့တာပါ။ ယူကရိန်းပို့ကုန်တွေကြောင့် သူတို့နိုင်ငံတွေက တောင်သူလယ်သမားတွေထိခိုက်တယ်လို့ အကြောင်းပြပြီး ပိတ်ခဲ့တာပါ။

စလိုဗက်ကီးယားနဲ့ ပိုလန်နိုင်ငံတွေမှာ ရွေးကောက်ပွဲတွေ ကျင်းပဖို့ရှိနေလို့ ပြည်တွင်းနိုင်ငံရေးလိုအပ်ချက်ကြောင့် ဒီလိုပိတ်ပင်တာလို့ သုံးသပ်ကြသူတွေလည်း ရှိပါတယ်။ WTO ရဲ့လုပ်ငန်းစဥ်အရ ဒီ အငြင်းပွားမှုကို နှစ်ဖက်သဘောတူတဲ့အဖြေထွက်ဖို့ အခြေခံအားဖြင့် ရက်ပေါင်း ၆၀ ညှိနှိုင်းဆွေးနွေးတာနဲ့စတင်မှာ ဖြစ်လို့ ဆုံးဖြတ်ချက်ချဖို့ကတော့ ခပ်မြန်မြန်ဖြစ်လာမှာမဟုတ်ဘူးလို့ လေ့လာသူတွေက ပြောပါတယ်။

ရုရှားဘက်က ပင်လယ်နက်ထဲမှာ ပိတ်ဆို့မှုတွေ၊ တိုက်ခိုက်မှုတွေကြောင့် ယူကရိန်းထွက်ကောက်နှံတွေကို ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေရဲ့နယ်စပ်တွေကတဆင့် ကုန်ကြောင်းကနေ ဖြတ်ကျော်ပြီး ကမ္ဘာကိုတင်သွင်းနိုင်ဖို့ ခွင့်ပြုခဲ့ရာကနေ ယူကရိန်းထွက် ဂျုံလို ကောက်နှံတွေက အရင်စစ်မဖြစ်ခင်ကထက် ဥရောပစျေးကွက်မှာ ပိုနေရာယူလာနေတာဖြစ်ပါတယ်။

XS
SM
MD
LG